
မိတ်ဆွေဟာ Trading/ Investing နယ်ပယ်မှာ ဆယ်စုနှစ်လောက် ကြာသည်အထိ အတွေ့အကြုံများစွာ ရှိခဲ့ရင်တောင် 2020, 2022 ကဲ့သို့သော နှစ်ကာလတွေမှာတော့ တကြိမ်မှ မကြုံဖူးတဲ့ သင်ခန်းစာ အသစ်တွေ များစွာ ရရှိခဲ့မည်ဟု အခိုင်အမာပြောလို့ရပါသည်။
2020 ခုနှစ်တုန်းကဆိုလျှင် Covid-19 ကပ်ရောဂါကြောင့် ကမ္ဘာ့ဘဏ္ဍာရေးစျေးကွက်ထဲမှာ ကသောင်းကနင်းဖြစ်မှု များစွာ ရှိခဲ့သည်။ 2020 ခုနှစ် မတ်လတုန်းကဆိုလျှင် အမေရိကန် Fed ဗဟိုဘဏ်ကြီးက အရေးပေါ် အတိုးနှုန်း လျှော့ချမှုကို တလထဲမှာတင် 2 ကြိမ်တိုင်တိုင် လုပ်ခဲ့ပြီး သက်တမ်းတလျှောက် အနိမ့်ဆုံး အတိုးနှုန်း 0.25% အထိ လျှော့ချခဲ့သည်။
ပုံမှန် အနေအထားမှာ ဗဟိုဘဏ်က ငွေကြေးပေါ်လစီ ဖြေလျှော့ခြင်း (သို့မဟုတ်) အတိုးနှုန်း လျှော့ချခြင်းကို လုပ်ဆောင်ပါက ၎င်းနိုင်ငံ၏ ငွေကြေးတန်ဖိုးကို ကျဆင်းမှု ဖြစ်ပေါ်စေသော်လည်း ကပ်ရောဂါ အပေါ် စိုးရိမ်ပူပန်မှု ကြီးမားခဲ့သည့် အတွက်ကြောင့် "Cash is King!" ဆိုသည့်အတိုင်း ဒေါ်လာကို လက်ဝယ်ထားမှု တိုးခဲ့ကြလို့ ၎င်းမတ်လထဲတင် ဒေါ်လာညွှန်းကိန်းဟာ 4 နှစ်အတွင်း အမြင့်ဆုံး Level ဖြစ်သော 103.72 အထိ မြင့်တက်မှု ရှိခဲ့ပါသည်။
၎င်းအချိန်အခါမျိုးမှာ အတိတ်ကကြုံတွေ့ခဲ့ဖူးသည့် ဗဟိုဘဏ်ငွေကြေးပေါ်လစီ နှင့် ငွေကြေးတန်ဖိုး ဆက်နွှယ်ချက်ကို ပုံသေ မှတ်ယူထားပြီး အရောင်းအဝယ်တွေ လုပ်နေပါက ဆုံးရှုံးမှု ဘက်များစွာ ရှိသွားနိုင်သည်။
ကမ္ဘာ့နိုင်ငံ အရပ်ရပ်တို့မှ ဗဟိုဘဏ်များသည်လည်း Fed ခြေရာလိုက်နင်းခဲ့ကြရသည် ဖြစ်၍ ကိုဗစ်ကာလအတွင်း၌ ငွေကြေးပေါ်လစီ ဖြေလျှော့မှုကို ကျင့်သုံးခဲ့ကြသည်။ ငွေကြေးပေါ်လစီ ဖြေလျှော့ရေးကို အချိန်ကြာမြင့်စွာ ကျင့်သုံးရသည့် ဆိုးကျိုးဆက်အနေဖြင့် ကမ္ဘာ့နိုင်ငံ အရပ်ရပ်တို့မှာ အင်ဖလေးရှင်း မြင့်တက်သည့် ဒဏ်ကို ရင်ဆိုင်ခဲ့ကြရသည်။ ထိုအခါ အင်ဖလေးရှင်း ဒဏ်ကို ကာကွယ်နိုင်သည့် ပကတိတန်ဖိုးရှိသော ရွှေကို Safe haven လုပ်ကြရသည်ဖြစ်ရာ 2020 သြဂုတ်လထဲမှာတင် ကမ္ဘာ့ရွှေစျေးနှုန်းက သက်တမ်းတလျှောက်အမြင့်ဆုံးစျေး တအောင်စကို $2075 အထိ ရောက်ရှိခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာ စတော့စျေးကွက်ထဲမှာ ကပ်ရောဂါဒဏ်က်ု ခံနိုင်ရည် မရှိသော စတော့အမျိုးအစားများကတော့ စျေးနှုန်း ထိုးကျမှု ရှိခဲ့သလို ၊ ကပ်ရောဂါကာလအတွင်း မရှိမဖြစ် လိုအပ်သော ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ ဆေးဝါး၊ နည်းပညာ စသည်တို့ကို အခြေခံသော လုပ်ငန်းရှိသည့် စတော့အမျိုးအစားများကတော့ အတက်ဘက်များစွာ ရှိခဲ့ကြသည်။
2022 ခုနှစ်မှာလည်း ဘဏ္ဍာရေး စျေးကွက်အတွင်း အက်ဆက်တွေရဲ့ စျေးနှုန်း ကသောင်းကနင်းဖြစ်မှု များစွာ ကြုံခဲ့ရသည်။ 2022 ဖေဖော်ဝါရီလ 24 ရက်နေ့မှာ ရုရှား - ယူကရိန်း စစ်ပွဲ စတင်ခဲ့ပြီးတဲ့နောက် ရုရှားဆီမှ ရေနံ ဝယ်ယူမှုကို ကြဉ်ဖယ်ခဲ့ကြသည်။ ကမ္ဘာ ရေနံစျေးနှုန်း တစည်ကို $124 အထိ ရောက်ရှိခဲ့ပြီး 14 နှစ်တတာ ကာလအတွင်းမှာ အမြင့်ဆုံး စျေးအဖြစ် စံချိန်တင်မြင့်တက်ခဲ့ပါသည်။
ထို့အတူ တတိယ ကမ္ဘာစစ်ဖြစ်မည့် အလားအလာအပေါ် စိုးရိမ်ပူပန်မှုတွေ ရှိကြလို့ ရွှေကို Safe haven လုပ်ခဲ့ကြရာ ကမ္ဘာ့ရွှေစျေးနှုန်းဟာ $2070 ကို တကျော့ပြန်ထိခဲ့သည်။ ၎င်းနောက် 2022 ခုနှစ်ထဲမှာတင် အမေရိကန်လိုမျိုး ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံတောင်မှ အင်ဖလေးရှင်းနှုန်း 9.1% အထိ မြင့်တက်ခဲ့မှုကြောင့် Fed ဗဟိုဘဏ်ဟာ အတိုးနှုန်းတိုးခြင်း အကျော့သံသရာ ကို စတင်ခဲ့တာ လက်ရှိအချိန်ထိပင် ဖြစ်သည်။ 2022 ခုနှစ် တလျှောက်လုံး Fed ဗဟိုဘဏ် အတိုးနှုန်း တိုးသည့် အကျိုးဆက်က ကမ္ဘာ့ရွှေစျေးကွက်၊ စတော့စျေးကွက် နှင့် ခရစ်တိုစျေးကွက်တို့အပေါ် ဖိအားများစွာ ဝင်စေခဲ့သည်။
အတက်ကြမ်း ၊ အကျကြမ်းသည့် စျေးကွက် အတွေ့အကြုံအသစ်တွေ၊ ပုံမမှန် သည့် စျေးနှုန်းလားရာပြောင်းလဲမှုတွေ၊ ဖြစ်ရိုးဖြစ်စဉ်နှင့် သွေဖယ်သည့် စျေးနှုန်း ဆက်နွှယ်မှုတွေ များစွာ ကြုံတွေ့ခဲ့ကြရပါသည်။
မည်မျှ အတွေ့အကြုံများသည့် Trader, Investor တွေ ဖြစ်ပါစေ၊ ၎င်းနှစ်အပိုင်းအခြား ကာလတွေမှာတော့ အခက်အခဲတွေ၊ သင်ခန်းစာယူစရာတွေ၊ အတွေ့အကြုံသစ်တွေ များစွာ ရနိုင်ပေလိမ့်မည်။
ထို့ကြောင့် Trading, Investing ပညာရပ်ဆိုတာ အခုလုပ်ငန်းစတင်မည်ဆိုမှ အခုချက်ချင်း ကောက်ခါငင်ခါ လေ့လာပြီး လုပ်လို့ရတဲ့ အလုပ်မျိုး မဟုတ်ဘူးဆိုတာ အပ်ချမှတ်ချပြောရဲပါသည်။ အတွေ့အကြုံရအောင် အရင်လေ့လာရသည့် အလုပ်မျိုး ဖြစ်သည့်အတွက်ကြောင့် လေ့လာထားခြင်းဟာ အကျိုးမယုတ်စေဘဲ၊ လက်တွေ့ အသုံးချဖို့အခွင့်အရေးကောင်း ရှိလာသည်နှင့် တပြိုင်နက် "အခွင့်အရေးကောင်းကို အမိအရ ဆုပ်ကိုင်" နိုင်ကြမည် ဖြစ်ပါကြောင်း စာရေးသူ အင်မတန်မှ ရိုသေလေးစားရသည့် ဆရာကြီး ဦး' ရဲမြင့် (စွန့်ဦးထီထွင်) ၏ စာအုပ်အမည်ကို ယူသုံးပြီး ရေးသားမျှဝေလိုက်ပါသည်။
29. 4. 2023
Photo - google