မှတ်သားလိုက်နာစရာ ကမ္ဘာ့ဒုတ်ိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Elon Musk ရဲ့ အကြံပြုစကား 

ElonT

 
     1997 ခုနှစ်တုန်းက Pennsylvania တက္ကသိုလ် Wharton School ကနေ ဘွဲ့ရ ပြီးခါစ လူငယ်လေး တယောက်ဟာ Sillicon Valley မှာ ရှိတဲ့ ဆော့ဖ်ဝ်နည်းပညာ ကုမ္ပဏီတခုမှာ အလုပ်လျှောက်ခဲ့ရာ အရွေးမခံခဲ့ရပေ။
 
     ၎င်းလူငယ်လေးဟာ တခြားသူမဟုတ် လက်ရှိမှာတော့ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် 2 နေရာ၌ ရောက်ရှိနေသည့် Elon Musk ပဲ ဖြစ်ပါသည်။ Elon Musk ဟု ဆိုလိုက်ရင် အာကာသနည်းပညာ လုပ်ငန်းကုမ္ပဏီကြီး SpaceX ၊ လျှပ်စစ်မော်တော်ကား ကုမ္ပဏီကြီး Tesla နှင့် ထိပ်တန်း ဆိုရှယ်မီဒီယာ Twitter တို့ရဲ့ CEO အဖြစ် လူသိများကြပြီးသား ဖြစ်ပါသည်။
 
     Elon Musk ဟာ ဒေါ်လာ 200 ဘီလီယံ ကို တဦးတည်းပိုင်ဆိုင်သူအဖြစ် ကမ္ဘာ့စံချိန်ချိုးထားခဲ့သည့် သူဋ္ဌေးကြီး ဖြစ်ပြီး ယနေ့မှာတော့ သူ့ရဲ့ အသားတင် ချမ်းသာကြွယ်ဝမှု တန်ဖိုးဟာ ဒေါ်လာ 176.9 ဘီလီယံ ရှိကြောင်း Forbes မှ စာရင်းအရ သိရှိရပါသည်။
 
     Elon Musk ရဲ့ အင်တာဗျူးတွေ နားထောင်တိုင်းမှာ အတုယူစရာ၊ သင်ခန်းစာယူစရာတွေ များစွာ တွေ့နိုင်ပါသည်။
 
     ၎င်းတို့ထဲမှာ လူအများစုတို့ အတွက် သင့်လျော်သော အကြံပြုချက် တခုကတော့...
     "Don’t attach yourself to a person, place, an organization or a project. Attach yourself to a mission, a calling, a purpose only. That’s how you keep your power and your peace".
     " လူပုဂ္ဂိုလ် တဦး အပေါ်ဖြစ်စေ၊ နေရာဒေသ တခုအပေါ်ဖြစ်စေ၊ အဖွဲ့အစည်းတခုအပေါ်ဖြစ်စေ (သို့မဟုတ်) လုပ်ငန်းစီမံကိန်း တခုအပေါ်ဖြစ်စေ ၎င်းတို့ထဲမှာ မိမိကိုယ်ကို နစ်မြှုပ် တွယ်တာမှု မဖြစ်စေပါနဲ့။ မိမိဘဝမှာ ဖြစ်ချင်တဲ့ အထူးဦးစားပေး တာဝန်၊ ဘဝပေးတာဝန်၊ ရည်မှန်းချက် တို့နဲ့သာ ကိုယ့်ကိုကိုယ် တွဲဖက်ထား သင့်ပါတယ်။ ဒါမှသာ သင့်မှာ ကိုယ်ရည်ကိုယ်သွေး ပါဝါတွေ ရှိနေ​စေပြီး အောင်မြင်မှုနဲ့ သဟဇာတ ရှိစေမှာလည်း ဖြစ်ပါတယ် "
ဟူ၍ ဖြစ်ပါသည်။
 
     Elon Musk ရဲ့ အကြံပြုစကားလေးကို ကြားလိုက်သည်နှင့် ကျွန်မတို့ ပတ်ဝန်းကျင်မှာ ခေါက်ရိုးကျိုးနေသည့် အလေ့အထတွေကို တွေးကြည့်မိရင်း ဤ စာစုလေးကို မျှဝေလိုက်ပါသည်။
 
     ကျွန်မတို့ ပတ်ဝန်းကျင်မှာ လူပုဂ္ဂိုလ် တဦး တယောက်အပေါ် ယုံကြည်မှု ရှိပြီဆိုရင် မှားသည်၊ မှန်သည် မစဉ်းစားတော့ဘဲ မျက်စိစုံမှိတ် ယုံကြတာမျိုး၊ လက်တွေ့ သဘောထက် ထိုသူပြောတာကမှ အမှန်ဆိုတာမျိုး ဇွတ်ယုံချင်ကြသည်။ တခုခုဆိုရင် သင့်တော်မှန်းမသိ၊ မသင့်တော်မှန်းမသိ ထိုသူကိုမှ အကြံဉာဏ်တောင်းလိုက်ရမှ ဆိုတာမျိုး အကျင့်တွေ ရှိတတ်ကြသည်။
 
      ဆက်၍ဆိုရရင် မိမိ နေထိုင်သည့် မြို့၊ ရွာ၊ အလုပ်၊ ရုံး၊ ဌာနတို့ကို တွယ်တာပြီး မကောင်းမှန်းသိနေရင်တောင် မစွန့်ပယ်ချင်ကြဘဲ တိုးတက်ရာတိုးတက်ကြောင်း အသစ်အဆန်း တခုခုကို ပြောင်းလဲဖို့ရာ သတ္တိနည်း၊ ဝန်လေးတတ်ကြသူတွေလည်း များစွာရှိနေကြတာကို မြန်မာနိုင်ငံ၌ များစွာတွေ့ရတတ်ပါသည်။
 
15. 5. 2023