
"ချမ်းသာချင်ရင် ငွေကို စုပါ" ဆိုပြီး လူကြီးသူမတွေ ပြောတာ ကြားဖူးခဲ့တယ်။ တကယ်တမ်းက ဒီနေ့ခေတ်အခါမှာ ငွေစုရုံလောက်နဲ့ ချမ်းသာနိုင်ဖို့ဆိုတာ မလွယ်တော့တဲ့ အနေအထားမျိုး ဖြစ်နေပြီ။
ဒီတော့ လူတွေဟာ ရင်းနှီးမြှုပ်နှံမှုတွေ ကနေ အကျိုးအမြတ်ရှာကြဖို့ ၊ စုဆောင်းထားရှိပြီးတဲ့ ငွေတွေကို တိုးပွားအောင်လုပ်ဖို့ စိတ်ဝင်စားမှုနှုန်းပိုပြီး မြင့်တက်လာကြပြီလည်း ဖြစ်ပါတယ်။
ဘယ် Assets တွေမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ကြမလဲ? ဆိုတော့
အနောက်တိုင်းက ဆရာ့ဆရာကြီးတွေက ပြောကြတယ် "You are the Greatest Asset" တဲ့။
ဆိုလိုတာက ကိုယ်ကိုတိုင်ဟာ ကိုယ့်ရဲ့ တန်ဖိုးအရှိဆုံးသော ရင်းနှီးမြှုပ်နှံမှု အက်ဆက်ပဲ ဖြစ်တယ်။ မိမိမှာသာ ကျွမ်းကျင်တတ်မြောက်ထားတဲ့ အသက်မွေးဝမ်းကျောင်းပညာ၊ ငွေရေးကြေးရေး ပညာ၊ လက်တွေ့ အသုံးချနိုင်တဲ့ အရည်အချင်းတို့ ရှိနေရင် ဝင်ငွေနဲ့ ချမ်းသာကြွယ်ဝမှု ကို ကိုယ်တိုင် ဖန်တီးနိုင်မှာ ဖြစ်တယ်။
မိမိရဲ့ education, self-improvement, skill development တို့ကို အမြဲမြှင့်တင်ပေးနေရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများပြီးတော့ လစာကောင်းတဲ့ အလုပ် (သို့မဟုတ်) ကိုယ်ပိုင် လုပ်ငန်း တွေကို ပိုမိုတိုးတက်အောင် စွမ်းဆောင်နိုင်မှာ ဖြစ်ပြီး ဝင်ငွေကို ပိုချဲ့လာစေနိုင်မှာ ဖြစ်ပါတယ်။
ဥပမာ ပေးရရင် -
စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပြီးသား နိုင်ငံတွေမှာဆိုရင် ဘဏ္ဍာရေးစျေးကွက် (Financial Market) ကို စနစ်တကျ ထူထောင်ထားကြတာကြောင့် ကိုယ့်ရဲ့ စုဆောင်းထားရှိငွေတွေကို တိုးပွားအောင်လုပ်ဖို့ ဘဏ္ဍာငွေကြေး အက်ဆက် အမျိုးအစား တွေ ရွေးချယ်စရာ အများကြီးရှိကြတယ်။
Stocks, Bonds, Mutual funds, Real estate, Commodities (ရွှေ ၊ ရေနံ စသည်..) စတဲ့ Financial assets တွေ မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ပြီး ကိုယ့်ရဲ့ စုဆောင်းထားရှိငွေတွေကို တိုးပွားအောင် ရင်းနှီးမြှုပ်နှံမှု တွေ ပြုလုပ်ကြတယ်။
ဒါဆို ရင်းနှီးမြှုပ်နှံမှုကရော ငွေကြေးဆုံးရှုံးမှု တွေ မရှိဘူးလား? ဆိုတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ ဆုံးရှုံးနိုင်ခြေ Risk တွေကို သေချာနားလည်သဘောပေါက်ထားဖို့လိုပြီး ရင်းနှီးမြှုပ်နှံမှုကို တမျိုးတည်း ပုံအောတာထက် Diversification လုပ်ထားဖို့ လိုတယ်။ High return ရှိတဲ့ အက်ဆက်မျိုးကို ရှာဖွေတတ်ဖို့ လိုပါတယ်။
စုဆောင်းတာက အခြေခံအားဖြင့် လိုကိုလိုအပ်ပါတယ်။ စုဆောင်းထားရှိတဲ့ငွေဟာ ရေတိုကာလမှာ ကျန်းမာရေး အသုံးစရိတ်၊ ပညာရေး အသုံးစရိတ်၊ အထွေထွေ အသုံးစရိတ်တွေ အတွက် များစွာ အထောက်အကူ ဖြစ်စေတယ်။ ဒါပေမယ့် ရေရှည်မှာ Inflation Risk တွေကြောင့် ငွေကြေးရဲ့ ဝယ်လိုနိုင်စွမ်းအား (Purchasing Power) ကျဆင်းသွားနိုင်လို့ ငွေစုခြင်းဟာ ရေရှည်အတွက် အနာဂတ်အတွက်တော့ အာမခံချက်မပေးနိုင်ပါဘူး။
ဒါကြောင့် ငွေကို စုဆောင်းထားခြင်းက အခြေခံ အဆင့်ဖြစ်ပြီး စုဆောင်းထားတဲ့ငွေတွေကို တိုးပွားအောင် ထပ်ဆင့်လုပ်ဆောင်နိုင်ဖို့လည်း ကြိုးပမ်းသင့်ပါတယ်။
အဲဒီလို ကြိုးပမ်းနိုင်ဖို့က မိမိကိုယ်ကို skill တွေ အရင်ဖြည့်ဖို့လိုအပ်ပါတယ်။ ပညာနဲ့ ဗဟုသုတတွေကို မဖြည့်ထားရင် လူလိမ်ခံရဖို့နီးပြီး ကိုယ့်ရဲ့ ငွေတွေ ဆုံးရှုံးမှု ဖြစ်စေနိုင်မယ့် တရားခံဟာ ကိုယ်ကိုတိုင်ပဲ ဖြစ်သွားစေနိုင်တယ်။
ဒါကြောင့်လည်း "You are the Greatest Asset" ဖြစ်ပါတယ်။
21. 9. 2023