
ဒီကနေ့ခေတ်ကာလ၌ အစိုးရထုတ်သတ်မှတ်ငွေကြေးတွေဟာ ပကတ်ိ တန်ဖိုးမရှိကြပေမယ့် ကြားခံဖလှယ်ရေး ကိရိယာအဖြစ် လူတိုင်း ကိုင်တွယ်သုံးစွဲနေကြပါသည်။ ကမ္ဘာ့နိုင်ငံ အရပ်ရပ်တို့မှာ မိမိတို့နိုင်ငံသုံးငွေကြေးတွေကို သုံးစွဲနေကြသလို၊ နိုင်ငံခြားငွေကြေးစျေးကွက်ထဲမှာဆိုရင်လည်း လူအများတို့က ငွေကြေးတွေကို အရောင်းအဝယ် လုပ်မှု တွေရှိနေကြပါသည်။
တဦးတယောက်ချင်းစီရဲ့ ငွေကြေး လက်ဝယ်ထားရှိမှု၊ ရောင်းဝယ်မှု အနေအထားတွေက ငွေကြေးတန်ဖိုးရဲ့ အတက်အကျအပေါ် တွန်းအား အရွေ့ ကြီးစွာ မဖြစ်စေနိုင်သော်လည်း အရောင်းအဝယ် လုပ်မှု ပမာဏများစွာ ရှိလာခဲ့မည်ဆိုပါက ငွေကြေး၏ တန်ဖိုး အရွေ့ကို များစွာ ရှိစေနိုင်ပါသည်။ နိုင်ငံခြား ငွေကြေး စျေးကွက်ထဲမှာ ငွေပမာဏ အလုံးအရင်းဖြင့် ငွေကြေး ဖလှယ်မှု၊ အရောင်းအဝယ်လုပ်မှုတွေ လုပ်နိုင်သည့် ပါဝါ အင်အားရှိကြသူများ စာရင်း၌ ဗဟိုဘဏ်တွေက ထိပ်ဆုံး၌ ရှိနေကြပါသည်။
နိုင်ငံတနိုင်ငံရဲ့ ငွေကြေးတန်ဖိုးကကုန်သွယ်ဘက်နိုင်ငံတွေရဲ့ ငွေကြေးတန်ဖိုးနှင့် ယှဥ်လျှင် များစွာ မြင့်တက်မှု ရှိနေပါက မိမိရဲ့ပို့ကုန်ဆွဲဆောင်နိုင်မှုကို လျော့ကျစေနိုင်ပါသည်။ ဆန့်ကျင်ဘက် အနေဖြင့် ပြည်တွင်းသုံးစွဲငွေကြေးတန်ဖိုးက ကုန်သွယ်ဘက်နိုင်ငံများရဲ့ ငွေကြေးတန်ဖိုးထက် တန်ဖိုးနိမ့်နေပါက တဖက်နိုင်ငံက တင်သွင်းကုန်တွေကို စျေးကြီးပေးဝယ်ရသည့် အနေအထားရှိစေနိုင်ပါသည်။ ထို့ကြောင့် ငွေကြေးတန်ဖိုးဟာ မြင့်လွန်းလျှင်လည်း မကောင်းသလို၊ တန်ဖိုးနိမ့်ကျလွန်းလျှင်လည်း မကောင်းပေ။
ငွေကြေးတန်ဖိုး အတက်အကျကို တည်ငြိမ်အဆင့်မှာ ရှိနေစေရေးသည်က ဗဟိုဘဏ်တွေရဲ့ အဓိက တာဝန်တရပ်အဖြစ် ရှိနေပါသည်။ ထိုသို့ ငွေကြေးတန်ဖိုးကို တည်ငြိမ်မှု ရှိစေနိုင်ရေး အတွက် ဗဟိုဘဏ်က ငွေကြေးပေါ်လစီ ကို စီးပွားရေး အနေအထားအပေါ်မူတည်ပြီးတော့ အတင်း/အလျှော့ ပြုလုပ်ပေးခြင်းဖြင့် ထိန်းကျောင်းပေးလေ့ရှိကြပါသည်။
သို့သော် စီးပွားရေး ပုံမှန်အနေအထားမဟုတ်သည့် အချိန်အခါမျိုးတွေမှာ ဗဟိုဘဏ် တွေက ငွေကြေးတန်ဖိုး အတက်အကျကို မိမိတို့လိုချင်သည့် တန်ဖိုးအဆင့်၌ ရှိနေအောင်တမင် ကြားဝင်စွက်ဖက်တာမျိုးတွေ လုပ်ကြတာ မျိုးလည်း ရှိတတ်ကြပါသည်။ ဥပမာ တရုတ်ယွမ်ငွေ တန်ဖိုးကို မြင့်တက်စေလိုသည့် အချိန်အခါမျိုး၌ တရုတ်ဗဟိုဘဏ် ကနေ ဈေးကွက်နှင့် စီးပွားရေးစနစ်၌ ယွမ်လည်ပတ်ငွေကြေးကို လျှော့ချပြီး၊ ဒေါ်လာကို ဈေးကွက်ထဲသို့ များစွာ ထိုးထည့်ပေးခြင်း ပုံစံဖြင့် ယွမ်ငွေတန်ဖိုးမြင့်တက်အောင် လုပ်တာမျိုးလည်း ရှိနိုင်ပါသည်။ အကယ်၍ ယွမ်ငွေတန်ဖိုးကို ကျဆင်းမှုဘက်ရှိစေချင်သည့် အချိန်အခါမျိုး၌ တရုတ် ဗဟိုဘဏ်ကနေ ဈေးကွက်နှင့် စီးပွားရေးစနစ်၌ ယွမ်ငွေလည်ပတ်မှုပမာဏကိုမြှင့်ပြီး၊ ဒေါ်လာလို နိုင်ငံခြားငွေကြေး စီးဆင်းမှုကို လျော့ကျ သွားအောင် လုပ်တဲ့ ပုံစံမျိုးတွေကိုလည်း လုပ်လေ့ရှိပါသည်။
နိုင်ငံခြား ငွေကြေးစျေးကွက်ထဲမှာ ငွေကြေးဖလှယ်နှုန်းအား ကြားဝင်စွက်ဖက်မှု လုပ်ခဲ့သည့် ထင်ရှားသော ဖြစ်ရပ်တခုကတော့ - 2011 ခုနှစ် တုန်းက ဂျပန်၌ ငလျင် ဆိုးဝါးစွာ လှုပ်ခတ်ခဲ့ပြီးသည့်နောက် ဆိုးကျိုးဆက်တခုအနေဖြင့် 5 ရက်တာ အတွင်းမှာတင် ဂျပန်ယန်းရဲ့ ဝယ်နိုင်စွမ်းအား အလွန်ကျဆင်းခဲ့မှုကြောင့် ယန်းဟာ ဒေါ်လာ နှင့် ယှဉ်တွဲသည့် USDJPY ငွေကြေးအတွဲမှာ +5% နီးပါး မြင့်တက်မှု ရှိခဲ့သည်။ တနည်းအားဖြင့် ဆိုရသော် ယန်းငွေတန်ဖိုး အလွန်ကျဆင်းပြီး ဒေါ်လာကတော့ တန်ဖိုးအလွန်မြင့်သည့် အနေအထားဖြစ်သည်။ ၎င်းအချိန်တုန်းက ဂျပန်ယန်းငွေ အတက်အကျ တည်ငြိမ်သည့် အဆင့်ပြန်ရောက်အောင် အမေရိကန်အပါအဝင် G7 နိုင်ငံများတို့ကပါ အတူတကွပူးပေါင်းပြီး ငွေကြေးတန်ဖိုး ကြားဝင်စွက်ဖက်မှုတွေ လုပ်ခဲ့ကြရသည့် ဖြစ်ရပ်ရှိခဲ့ပါသည်။
အနီးဆုံး သာဓက တခုကတော့ 2019 ခုနှစ် တုန်းက အမေရိကန်နှင့် တရုတ်တို့ နှစ်နိုင်ငံအကြား၌ ကုန်သွယ်စစ် ဖြစ်ပွားခဲ့သည့် ကာလတွင် တရုတ်က ပို့ကုန် ယှဉ်ပြိုင်မှုမှာ အသာစီးရနိုင်ရန် ယွမ်တန်ဖိုးကို တမင်ချသည့် လုပ်ရပ် အမှန်ရှိခဲ့သည်။ 2019 ခုနှစ် ဇူလိုင်လကုန်ပိုင်းမှာ 1 ဒေါ်လာကို ယွမ် 6.88 ဝန်းကျင် ရှိနေခဲ့ရာကနေ သြဂုတ်လဆန်းပိုင်းမှာ 7 ယွမ်ကျော်သွားအောင် တရုတ်ဗဟိုဘဏ် PBOC က အဖွင့်စျေးကို တိုးမြှင့်သတ်မှတ်ပေးပြီး ယွမ်ငွေကြေးတန်ဖိုးအပေါ် ကြားဝင်စွက်ဖက်မှု လုပ်ခဲ့ပါသေးသည်။
19. 5. 2023
Photo - Google