
ကမ္ဘာပေါ်၌ ထင်ရှားကျော်ကြားပြီး လူသိများကြသော ဘီလျံနာသူဋ္ဌေးကြီးတွေလည်း ရှိကြသလို၊တချို့သောဘီလျံနာ သူဋ္ဌေးကြီးတွေကတော့ ထင်ပေါ်ကျော်ကြားမှု မရှိကြတာမျိုးတွေလည်း ရှိကြပါသည်။ Thomas Tull ဆိုသူ ဘီလျံနာသူဌေးကြီးကတော့ ထင်ပေါ်ကျော်ကြားမှု နည်းသော်လည်း အတုယူစရာကောင်းသည့် ကိုယ့်ထူးကိုယ်ချွန်သမား တယောက်ဖြစ်သည့်အတွက် သူ၏အကြောင်းကို အခုလို မိတ်ဆက်ပေး ရေးသား မျှဝေပေးခြင်းလည်း ဖြစ်သည်။
လက်ရှိအချိန်၌ အသက် ၅၁ နှစ်ရှိပြီ ဖြစ်သော ဘီလျံနာသူဋ္ဌေးကြီး သောမတ်စ်ဟာ ငယ်ဘဝတုန်းက နယူးယောက်မြို့ တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်ကလေး တခုမှာ နေထိုင်ခဲ့ရသည်။ တခုလပ် မိခင်၏ ပြုစုပျိုးထောင်မှု အောက်မှာ ကြီးပြင်းလာခဲ့ရသူ ဖြစ်ပြီး သောမတ်စ်မှာ ညီမလေး နှစ်ယောက်လည်း ရှိသေးပါသည်။ သောမတ်စ်၏ မိခင်ဟာ ကလေး သုံးယောက်၏ စရိတ်ကို လုံလောက်စွာ ရှာဖွေနိုင်ရန် အလုပ် နှစ်မျိုး လုပ်ခဲ့ရသည်။ ထို့ကြောင့် မိခင်၏ အခက်အခဲကို ကူညီနိုင်ရန်အတွက် သောမတ်စ်ဟာ အရွယ်မရောက်သေးသည့် ငယ်စဉ်တောင်ကြေး ကလေးဘဝကတည်းကပင် ရပ်ကွက်ထဲ၌ ကြုံရာကျပမ်း အလုပ်များကို ရှာကြံလုပ်ခဲ့ရ ရှာသည်။ သူများ အိမ်တွေမှာ မြက်လိုက် ရိတ်ပေးခြင်း၊ လမ်းပေါ်မှာ ပုံနေသော နှင်းခဲများကို ဂေါ်ပြားကြီးဖြင့် ကျုံးပေးခြင်း အပါအဝင် အခြားသော တောက်တိုမည်ရ အလုပ်များစွာတို့ကို ကလေးဘဝတလျှောက်လုံး၌ လုပ်ကိုင်ခဲ့ရသည်။
သောမတ်စ်ဟာ စူးစမ်းတတ်သည့် ဉာဉ်ရှိပြီး နှံ့နှံ့စပ်စပ် လေ့လာနေတတ်သူလည်း ဖြစ်သည့် အလျောက် လူချစ်လူခင်လည်း ပေါများသူလည်း ဖြစ်ပါသည်။ ကောလိပ်ကျောင်းသားအရွယ်မှာ စာတော်သူတဦး၊ ထူးချွန် အားကစားသမားတဦး ဖြစ်ခဲ့ပြီး သိပ္ပံပညာ၊ ဂီတပညာ တို့ကို လေ့လာလိုက်စားသူလည်း ဖြစ်ခဲ့သည်။ ကြမ်းတမ်းခက်ခဲသော ဘဝဖြင့် ကြီးပြင်းလာရသူ ဖြစ်သောကြောင့် သောမတ်စ်ဟာ ဆင်းရဲတွင်းမှ လွတ်မြောက်ချင်ခဲ့သည်။ စွန့်ဦးတီထွင်လုပ်ငန်းရှင် တဦးဖြစ်ချင်သည့် ရည်မှန်းချက် ကြီးကြီးမားမား ထားရှိခဲ့သည်။
"ကျွန်တော် ငယ်စဉ်ကတည်းက သူများအတွက် အလုပ်မလုပ်ချင်ခဲ့ဘူးဗျာ၊ ကျွန်တော့် ကိုယ်ပိုင် အိုင်ဒီယာနဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းမျိုးကို လုပ်ချင်ခဲ့တာ၊ သူများအလုပ်လုပ်နေသရွေ့ ဆင်းရဲတွင်းထဲကနေ ရုန်းထွက်ဖို့ မလွယ်နိုင်ဘူးဆိုတာ ကျွန်တော် ငယ်ကတည်းက သိနေခဲ့တယ်" ဟု သောမတ်စ်က အင်တာဗျူးတခု၌ ပြောကြားခဲ့ပါသည်။
၁၉၉၀ နှစ် အစောပိုင်း၌ ကားဝပ်ရှော့ဆိုင်လေး ဖွင့်ခဲ့ပြီး သောမတ်စ်ဟာ သူ၏ အိမ်မက်ကို စတင် အကောင်အထည်ဖော်ခဲ့သည်။ သောမတ်စ်ဟာ ၎င်းအချိန်တုန်းက ကားဝပ်ရှော့သာ ဖွင့်လိုက်သော်လည်း ကား ဆီကန်လဲပေးတာမျိုး လောက်တောင်မှ မလုပ်တတ်သေးခဲ့ပေ။ စတင်လုပ်ကိုင်သည့် ကာလမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ များစွာ ရှိခဲ့သည်။ သို့သော် လူတွေဟာ ကားအစိတ်အပိုင်း တခုခု ပျက်စီးယိုယွင်းမှု ရှိလာလျှင် ကားအသစ် ဝယ်စီးခြင်း မလုပ်နိုင်ဘဲ ပျက်စီးသည့် အစိတ်အပိုင်းကိုသာ ပြုပြင်ပြီး သုံးကြမည်ဖြစ်၍ ကားအစိတ်အပိုင်းပြင်သည့် လုပ်ငန်းဟာ ရေရှည်ကာလ၌ အဆင်ပြေလိမ့်မည်ဟု ယူဆပြီး လုပ်ကိုင်ခဲ့သည်။
သောမတ်စ်၏ ဝပ်ရှော့စင်တာ၌ ကားအပိုပစ္စည်းများကို လာတင်ရောင်းသော အရောင်းကိုယ်စားလှယ်ရှိသည်။ ပစ္စည်း ကိရိယာ သေးသေးမွှားမွှားလေးများကို ခဏခဏ လာတင်လိုက်၊ ပြန်လာသိမ်းလိုက်၊ အသစ်ပြန်လာထားလိုက်ဖြင့် ရှိသောကြောင့် သောမတ်စ်က အပိုပစ္စည်း အရောင်းကိုယ်စားလှယ်အား "ခင်ဗျားတို့ ကိရိယာသေးသေးလေးတွေ ပြားဂဏန်းလောက် မြတ်တာဗျာ၊ အကုန်လုံးစုစည်းပြီး တခုခုလုပ်စမ်းပါ၊ ဘာလုပ်လို့ရနိုင်မလဲ ဆိုတာ ကျွန်တော် စဉ်းစားပေးပါရစေ" ဟု ပြောခဲ့သည်။ ၎င်းနောက် စက်ပစ္စည်းများကိုလည်း စုစပ်တီထွင်တာမျိုးတွေ လုပ်ခဲ့သည်။
အသေးစားလုပ်ငန်းများကိုလည်း ချဲ့ထွင် လုပ်ကိုင်ခဲ့သေးသည်။ အဝတ်လျှော်စက်များ ထားရှိပြီး အဝတ်လျှော် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများ၊ Tax ဝန်ဆောင်မှုလုပ်ငန်းများ စသည်တို့ကိုလည်း လုပ်ကိုင်ခဲ့သည်။ အသက် ၂၀ ကျော်ကာလတလျှောက် ကိုယ်ပိုင်လုပ်ငန်းကို စတင်ခြင်း၊ ချဲ့ထွင်ခြင်းများ ပြုလုပ်ခဲ့သည်သာမက အခြားသော လုပ်ငန်းများမှာပါ ရင်းနှီးမြှုပ်နှံမှုများ လုပ်ခဲ့ပါသည်။ လုပ်ငန်းသေးသေးလေးမှ အစပျိုး၍ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းများ၊ နည်းပညာလုပ်ငန်းများ အထိ တိုးချဲ့လုပ်ကိုင် နိုင်လာခဲ့သူလည်း ဖြစ်သည်။
သောမတ်စ်၏ ထင်ရှားသော လုပ်ငန်းတခုကတော့ ၂၀၁၇ နှစ်တုန်းက စတင် တည်ထောင်ခဲ့သည့် Tulco AI insurance ဖြစ်ပြီး ၎င်း Tulco လုပ်ငန်းကို ၂၀၂၀ ခုနှစ် ဇူလိုင်လတုန်းကတင် Acrisure Fintech ကုမ္ပဏီကြီးအား ဒေါ်လာ သန်း ၄၀၀ ဖြင့် ရောင်းချမှု လုပ်ခဲ့သည်။ သောမတ်စ်က နည်းပညာ နှင့် သိပ္ပံလုပ်ငန်း ကုမ္ပဏီများ၌လည်း ရင်းနှီးမြှုပ်နှံမှု များစွာ လုပ်ထားပါသည်။
သောမတ်စ်က လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက စတော့ ဂုရုကြီး ဝါရင်းဘတ်ဖက် နှင့် စကားလက်ဆုံ ပြောခွင့်ခဲ့ရသည့် အချိန် အခိုက်အတန့်ဟာ သူ၏ ဘဝမှာ လွန်စွာမှ တန်ဖိုး ရှိကြောင်းကိုလည်း ပြောပြထားသည်။ ဝါရင်း နှင့် တွေ့ဆုံခဲ့ချိန်တွင် သောမတ်စ်က "ကျွန်တော်တို့ လုပ်ငန်းတွေကို ကောင်းသထက် ကောင်းအောင် ကြိုးစားနေတယ်" ဟု ဆိုခဲ့ရာ၌ ဝါရင်းက "မဟုတ်ဘူး၊ အဆိုးဆုံး အခြေအနေအတွက် ကြိုးစားသင့်တယ်" ဟု ဆိုခဲ့သည်။ ၎င်းနောက် သောမတ်စ်က လုပ်ငန်းတိုင်း အတွက် အဆိုးဆုံး အခြေအနေမှာ ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုသည့် အတွေးကို ခေါင်းထဲထည့်ထားပြီး ဖြေရှင်းလုပ်ဆောင်ကြောင်း လူငယ်စွန့်ဦးတီထွင်များကို စကားလက်ဆောင် ပါးခဲ့ပါသည်။
ဆင်းရဲသည့် ဘဝကနေ ရုန်းကန်ခဲ့ရသောကြောင့် သောမတ်စ်ဟာ ကိုယ်ချင်းစာ တရားကြီးမားပြီး အလှူအဒါန်းလည်း ရက်ရောသူ ဖြစ်သည်။ COVID-19 ကာလမှာ PPE ဝတ်စုံအတွက် ဒေါ်လာ 4.2 သန်း လှူဒါန်းခဲ့သေးသည်။
ဘီလျံနာသူဋ္ဌေးကြီး သောမတ်စ် ပြောခဲ့သလိုပင် ယခုစာကို ဖတ်နေကြသော စာဖတ်မိတ်ဆွေများ ကိုရော What’s the dumb thing you could do here? ဟု မေးရင်း နိဂုံးချုပ် လိုက်ပါသည်။
22. 8. 2021
Two years ago က စာကို ပြန်တင်ခြင်းဖြစ်သည်။