ဒီကနေ့မှာ အရင်နေ့တွေက ထက် ပိုသိ၊ ပိုတတ် နေရမယ် 

DailyKnow

 
အသက် 100 ပြည့်ဖို့ 3 လပဲ လိုတော့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး investor ကြီး Charlie Munger က ဘာပြောသလဲဆိုတော့
 
"Spend each day trying to be a little wiser than you were when you woke up."
မနက်နိုးထလာတဲ့ အချိန်တိုင်းမှာ မနေ့ကထက် ပိုပြီး အသိဉာဏ် နဲနဲပင် ဖြစ်စေ ပိုတိုးတက်လာအောင် နေ့ရက်တိုင်းမှာ ကြိုးစားသင့်တယ် လို့ ဆိုထားပါတယ်။
 
ချာလီမန်ကာဆိုတာ စတော့ဂုရုကြီး ဝါရင်းဘတ်ဖက်နဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတွေ ဖြစ်သလို၊ Berkshire Hathaway ရဲ့ ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားဆဲ၊ လက်ရှိမှာလည်း အသက် 100 နားကပ်နေတာတောင် စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေဆဲ၊ အင်တာဗျူးတွေ လက်ခံဖြေကြားဆဲ အာဂ ပုဂ္ဂိုလ်ကြီး တဦးဖြစ်ပါတယ်။
 
အထက်က စကားစုကို ပြန်ကောက်ရရင် ချာလီ ဆိုလိုတာက လူတွေဟာ ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်၊ တွေးခေါ်နိုင်စွမ်းတွေကို ဘောင်ဘင်ခတ် မထားသင့်ဘူး။ ကိုယ့်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းအတွက် ပညာဝမ်းစာဖြည့်ရာမှာ ဖြစ်စေ၊ အတွေ့အကြုံယူရာမှာဖြစ်စေ limit မထားဘဲ တစတစ ချဲ့ထွင်နေသင့်တယ်။
 
သင်ယူလေ့လာမှုဆိုတာ ကျောင်းမှာဘဲ လုပ်ရတဲ့အရာမဟုတ်ဘူး။ မသေမချင်း လုပ်နေရမယ့် အရာ ဖြစ်တယ်။
 
နေ့စဥ်ဘဝမှာ အတွေ့အကြုံ သစ်တွေ ကနေ သင်ခန်းစာယူမယ်၊ ကိုယ့်အတွက် challenge ဖြစ်နေတဲ့အရာတွေကို ကိုင်တွယ် ဖြေရှင်းနိုင်အောင် ကြိုးပမ်းမယ်၊ အခွင့်အရေးကောင်းတွေ ရအောင် ရှာဖွေမယ် ဆိုရင် ဘဝကို အကန့်အသတ်မထားဘဲ တိုးတက်ရေးလမ်းကြောင်း အမြဲပွင့်နေပြီးသား ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။
 
စာရေးသူ ငယ်ငယ်တုန်းက အင်္ဂလိပ်စာ တအားညံ့ခဲ့တယ်။ စာမေးပွဲဖြေတိုင်း အမှတ် 40 နဲ့သာ ကပ်အောင်လေ့ရှိခဲ့တယ်။ အင်္ဂလိပ်လို ဖတ်ရမှာ၊ အင်္ဂလိပ်လို ရေးရမှာ၊ အင်္ဂလိပ်လို ဖြေရမှာ အင်မတန်မှ ကြောက် ကြောက်။
 
ကြောက်လိုက်တာမှ သရဲတွေ့တာ ထက်တောင် ကြောက်...။ ကြောက်တော့ စာမလုပ်ချင် ၊ မလုပ်ချင်တော့ ပိုပြီး မသိ၊ မတတ်ဖြစ်ရော။
 
နောက်ပိုင်းတော့ အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တွေကို နေ့စဥ် ဖတ်တဲ့ အလေ့အကျင့်လုပ်လာခဲ့တယ်။ စစချင်းမှာ တကြောင်းဖတ်နိုင်ရင်ကို ကိုယ့်အတွက် အောင်မြင်မှုကြီးလိုပဲ။ တကြောင်းကနေ တပိုဒ် ၊ တပိုဒ်ကနေ တမျက်နှာ၊ တမျက်နှာ ကနေ စာမျက်နှာပေါင်းများစွာ ၊ စာအုပ်အရေအတွက်များစွာ ဖတ်နိုင်လာတယ်။ နေ့စဥ် ပိုပိုတိုးပြီး လေ့လာ ဖတ်မှတ်ရာကနေ တိုးတက်မှုက တရွေ့ရွေ့ တက်လာတာပဲ။
 
မနှစ်တုန်းက ဖတ်ရခက်ပြီး နားမလည်နိုင်ခဲ့တဲ့ စာအုပ် တအုပ်ကို အခုနေ တရေးနိုး ကောက်ဖတ်လိုက်တော့ လွယ်နေရော။ ဒါဟာ မနှစ်ကထက် ပိုသိပိုတတ်လာလို့ မခက်ခဲတော့တာ။ တိုးတက်လာတယ်ဆိုတဲ့ သက်သေခိုင်လုံတယ်။ အကယ်၍ ဒီနှစ်မှာလည်း ခက်နေတုန်းဆိုရင် မနှစ်ကအတိုင်း အာပေတူး အဆင့်မှာ ရပ်နေလို့ပဲ။
 
တချို့ကြတော့ ဘွဲ့ဓာတ်ပုံ ဧည့်ခန်းမှာ ချိတ်၊ နေရာ တကာမှာ ကိုယ့်ရဲ့ credentials တွေကို ထည့်ပြောနေပေမယ့် နေ့စဥ် ဆက်လက် လေ့လာမှုတွေ မလုပ်ရင် အဲဒီအဆင့်မှာပဲ ရပ်နေတာမျိုးတွေလည်း ရှိကြတယ်။ အသက်တွေ ကြီးလာတော့ သူတို့သိထားတာတွေက ဘောင်မဝင် ဖြစ်သွားကြပြန်ရော။
 
သင်ယူလေ့လာချင်စိတ်ရှိရင် ကျောင်းတက်မှရယ် မဟုတ်ဘူး၊ ရှေးရှေး တုန်းကလို ရှင်ဒိသာပါမောက် ဆီမှာ သုံးနှစ်သုံးမိုး ခြေလျင်ခရီးသွားပြီး သင်ရလောက်အောင်လည်း မခက်ခဲတော့။ စာအုပ်တွေ ကနေ၊ ဆရာကောင်းသမားကောင်းတွေနဲ့ စကားဖောင်ဖွဲ့ရာကနေ၊ youtube, google, etc.. တို့ကနေ သင်ယူလေ့လာလို့ရတဲ့ နေရာတွေဆိုတာ ပေါချင်း သောချင်း။
 
နေ့စဥ် လေ့လာသင်ယူမှုတွေကို တစိုက်မတ်မတ် လုပ်နေရင်...
- Decision-making စွမ်းရည် ပိုကောင်းလာမယ်
- Critical thinking ပိုကောင်းလာမယ်
- အလုပ်အကိုင် နဲ့ အခွင့်အလမ်းတွေလည်း ရွေးချယ်စရာတွေ ပေါလာမယ်
- ပညာမြင့်လေ ဝင်ငွေ ပိုကောင်းလာနိုင်လေ
- ဟိုလူပြောလို့ ၊ ဒီလူပြောလို့ ဆိုတဲ့ သူများလွှမ်းမိုးမှု လောင်းရိပ်အောက်ကနေ လွတ်မြောက်လာမယ်
- လူတွေရဲ့ စိတ်နေသဘောထားကိုတောင် အကဲခတ်နိုင်တဲ့ စွမ်းရည်တွေ ရှိလာစေနိုင်မယ်
စသဖြင့် အစစအရာရာ အရင်ကထက်ပိုတိုးတက် လာမယ် ၊ ပိုအဆင်ပြေလာနိုင်မှာပဲ ဖြစ်ပါတယ်။
 
ဒါကြောင့် ချာလီမန်ကာ ပြောသလို နေ့စဉ် သင်ယူလေ့လာအားထုတ်မှုကို အဆက်မပြတ်စေဘဲ Life Long Learning လုပ်ကြဖို့ ထပ်မံ တိုက်တွန်းလိုက်ပါရစေ။
 
28. 9. 2023