အလေ့အကျင့်ကောင်း မွေးထားရင် Moti ဆရာတွေ မလိုအပ်ဘူး 

Moti
     ဒီနေ့ခေတ်မှာ လူကြီးလူငယ်မရွေး အများစုတို့ဟာ ကိုရီးယား ဇာတ်လမ်းတွဲတွေ ကြည့်ဖူးကြပါတယ်။ ဇာတ်လမ်းတွဲကို စွဲနေပြီးတော့ မကြည့်ရမနေနိုင်ဖြစ်ကြတာတွေ ရှိကြတယ်။ တချို့ဆိုရင် ထမင်းစားရင်း၊ ဟင်းရွက်သင်ရင်း၊ စျေးရောင်းရင်းနဲ့တောင် ဇာတ်လမ်းတွဲကြည့်တဲ့ အထိကို အကျင့်ပါနေတာမျိုးတွေ တွေ့ဖူးကြပါလိမ့်မယ်။
 
ကြည့်နေတဲ့ ဇာတ်လမ်းတွဲက ဇာတ်သိမ်းသွားပြီဆိုရင် ဇာတ်လမ်းတွဲကြည့်နေကြအချိန်တိုင်း ရင်ထဲ ဟာတာတာဖြစ်ကြပြီးတော့ နောက်ထပ်ဇာတ်လမ်းတွဲ အသစ်တွေ ပြန်စကြည့်မိ၊ ပြန်စွဲတော့တာပဲ။ အဲဒါဟာ ဇာတ်လမ်းကြည့်နေကြအချိန်မှာ ကြည့်နေချင်တဲ့ အလေ့အကျင့်ဖြစ်သွားပြီး ဇာတ်လမ်းတွဲတွေ အပေါ် သာယာတဲ့ စိတ်ဝင်သွားလို့ပဲ ဖြစ်ပါတယ်။
 
စာလေ့လာသင်ယူတာပဲ ဖြစ်စေ၊ စာအုပ်တွေ ဖတ်တာပဲဖြစ်စေ၊ အလုပ်လုပ်တာပဲ ဖြစ်စေ နေ့စဥ် အလေ့အကျင့်ရှိထားပြီး အဲဒီလုပ်ဆောင်ချက်တွေအပေါ်မှာ သာဟာမှုရှိသွားခဲ့ပြီ ဆိုရင် အလေ့အကျင့်ကို ချိုးဖောက်ဖို့ မလွယ်ကူတော့ပါဘူး။ တချို့က စာလုပ်ချင်စိတ်မရှိဘူး၊ အလုပ်လုပ်ချင်စိတ်မရှိဘူး စိတ်ဓာတ်ကျတယ် Moti လိုတယ် ပြောကြတယ်ပေါ့နော်။
 
တကယ်တမ်းက ဇာတ်လမ်းတွဲကြည့်သလိုပဲ နေ့စဥ်စာလုပ်တဲ့ အကျင့်လေးတခု ၊ အလုပ်ကို ဘယ်သူမှ ခိုင်းစရာမလိုဘဲ ကိုယ်တိုင်ကြိုးပမ်းလုပ်ဆောင်ချင်တဲ့ အကျင့်လေး တခု ကို ရအောင်မွေးထားရင် စာလုပ်ရမယ့်အချိန်မှာ စာမလုပ်ရရင် စိတ်ထဲ ဟာတာတာ ဖြစ်နေမှာ ဖြစ်သလို၊ အလုပ်လုပ်ရမယ့်အချိန်မှာ လက်ဖက်ရည်ဆိုင်ထိုင် မိနေရင်တောင် မြန်မြန်ပြန်ချင်စိတ်က ဖြစ်နေမှာပါပဲ။
 
စာဖတ်ဖို့ကိုတောင် သူများတိုက်တွန်းတဲ့ စကားသံကြားရမှ စာဖတ်မယ်ဆိုကတည်းက မိမိဟာ တခုခုတော့ မှားနေပြီလို့ ကိုယ့်ကိုကိုယ် ဝေဖန်သုံးသပ်ရမှာ ဖြစ်ပြီး ဘယ်သူ့ဆီကမှ တိုက်တွန်းချက်မလို၊ နေ့စဥ်စာဖတ်မယ့် အသိစိတ်နဲ့ အလေ့အကျင့်ကောင်းတွဲမိသွားပြီဆိုရင်တော့ စာဖတ်နေကြအချိန်မှာ အလိုလို စာဖတ်ချင်စိတ်ဆိုတာ ရှိလာနေမှာပဲ ဖြစ်ပါတယ်။
 
4. 9. 2023