ဝါရင်းဘတ်ဖက် အကြံပြုထားသော လူတိုင်းကျင့်သုံးသင့်တဲ့ အလေ့အကျင့်ကောင်း ၃ မျိုး 

warrenmoti

 
ဝါရင်းဘတ်ဖက် ဆိုတာ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်စာရင်းထဲမှာ အမြဲရှိနေတဲ့ ဘီလျံနာကြီး ဖြစ်သလို စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံမှု လောကမှာ ပြိုင်စံရှား ဂုရုကြီးလည်း ဖြစ်ပါတယ်။ ဒီလိုအောင်မြင်ကျော်ကြား လူအများလေးစားရတဲ့ ပုဂ္ဂိုလ်ကြီးက လူကြီး၊ လူငယ် အသက်အရွယ်မရွေး ကျင့်သုံးသင့်တဲ့ အလေ့အကျင့်ကောင်း တွေကိုလည်း မျှဝေပေးထားတာတွေလည်း ရှိပါတယ်။
 
ဒီစာစုလေးမှာတော့ ဝါရင်းဘတ်ဖက် အကြံပြုထားခဲ့တဲ့ အလေ့အကျင့်ကောင်းတွေ ထဲကမှ အဓိက အကျဆုံး အချက်တွေကို စုစည်း မျှဝေ​ ပေး လိုက်ပါတယ်။
 
- မိမိကိုယ်ကို ဂုဏ်သိက္ခာရှိရှိ တည်ကြည်ဖြောင့်မတ်စွာ နေထိုင်တတ်တဲ့ အကျင့်ကို မွေးယူပါ။
 
မာနကြီး တခွဲသားနဲ့ ခပ်ချေချေ နေဖို့ ဆိုလိုတာ မဟုတ်ပါ။ လူမှုရေး အရဖြစ်စေ၊ လုပ်ငန်းသဘောအရ ဖြစ်စေ၊ ကိုယ့် ပတ်ဝန်းကျင်မှာ ဖြစ်စေ၊ စီးပွားရေး လုပ်ရာမှာ ဖြစ်စေ လူအများ ယုံကြည်လေးစားထိုက်သူ ဖြစ်ပါစေ။ ယုံကြည်စိတ်ချရတဲ့သူ ဖြစ်ဖို့ဆိုတာ ကတိတည်ဖို့၊ ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံးကြိုးစားအားထုတ်ဖို့၊ မဟုတ်မမှန်တာ မလုပ်ဖို့၊ သူများဒုက္ခ ရောက်အောင် မလုပ်ဖို့၊ သမာသမတ်ရှိအောင် နေဖို့ ၊ ethic ရှိဖို့ လိုပါတယ်။
 
စီးပွားရေး လုပ်ငန်းရှင် လုပ်နေပြီး ကိုယ့် client နဲ့ ရန်ဖြစ်တဲ့သူ၊ သူများ လုပ်ထားတဲ့အရာကို ကိုယ်လုပ်ထားတာ လိုလို ဗြောင်လိမ်၊ ဗြောင်စားလုပ်တဲ့သူ၊ သူများရဲ့ ပစ္စည်းကို ယူရောင်းပြီး ရောင်းကုန်သွားတာတောင် ငွေပြန်ပေးဖို့ တွန့်ဆုတ်နေတဲ့သူ၊ သူများ ကြိုးပမ်းအားထုတ်ထားတဲ့အရာကို အရံသင့် အသုံးချချင်တဲ့သူ၊ စသဖြင့် ethic မရှိတဲ့ နေပုံထိုင်ပုံလုပ်ရပ်တွေဟာ သင့်ကိုသင် တည်ကြည်ဖြောင့်မတ်သူ မဟုတ်ကြောင်း ဖော်ပြနေရာ ရောက်စေ ပါတယ်။
 
- တိုးတက်ကြီးပွားလိုတဲ့ စိတ်နေစိတ်ထားကို မွေးယူပါ။
 
ဒီနေရာမှာ ငွေရေးကြေးရေး ကိုပဲ ဆိုလိုတာ မဟုတ်ပါ။ ပညာရေး၊ လူမှုဆက်ဆံရေး၊ စီးပွားရေး စသဖြင့် နယ်ပယ်အသီးသီးမှာ တိုးတက်မှု အဆက်မပြတ်ရှိ​နေပါစေ။ ဝါရင်းဘတ်ဖက် အမြဲပြောနေကြ စကားတခွန်းရှိပါတယ်။ "The more you learn, the more you'll earn." ဆိုသလိုဘဲ တိုးတက်ကြီးပွားဖို့ သင်ယူလေ့လာမှုတွေကို အဆက်မပြတ်စေလိုက်နဲ့၊ သင်ယူလေ့လာ ကြိုးစားအားထုတ်မှုများစွာ လုပ်လေလေ၊ ကိုယ့်အတွက် အကျိုးဖြစ်ထွန်းမှု ပိုရနိုင်လေလေပါ။
 
ကိုယ်စိတ်ပါဝင်စားရာ ပညာရပ်တွေကို တနေ့ထက် တနေ့ ပိုသိအောင်လုပ်နေသင့်ပါတယ်။ မနှစ်တုန်းက သိခဲ့တာလည်း ဒီအကြောင်းအရာကို ဒီလောက်ဘဲ၊ ဒီနှစ်မှာ ဒီအကြောင်း အရာကို ဒီလောက်ဘဲ ဆိုရင် သင်ဟာ တိုးတက်မှု ရပ်တန့်နေသူ ဖြစ်ကြောင်း ကိုယ့်ကိုကိုယ် သတ်မှတ်ရပါမယ်။ ကိုယ်စိတ်ပါဝင်စားရာ ပညာရပ်တွေတင် မကဘဲနဲ့ အသစ်အသစ်သော ပညာရပ်တွေကိုပါ လက်လှမ်းမီသလောက်လေ့လာပါ။ ဒီကနေ့ ခေတ်အခါမှာ လေ့လာမှုတွေဟာ မခက်ခဲတော့တဲ့ အနေအထားမှာ ရှိပါတယ်။ စာအုပ်တွေထဲမှာ၊ ဖုန်းထဲမှာ ၊ ကွန်ပျူတာထဲမှာ စသဖြင့် မိမိလက်လှမ်းမီတဲ့ နေရာကနေ တရက်ကို အချိန် နာရီဝက် ၊ တနာရီ စသဖြင့် လေ့လာဖို့အချိန်ပေးသင့်ပါတယ်။ ကိုယ့်မှာ အသိပညာ၊ အတတ်ပညာ နဲ့ ကျွမ်းကျင်မှု ရှိရင် ငွေကြေး နဲ့ စီးပွားရေးဟာ အလိုလို ဖြစ်ထွန်းလာနိုင်ပြီး လူမှု အသိုင်းအဝိုင်းမှာ လူအများရဲ့ လေးစားမှု ကိုတောင် ရရှိလာစေနိုင်ပါတယ်။
 
- ရိုးရှင်းစွာ နေထိုင်တတ်တဲ့ အလေ့အကျင့်ကို မွေးယူပါ။
 
တချို့သူတွေဟာ မရှိတာကို အရှိလုပ်၊ မတတ်တာကို အတတ်လုပ်ပြီး လူအထင်ကြီးခံရအောင် လုပ်ကြတာမျိုး ရှိကြပါတယ်။ တချို့သော လုပ်ငန်းတွေဆိုရင် အခြေခံဝန်ထမ်းတွေကိုတောင် ဘယ်နားမှာမှ မရှိတဲ့ ရာထူးခေါင်းစဥ် အကြီးကြီးတွေ တပ်ပေးထားပြီး လူအထင်ကြီးအောင် ဝတ်စားပြင်ဆင်ကာ မားကတ်တင်း ဆင်းခိုင်းတာမျိုးတွေရှိကြသလို၊ တချို့တွေဆိုရင် ဘာလေးပဲ ဝယ်ဝယ် ဆိုရှယ်မီဒီယာပေါ် တင်ပြီး လူသိခံချင်၊ လူအထင်ကြီးခံချင်တာမျိုး ရှိတတ်ကြပါတယ်။ တချို့ကြတော့ ကိုယ်တိုင် အရည်အချင်းမဖြည့်ဘဲ ပညာရှင်တွေ၊ ဆရာသမားတွေ၊ လူချမ်းသာတွေနဲ့ ဓာတ်ပုံတွဲရိုက်ပြီး သူတို့ကို တခြားသူတွေ အထင်ကြီးအောင်၊ လူရာဝင်အောင် တမင် လုပ်ကြတာတွေ ရှိပါတယ်။ ဒါတွေဟာ ရိုးရှင်းတဲ့ ဘဝနေထိုင်မှု မဟုတ်ပါဘူး။ အရှိကို အရှိအတိုင်း နေထိုင်တာကသာလျှင် ရိုးရှင်းတဲ့ ဘဝနေထိုင်မှု ဖြစ်ပါတယ်။
 
လူအထင်ကြီးခံရအောင် သက်သက် ကြိုးစားမှုတွေမှာ မရှိတာကို အရှိလုပ်ရတဲ့ အတွက် တချို့ဆိုရင် သူများဆီက ငွေချေးပြီး လက်ဝတ်ရတနာတွေ ဝတ်ပြကြတာ၊ အသုံးအဆောင်တွေ ဝယ်ယူကြတာ စတာတွေဟာ ကြာလေကြာလေ အကြွေးနွံနစ်ပြီး ကိုယ့်ဘဝကိုယ် ပိုပြီး နစ်မွန်း​လေလေ ရှိစေနိုင်ပါတယ်။
 
အနှစ်ချုပ်ရရင် ပညာနဲ့ ကျွမ်းကျင်မှုကို အစွမ်းကုန်ဖြည့်ပါ၊ တည်ကြည်ဖြောင့်မတ်ပါစေ၊ ရိုးဂုဏ်ရှိပါစေ လို့ ဝါရင်းဘတ်ဖက် ရဲ့ အကြံပြု စကားလေးတွေကို စာရေးသူရဲ့ အတွေ့အကြုံနဲ့ ပေါင်းစပ်ပြီး မျှဝေရေးသားလိုက်ပါတယ်။
16. 6. 2023
Photo - Google