
Trading လောကထဲမှာ အကျိုးအမြတ်ဖန်တီးလိုသည့် Trader များအနေဖြင့် အခြေခံသိသင့်သိထိုက်သည့် ရောင်းဝယ်ရေး နည်းစနစ်တွေ ဦးစွာ လေ့လာ၊ လေ့ကျင့်ကြဖို့ရန် လွန်စွာ လိုအပ်ပါသည်။ လေ့လာ၊ လေ့ကျင့်မှုတို့ကို လုပ်ရာ၌ အရိုးရှင်းဆုံး အခြေခံအကျဆုံး လိုက်နာ၊ လေ့ကျင့်၊ ကျင့်သုံးသင့်သည့် အချက်များကို မျှဝေရေးသားပါမည်။
(1) အရှုံးကို အကန့်အသတ်ဖြင့်သာ ရှိပါစေ။
ရေရှည်ကာလမှာ profitable trader အဖြစ် ရပ်တည်နိုင်ဖို့ဆိုလျှင် အရှုံးနည်းပြီး အမြတ်များတဲ့ အရောင်းအဝယ်ရလာဒ်ကောင်းတွေ ရှိဖို့ လိုအပ်သည်။ ဒီကနေ့မှာတော့ အချီကြီးမြတ်ပြီး နောက်တနေ့မှာတော့ မနေ့က အမြတ်ထက် ကျော်လွန်၍ အရှုံးကြီး ရှုံးသည့် ပုံစံမျိုးက ရေရှည် ရပ်တည်နိုင်ဖို့ ခက်ခဲစေနိုင်ပြီး trading လောကကို ကျောခိုင်းသွားရတဲ့အထိ ဖြစ်သွားစေနိုင်ပါသည်။ ထို့ကြောင့် Stop Loss ထားရမှာကို မကြောက်သင့်၊ Stop loss မထားမိလို့ အရှုံးကြီး ရှုံးရသည့်အဖြစ်ကို ကြောက်သင့်ပါသည်။
(2) Trade position တခုကို မဖွင့်ခင် မိမိရဲ့ အရှုံးခံနိုင်သည့် ပမာဏကို အရင်သိပါစေ။
ရင်းနှီးမြှုပ်နှံမှု လုပ်သည့်အခါ၌ ဖြစ်စေ၊ အရောင်းအဝယ် လုပ်သည့် အခါ၌ ဖြစ်စေ မိမိရဲ့ အဆုံးရှုံးခံနိုင်တဲ့ ပမာဏထက်ပိုပြီး risk မယူသင့်ပေ။ အရောင်းအဝယ်ဆိုသည်မှာ အမြတ်လည်းရှိနိုင်သလို၊ အရှုံးလည်း ရှိိနိုင်ပါသည်။ မြတ်သည့်အခါ အတိုင်းအဆမရှိ မြတ်လေကောင်းလေ ဖြစ်သော်လည်း ရှုံးသည့်အခါမှာတော့ မိမိအရင်းအနှီးနှင့် မမျှတသည့် ဆုံးရှုံးမှု ပမာဏ မဖြစ်စေဖို့ရန် သတိထားရမည် ဖြစ်သည်။ ထို့ကြောင့် အရောင်းအဝယ် မလုပ်ခင် position size မည်မျှသုံးမည်ဆိုတာကို အရင်ဦးစွာ ချင့်ချိန် ဆုံးဖြတ်သင့်ပြီး၊ အရှုံးခံနိုင်သည့်ပမာဏအတွက်ကိုလည်း ကြိုတင်တွက်ဆထားသင့်ပါသည်။
(3) အရောင်းအဝယ်ဗျူဟာကို ကြေညက်နေပါစေ။
မိမိသုံးမည့် Trading strategy ဟာ မိမိရဲ့ အရင်းအနှီးနှင့် ကိုက်ညီသည့် strategy မျိုးလား? မိမိရဲ့ Trading style နဲ့ ကိုက်ညီရဲ့လား? မိမိရဲ့ risk ခံနိုင်ရည် အတိုင်းအတာနဲ့ရော အဆင်ပြေရဲ့လား? ဆိုတာမျိုးတွေကို အရင်ဦးစွာ နားလည်သဘောပေါက်ထားပြီးမှ Trading strategy ကို ရွေးချယ်၊ ကျင့်သုံးသင့်ပါသည်။
(4) စိတ်ရှည်သည်းခံတတ်ပါစေ။
အရောင်းအဝယ် လုပ်ရာ၌ မိမိသုံးနေတဲ့ Trading strategy အရ စျေးကွက် ထဲ ဝင်ရန်သင့်တော်သည့်လက္ခဏာ မပြသေးလျှင် စိတ်စောပြီး စျေးကွက်ထဲ ဝင်တာမျိုး မလုပ်သင့်ပေ။ စျေးကွက် ထဲဝင်သင့်သည့် အနေအထား၊ ပြန်ထွက်သင့်သည့် အနေအထားတို့ကို စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းပြီးမှ အရောင်းအဝယ်လုပ်တာမျိုးကသာ နည်းမှန်လမ်းမှန်ဖြစ်မည်။
အထက်ပါ အကြောင်းအရာများတို့ဟာ အချို့သော မိတ်ဆွေအတွက် အပ်ကြောင်းထပ်နေပြီဖြစ်သော အကြောင်းအချက်များ ဖြစ်ချင်ဖြစ်လိမ့်မည် ဖြစ်သော်လည်း အမြဲသတိထား လိုက်နာကျင့်သုံးကြဖို့ရန် ထပ်မံတိုက်တွန်း မျှဝေလိုက်ပါသည်။
14. 2. 2023