
(၁) ဆင်ခြင်တုံတရားရှိပါစေ။
များသောအားဖြင့် ရင်းနှီးမြှုပ်နှံသူများ၊ အရောင်းအဝယ်သမားများတို့ဟာ စျေးကွက်ထဲမှာ အက်ဆက်တွေ စျေးအလွန်ထိုးကျမှု ရှိနေချိန်၌ စိုးရိမ်ထိတ်လန့်မှုမြင့်မားကုန်ကြပြီး ရောင်းမှား၊ ဝယ်မှားတွေ လုပ်မိတတ်ကြပါသည်။ အထိတ်တလန့် ရောင်းမှား၊ ဝယ်မှားဖြစ်ကြမည့်အစား မိမိစိတ်ခံစားချက်ကို ထိန်းချုပ်ပြီး ဘာ့ကြောင့်အကျများစွာရှိသွားစေခဲ့သလဲ? ဆိုသည့် အကြောင်းရင်းကို ဦးစွာ ရှာဖွေသုံးသပ်သင့်ပါသည်။
စျေးကွက်ထဲမှာ စျေးနှုန်းကျဆင်းမှု အရွေ့ကို ဖြစ်စေနိုင်သည့် Fundamental အကြောင်းအချက်က ဘာလဲ? စျေးကွက်ထဲ အရောင်းအဝယ်ပိုင်း ဘက်ယိမ်းမှု Sentimentက ဘယ်လို ရှိနေသလဲ? ကသောင်းကနင်းဖြစ်မှု ပုံစံက ဖြစ်နေကြ အနေအထားထက် ထူးခြားမှု ရှိနေသလား? ၎င်းအချက်တွေက ရေတိုပိုင်းလောက်ဘဲ အကျရှိစေနိုင်တာလား?သို့မဟုတ်ဘဲ အကျကြောရှည်မှု ရှိသွားစေနိုင်လား?ဆိုတာမျိုးတွေကိုမေးခွန်းထုတ်၊ အဖြေရှာသင့်ပါသည်။
(၂) လောဘဇော မကပ်မိအောင်သတိမူ။
စျေးကွက် ကသောင်းကနင်းဖြစ်နေသည့် အချိန်အခါမျိုး၌ စျေးနှုန်း အရွေ့ အပြောင်းအလဲ ကြီးကြီးမားမား ရှိတတ်သည်ဖြစ်ရာ ၎င်းအနေအထား၌ အကျိုးအမြတ်များစွာ ရယူလိုသည့် ဆန္ဒဟာ လူအများစုမှာ ရှိတတ်ကြပါသည်။ စျေးအကျဟာ အရှိန်မတန့်သေးခင် အကျစျေးဖမ်းဝယ်ခြင်းဟာ အဝင်မှားပုံစံမျိုးလို့ ဆိုရမည်ဖြစ်ပြီးတော့ ဆုံးရှုံးမှုတွေ ကြုံတွေ့ရနိုင်ပါသည်။ အတက်ကြမ်း အကျကြမ်း ဖြစ်နေစဉ် ငွေအလုံးအရင်းဖြင့် အရောင်းအဝယ်လုပ်အမြတ်ရှာခြင်းဟာ အလွန် Risk များသည့် အတွက်ကြောင့် ၎င်းအချိန်မျိုးမှာ လောဘစိတ်ဖြင့် ရောင်းမှား၊ ဝယ်မှား မဖြစ်အောင် ရှောင်ကြဉ်သင့်ပါသည်။
(၃) ဆတိုးရောင်းဝယ်ခြင်းကို ထိန်း။
စျေးကွက် ကသောင်းကနင်းဖြစ်နေချိန်၌ အမှားမခံသည့် အတွက်ကြောင့် Leverage ခပ်မြင့်မြင့်ဖြင့် အရောင်းအဝယ်လုပ်ခြင်းဟာ လွန်စွာ အန္တရာယ်များပြီး ဆုံးရှုံးမှုကို ပို၍ ကြီးမားသွားစေနိုင်သည်။ Leverage ဟာ "သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး" ဖြစ်သည့်အတွက်ကြောင့် အချိန်အခါသင့်၊ အခွင့်အခါသင့်မှသာ တိုးမြှင့်သုံးခြင်းက ပိုကောင်းပါသည်။
(၄) အခြားသော အက်ဆက်တွေမှာ အခွင့်အရေးရှာ။
စျေးကွက် Crash ဖြစ်သည့် အချိန်အခါတိုင်း အက်ဆက်အမျိုးအစားအားလုံး တပြိုင်နက်တည်း အကျဘက်သို့ သွားနေခြင်းမျိုး မဟုတ်ပေ။ စတော့စျေးကွက်ဖြစ်စေ၊ ခရစ်တိုငွေကြေးစျေးကွက်ဖြစ်စေ စျေးကွက် Crash ဖြစ်နေသော်လည်း အများနည်းတူ အကျဘက်မလိုက်ဘဲ အကျ စက်ကွင်းလွတ်သည့် စတော့အမျိုးအစား၊ ခရစ်တိုအမျိုးအစားတွေ ၊အက်ဆက်တွေလည်းရှိနိုင်သေးတာကြောင့် ၊၎င်းတို့ကိုလေ့လာသုံးသပ်ပြီး အရောင်းအဝယ်လုပ်၊ အကျိုးအမြတ်ရှာဖို့ အခွင့်ရေးကောင်းတွေက ရှိနိုင်ပါသည်။
(၅) အတိတ်က ပျက်ကပ်တွေဆီမှ အတွေ့အကြုံယူ။
အတိတ်မှာ ရှိခဲ့ပြီးသော စျေးကွက် Crash ဖြစ်ရပ်တွေကို လေ့လာသင့်ပေသည်။ သို့မှသာ မည်သို့သော အက်ဆက်အမျိုးအစားတွေက ပျက်ကပ်ဒဏ်ကို ခံနိုင်ရည် ရှိကြောင်း လာမည့် ပျက်ကပ်တွေမှာရော ဘယ်အက်ဆက်အမျိုးအစားတွေကို လက်ဝယ်ထား ရင်းနှီးမြှုပ်နှံထားခြင်းဖြင့် ဆုံးရှုံးမှု ဒဏ်ကို ကာကွယ်နိုင်မလဲဆိုတာကို လေ့လာတွေ့ရှိစေနိုင်သောကြောင့် ဖြစ်ပါသည်။
18. 2. 2023