
ငွေရှာရာမှာ ဖြစ်စေ၊ ပညာရှာရာမှာ ဖြစ်စေ၊ အလုပ်တခုခုကို ကျွမ်းကျင်အောင် လုပ်ရာမှာပဲ ဖြစ်စေ မြန်မြန်ဖြစ်မြောက်ဖို့ထက်၊ မှန်မှန် ကန်ကန် ဖြစ်အောင် လုပ်ဖို့ အလွန်အရေးကြီးပါတယ်။
အမြင့်ရောက်ချင်ဇော၊ လူအထင်ကြီးခံချင်ဇော၊ ကြွားချင်ဇော၊ ငွေများများ ရချင်ဇော စတဲ့ ဇောတွေ ကပ်ပြီး လောလောလုပ်လေလေ ၊ အမှားတွေ များများပိုလုပ်မိပြီး ရှေ့ရောက်ဖို့ကို အချိန်ပိုကြန့်ကြာသွားစေနိုင်တာမျိုး ကြုံရလေ့ရှိပါတယ်။
ကျွန်မကတော့ စာရေးသူ တယောက်၊ Trader တယောက် ဖြစ်လေတော့ စာဖတ်တာနဲ့ နမူနာပေးရရင် ကျွန်မ အနေနဲ့ ဘယ်နှရက်အတွင်း စာအုပ် အရေအတွက် ဘယ်လောက် များများဖတ်နိုင်ရမယ်ဆိုတာမျိုး မကြိုးပမ်းလိုဘူး၊ စာအုပ်တအုပ်ကနေ ပညာယူနိုင်ဖို့ အတွေးခေါ်ကောင်းတွေ ရရှိဖို့ကို ဖြေးဖြေးချင်းဖတ်ပြီး တစိမ့်စိမ့်တွေးတောတယ်၊ ဒါမှ မသိသေးတဲ့သူတွေကို ကိုယ်နားလည်သဘောပေါက်ထားသလို သေသေချာချာ ပြန်ရှင်းပြပေးနိုင်မှာလည်း ဖြစ်ပါတယ်။ လောလောဖတ်ပြီး အပေါ်ယံသိရုံနဲ့ကတော့ အလုပ်မတွင်နိုင်ဘူး။
စတော့ဂရုကြီး ဝါရင်းဘတ်ဖက်ဆိုရင် သူ့ရဲ့ဆရာလို့ ပြောလို့ရတဲ့ ဘင်ဂျမင်း ဂရေဟမ် ရေးသားပြုစုထားခဲ့တဲ့ "Security Analysis" အမည်ရှိ စာအုပ်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ထပ်ခါထပ်ခါ တစိမ့်စိမ့်ဖတ်တယ်၊ လက်တွေ့အသုံးချတယ်လို့ ပြောဖူးပါတယ်။
Trading မှာလည်း ဒီလိုပဲ အကြိမ်ရေ များများ Trade နိုင်ဖို့ အမြတ်မြန်မြန်ရဖို့ကို စိတ်မစောဘဲ ၊ မှန်မှန်ကန်ကန်အချိန်ယူပြီး လေ့ကျင့်မယ်၊ စနိုက်ပါလို အခွင့်အရေးကောင်းကို ရှာတွေ့မှပဲ Trade position ယူမယ်၊ ဆိုရင် 95% သော loser အုပ်စုထဲ ပါမှာ မဟုတ်ဘူး။ စိတ်စောလေလေ များများ Trade မိလေလေ ၊ ဆုံးဖြတ်ချက်အမှားတွေ များများလုပ်မိလေလေ ဖြစ်ရင် စောစောစီးစီး ငွေကုန် နိဂုံးချုပ် သွားမယ်။
ဒါကြောင့် "Focus on direction not speed" ပါ။ အလျင်ကို အာရုံမထားဘဲ လမ်းကြောင်းမှန်ဖို့သာ အာရုံထားသင့်ပါတယ်။
ဒီလိုပြောလို့ "ဖြေးဖြေးလုပ်ရင် ဘယ်ရောက်တော့မှာလဲ၊ ခေတ်က သွက်ရမယ့် ခေတ်ဖြစ်နေပြီ၊ လုပ်စရာရှိတာ မြန်မြန်လုပ်" ဆိုပြီးတော့ ဇောဒက တက်လို့ရပါတယ်။ အဲဒီလို ဇောဒကတက်ချင်တဲ့သူတွေ အတွက်လည်း စကားလက်ဆောင်လေး ပါးလိုက်ချင်ပါတယ်။
"When you slow down, you speed up your progress" တဲ့။ ဖြေးဖြေးမှန်မှန် သွားရင် ခရီးပိုတွင်တယ်၊ ခရီးတွင် လေလေ ရှေ့ကို မြန်မြန်ရောက်လေလေပဲ။
တကယ်တမ်းက ဖြေးဖြေးမှန်မှန် လုပ်ခြင်းကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲဆိုတော့ ...
- အသေးစိတ် ကျကျ နားလည်သဘောပေါက်လာစေနိုင်မယ်
- အားနည်းချက်၊ အားသာချက် တွေကို ပိုမြင်လာစေနိုင်မယ်
- အခွင့်အရေးကို ပိုမြင်လာစေနိုင်မယ်
- ဖြစ်မြောက်၊အောင်မြင်ဖို့ ဘယ်လိုချဥ်းကပ်ပြီး လုပ်ဆောင်ရမလဲဆိုတာ သိလာနိုင်မယ်
- အချက်အလက်တွေ များများ စုဆောင်းမိလာမယ်
- အခြေအနေ အရပ်ရပ်တို့ကို ဖြန့်ကျက်ပြီး စဥ်းစားတတ်လာမယ်
- Risk တွေကို ဘယ်လိုရှောင်ရမလဲ သိလာမယ်
စသည်.. စသည် .. ကောင်းကျိုးတွေ များစွာကို စုဗူးထဲ ထည့်စုထားသလို ရှိလာစေနိုင်မှာ ဖြစ်ပြီး လက်တွေ့ဘဝမှာ အသုံးချတဲ့ အခါ နည်းမှန်လမ်းမှန် လုပ်နိုင်တာကြောင့် စမ်းဝါးဝါး လုပ်နေကြတဲ့သူတွေထက်ပိုပြီး လိုရာ ခရီးရောက်စေနိုင်မှာ ဖြစ်ပါတယ်။
စုဗူးထဲ ငွေရှိတဲ့အခါ လိုအပ်ရင် နှိုက်သုံးဖို့ အသင့်ရှိနေသလို ၊ ကိုယ့်ရဲ့ ပညာ၊ အတွေ့အကြုံ နဲ့ စွမ်းဆောင်ရည် Skill တွေ ကို မှန်မှန်ကန်ကန် တည်ဆောက်ထားရင် အသုံးချဖို့ လိုအပ်လာတဲ့အခါမှာ နည်းစနစ်တကျ အသုံးချနိုင်မှာ ဖြစ်လို့ မြင့်သထက်အမြင့်ကိုသာ ရောက်ရှိစေမှာ ဖြစ်ပါတယ်။
ထင်ပေါ်ကျော်ကြားလိုစိတ်ကဲပြီး မြန်မြန် စင် ပေါ်ရောက် အေးရော ဆိုရင် စင်ပေါ်ရောက်ခါမှ ဘာမှ မလုပ်တတ်တော့ အရှက်ဗြန်းဗြန်းကွဲပြီး ဒလိမ့်ကောက်ကွေးပြန်ကျရင် အမြင့်ပြန်တက်ဖို့ ပိုနှောင့်နှေးနိုင်တဲ့အပြင် ဘဝကြီးကိုပါ လက်မြှောက် အရှုံးပေးလိုက်ရနိုင်တယ်။ အခန့်မသင့်ရင် ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကိုပါ ထိခိုက်နစ်နာမှုတွေ များစွာ ရှိသွားစေနိုင်တယ်။
ဒီစာကိုရေးရင်း ကျွန်မတို့ ငယ်ငယ်တုန်းက ကစားခဲ့တဲ့ Portable ဂိမ်းစက်လေးကို သတိရမိတယ်။ 90's born တွေဆိုရင် တော်တော်များများ ကစားဖူးကြပါလိမ့်မယ်။
ဂိမ်းထဲမှာ ပုံစံအမျိုးမျိုးနဲ့ ကျလာတဲ့ အုတ်ခဲလေးတွေကို ညီအောင်လိုက်စီရတာ ၊ လောလော လောလောနဲ့ စီတာ မညီရင် Gameover ဖြစ်သွားရော။
22. 9. 2023
Photo - Google