
အခက်အခဲတွေကို စာဖွဲ့ရရင်တော့ ပြောမဆုံးတော့အောင် ရှိနိုင်ပါတယ်။ အဓိကခြုံပြောရရင်တော့ အများစုသော Trader တွေ အခက်ကြုံရတဲ့ အချက်တွေက ...
"စိတ်ခံစားမှုကို ထိန်းသိမ်းဖို့ရာ ခက်ခဲတာ "
Trading မှာ နည်းစနစ်တွေကို စည်းကမ်းတကျ လိုက်နာနိုင်ဖို့ နဲ့ စိတ်ခံစားချက်ကို ထိန်းသိမ်းနိုင်ဖို့ က ခက်ခဲလေ့ရှိပါတယ်။ စိုးရိမ်စိတ်၊ လောဘစိတ်၊ မြတ်ပြီးရင် ဘဝင်လေဟပ်တဲ့စိတ်၊ သည်းမခံနိုင်တဲ့ စိတ်နေ စိတ်ထားတွေဟာ အရောင်းအဝယ် တခုစီတိုင်းမှာ လာရောက် လွှမ်းမိုးနေတတ်ပါတယ်။ စိတ်ခံစားမှုကို ထိန်းနိုင်ဖို့ဆိုတာ အင်မတန်ခက်တဲ့ အရာလည်း ဖြစ်တယ်။
"Risk Management ကို စည်းစနစ်တကျ ထိန်းဖို့ ခက်ခဲတာ "
RM လုပ်ရတာ ခက်သလားဆိုတော့ Pro ဖြစ်နေပြီးသားသူ တွေ အတွက် မဆိုသာပေမယ့်၊ မျက်ကန်း တစ္ဆေမကြောက်တဲ့ သူတွေ အတွက် ခက်ပါတယ်။ ကိုယ့်အတွက် ရှိလာနိုင်တဲ့ Risk တွေကို ကြိုမမြင်နိုင်လေတော့ RM မလုပ်ဘဲ overtrading တွေ လုပ်ကြ၊ Stop loss မထားကြ၊ Lot size မတန်တဆ ယူကြတာတွေ၊ စျေးကွက် volatile ဖြစ်နေချိန်မှာ Trade တာတွေ လုပ်တော့တာပါပဲ။ အဲဒီလိုလုပ်ရင် ကိုယ့်ကိုပိုခက်ခဲစေမှာဖြစ်ပါတယ်။
"မသေချာမရေရာတဲ့ အနေအထားတွေမှာ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲတာ"
တခါတလေ စျေးကွက်ထဲမှာ မသေချာမရေရာတဲ့ အနေအထားတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ ငွေကြေးစျေးကွက် အပေါ် လွှမ်းမိုးသက်ရောက်မှု ရှိနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၊ ပထဝီနိုင်ငံရေး ၊ ကပ်ရောဂါ၊ ကုန်သွယ်စစ် ၊ ငွေကြေးစစ် ၊ ဗဟိုဘဏ်တွေရဲ့ ငွေကြေးပေါ်လစီ အစည်းအဝေး စတဲ့ Major events တွေ ရှိနေတဲ့ အချိန်အခါမျိုးတွေမှာ စျေးနှုန်းလားရာတွေ မသဲမကွဲဖြစ်တာမျိုး (သို့မဟုတ်) စျေးနှုန်း ကသောင်းကနင်းဖြစ်တာမျိုးတွေ ကြုံရလေ့ရှိပါတယ်။ အဲဒီလိုအချိန်အခါတွေမှာ အရောင်းအဝယ် position တွေ အတွက် ဆုံးဖြတ်ရ ခက်ခဲတတ်လေ့ရှိပါတယ်။
"စျေးကွက်ရဲ့ လက်တွေ့ သဘောတရားတွေကို နဖူးတွေ့ဒူးတွေ့ကြုံတာတောင် သင်ယူလေ့လာမှုတွေ အဆက်မပြတ်လုပ်ဖို့ တွန့်ဆုတ်တာ၊ ခက်ခဲတာ"
အများစုသော Trader တွေဟာ သင်ယူ၊ လေ့လာမှု အားနည်းနေကြဆဲပဲ။ ဘယ်နှရက်လောက် လေ့လာရင် တတ်ပြီလဲ? ဘယ်နှရက်လောက် လေ့ကျင့်ရင် ကျွမ်းကျွမ်းကျင်ကျင် trade နိုင်ပြီလဲ? ဆိုတာမျိုးကို အတိအကျ သိချင်ကြတာ။ စျေးကွက်ဆိုတာ အမြဲတမ်း အပြောင်းအလဲ ရှိနေတာကြောင့် ကျောင်းသင်ခန်းစာလို သင်ယူလို့မရနိုင်ပါဘူး။ နေ့စဉ် ဖြစ်ပေါ်၊ ပြောင်းလဲနေတဲ့ လက်တွေ့ သဘောတရားကို နားလည်နိုင်အောင် လုပ်ရတာ ဖြစ်တာကြောင့် Trading လုပ်နေသ၍ Learning က ပူးကပ်ပါနေမှ အဆင်ပြေမယ်။ အဲဒီလိုမှ မဟုတ်ဘဲ လေ့လာမှုကို ရပ်လိုက်တာနဲ့ Trader တယောက်ဟာ ခက်ခဲနေအုံး မှာပါပဲ။
"အရှုံးကို လက်သင့်ခံနိုင်ဖို့ ခက်ခဲတာ"
အရှုံးနဲ့အမြတ် ဆိုတာကတော့ ဘယ်အရာမှာမဆို ရှိနေမှာပဲ ဖြစ်ပါတယ်။ မြတ်တလှည့် ၊ ရှုံးတလှည့် ဒဏ်ကို လက်သင့်ခံနိုင်ဖို့ လိုတယ်။ Trading စလုပ်ကတည်းက ကိုယ့်အတွက် အဆုံးရှုံးခံနိုင်ရည် ပမာဏလောက်သာ ရှိတဲ့ ငွေကို သုံးသင့်ပါတယ်။ Deposit များခြင်း ၊ နည်းခြင်းဟာ အဓိက မကျဘူး။ အရှုံးနည်းပြီး အမြတ်များဖို့ကသာ အဓိက ကျပါတယ်။ ရချင်ဇောနဲ့ ငွေများများ ထည့် ၊ များများ လက်သရမ်းပြီး Trade ၊ များများ ရှုံးနေသ၍ အရှုံးကို လက်သင့်ခံနိုင်ဖို့ ပိုခက်ခဲလာသလို၊ အစစအရာရာ ပိုခက်ခဲသွားစေနိုင်ပါတယ်။
29. 8. 2023