
မျက်မှောက်ခေတ်မှာ ပြိုင်ဘက်မရှိ လျှမ်းလျှမ်းသောက် အောင်မြင်နေတဲ့ Apple ကုမ္ပဏီရဲ့ iPhone ရောင်းအားကို ကြည့်ရင် 2 ရက်တာအတွင်းမှာတင် အိုင်ဖုန်း အလုံးရေ 1.4 သန်းရောင်းကုန်သတဲ့။
အိုင်ဖုန်းကို စတင်ထုတ်လုပ်ခဲ့တဲ့ နှစ်တုန်းကတော့ တနှစ်ပတ်လုံးနေမှ အလုံးရေ 1.4 သန်း ရောင်းကုန်ခဲ့တာ ဖြစ်တယ်။ စတင်ခဲ့တဲ့ အချိန်တုန်းက ရုန်းကန်ခဲ့ရပေမယ့် အခုချိန်မှာတော့ ရောင်းအားဟာ ကြောက်မခန်းလိလိ ရှိလာပြီလည်း ဖြစ်ပါတယ်။ အိုင်ဖုန်းအသစ်ထွက်တိုင်း ဝယ်ချင်လွန်းလို့ တန်းစီနေကြသူတွေ ဒုနဲ့ ဒေး။
အခုဆိုရင် Apple ဟာ ကုမ္ပဏီ စျေးကွက်အရင်းပြုတန်ဖိုး (Market Capitalization) ဒေါ်လာ 2.72 ထရီလီယံ အထိ ရှိနေပြီး ကမ္ဘာ့တန်ဖိုး အကြီးဆုံး နံပါတ် 1 ကုမ္ပဏီ အဖြစ် ရှိနေတာလည်း ဖြစ်ပါတယ်။
ဘယ်အရာမှာ မဆို အစပိုင်းကာလတွေမှာ အခက်အခဲတွေ ၊ အကြပ်အတည်းတွေ၊ ဝေဖန်ခံရမှုတွေ၊ စိတ်ခေါ်မှုတွေ၊ ဖိအားတွေ များစွာ ကြုံရနိုင်ပါတယ်။ စစချင်းအချိန်ဟာ အခက်ခဲဆုံး၊ အကြမ်းတမ်းဆုံး အချိန်ဖြစ်တယ်။
စီးပွားရေး လုပ်တာဖြစ်စေ၊ ဘာသာစကားတခု လေ့လာတာပဲ ဖြစ်စေ၊ ဘယ်အရာမှာမဆို အစပိုင်းတွေဟာ အခက်ခဲဆုံး အချိန်တွေပဲ။ အခက်ခဲဆုံးကို မကျော်လွှားနိုင်ရင် တသက်လုံး ခက်ခဲနေနိုင်တယ်။ အခက်ခဲဆုံးကို ကျော်လွှားနိုင်ရင်တော့ နောက်ရှိလာမယ့် အရာတွေဟာ ကိုယ့်အတွက် လွယ်ကူသွားနိုင်မှာပဲ ဖြစ်ပါတယ်။
ဘာကိုပဲ လုပ်လုပ် အစပိုင်း ကာလတွေမှာ ကိုယ်လုပ်နေတဲ့ အလုပ်ကို ဂဃနဏ မသိရှိနိုင်သေးဘူး။ အားနည်းချက်တွေ ကို ရှာမတွေ့နိုင်သေးဘူး။ အလုပ်ရဲ့ သဘောတရားကို စေ့စေ့ငှငှ နားလည်နိုင်အောင် အချိန်ပေးပြီး အတွေ့အကြုံတွေ ယူဖို့ လိုအပ်သလို၊ အားနည်းချက်တွေကို ပြုပြင်ဖို့၊ အဖြေရှာဖို့၊ စွမ်းရည်မြှင့်ဖို့ အတွက် ကျားကုတ်ကျားခဲ အားထုတ်ကြိုးပမ်းနိုင်ဖို့ လိုတယ်။
အဲဒီလို အစောပိုင်း ကြိုးစားမှုတွေမှာ လူတိုင်း ကြိုးစားကြတာပဲ၊ ဒါပေမယ့် အခက်ဆုံး အတားအဆီး ကျောက်တောင်ကြီးကို ကျော်ဖြတ်နိုင်ဖို့ကြတော့ လူနည်းစုလောက်ကသာ ကျော်ဖြတ်နိုင်ကြတယ်။
နေမကောင်းဖြစ်နေတဲ့ လူတယောက်လိုပဲ ဆေးခါးကြီး သောက်ရမှာ စိန်ခေါ်မှု တခုဖြစ်နေတယ်။ ဆေးကို သောက်လိုက် မသောက်လိုက် လုပ်နေရင်းကနေ ရောဂါ မပျောက်တော့ဘဲ ပိုပိုဆိုးလာပြီး ပိုပို ခက်ခဲစေနိုင်သွားမှာဖြစ်တယ်။ ဆေးပုံမှန်သောက်ပြီး ခက်ခဲတဲ့ အချိန်ကာလတခု ကျော်ဖြတ်နိုင်ပြီးတဲ့ နောက်မှာတော့ စိတ်သွားတိုင်းကိုယ်ပါ၊ ကျန်းမာသန်စွမ်းတဲ့ ဘဝကို ရရှိသွားနိုင်မှာပဲ။
ပညာရပ်တခုကို စလေ့လာတဲ့ အခါဖြစ်စေ၊ အလုပ်တခုကို စတင်လုပ်ဆောင်တဲ့အခါဖြစ်စေ မှာ ကိုယ့်ရဲ့ Learning curve က တက်လိုက်ကျလိုက် ၊ ကြိုးစားလိုက် ပစ်ထားလိုက်နဲ့ ဖြစ်နေရင် ခက်ခဲတဲ့ ကျောက်တောင်ကြီးကို မကျော်လွှားနိုင်ဘဲ ရှိနေမယ်။ Learning curve (လေ့လာအားထုတ်နိုင်မှု အတက်အကျကို တိုင်းတာတဲ့ မျဥ်းကွေး) က အခက်အခဲ ကျောက်တောင်ကြီးကို ကျော်နိုင်တဲ့ အထိ မြင့်မားသွားရင် ကျန်တာ ပမွှားပဲ ဖြစ်သွားနိုင်ပါတယ်။
အခက်အခဲတွေကို ရှောင်တာက ဖြေရှင်းနည်းမဟုတ်ဘူး။ အခက်အခဲကို ရင်ဆိုင် တိုက်ထုတ်တာက ဖြေရှင်းနည်းဖြစ်တယ်။ အခက်အခဲတွေကို တိုက်ထုတ် ဖြေရှင်းတာများလာလေလေ၊ ကိုယ်ဟာ အသုံးကျတဲ့သူ ဖြစ်လာလေလေပဲ။
ဒီကနေ့ ခေတ်အခါမှာ ကိုယ်ကာယအားကို သုံးတဲ့ အလုပ်က နည်းသထက်နည်းပါးလာပြီ။ အနာဂတ်ကာလတွေမှာ လူတွေဟာ နည်းပညာတွေ နဲ့ အပြိုင် ပိုပြီး ရုန်းကန်ရတော့မှာ။ ခပ်ညံ့ညံ့အလုပ်တွေကို စက်တွေက အစားထိုးဝင်ယူနေပြီ။
ကိုယ်လုပ်နေတဲ့ အလုပ်က ခပ်ညံ့ညံ့အလုပ်မဖြစ်အောင်၊ ခေတ်စနစ်နဲ့ လိုက်မီအောင် အသက်ရှင်နေသ၍ လေ့လာအားထုတ်မှုတွေကို ကိုယ်နဲ့ မကွာရှိနေစေဖို့ လိုတယ်။ ခက်တယ် မလုပ်ချင်ဘူးဆိုပြီး မလေ့လာ၊ အားမထုတ်ဘဲနေရင် အဖိုးခေတ်မှာ ကျန်ရစ်ခဲ့လိမ့်မယ်။
ဉာဏ အားကို သုံးပြီး ကိုယ်ရဲ့ စွမ်းရည်ကို မြင့်သထက်မြင့်အောင် လုပ်ထားကြရင် ဘယ်နေရာကိုပဲ သွားသွား၊ ဘယ်နေရာကိုပဲ ရောက်ရောက်၊ ဘယ်လို အခက်အခဲတွေပဲ ရှိရှိ၊ အသာလေး ကျော်ဖြတ်နိုင်မှာဖြစ်ပြီး အိုင်ဖုန်းလိုပဲ တန်ဖိုးထားခံရတဲ့ နေရာမှာ ကိုယ်က ရှိနေမှာပဲ ဖြစ်ပါတယ်။
14. 9. 2023