ကမ္ဘာ့ရွှေစျေးနှုန်း သုံးသပ်ချက် 

XAUUSD1

 
ပြီးခဲ့တဲ့ မေလထဲမှာတော့ ကမ္ဘာ့ရွှေစျေးနှုန်းဟာ သက်တမ်းတလျှောက်အမြင့်ဆုံးစျေး တအောင်စကို 2080 ဒေါ်လာ အထိ မြင့်တက်မှု ရှိခဲ့ပါသည်။ လက်ရှိမှာတော့ 1955 ဝန်းကျင်၌ ပြန်ရောက်နေ ပါသည်။
 
ဒီနှစ် အစောပိုင်းတုန်းကတော့ အမေရိကန် Banking crisis ဖြစ်ရပ်တွေ ကြောင့် ရွှေစျေးကွက်ထဲ Safe haven ဝင်မှုတွေကြောင့် ကမ္ဘာ့ ရွှေစျေး အမြင့်စျေးတန်းတွေ ရှိခဲ့ပါသည်။ သို့သော် အမေရိကန် Fed ဗဟိုဘဏ်ဟာ အတိုးနှုန်း တိုးခြင်း အကျော့သံသရာကို ဆက်လက် ကျင့်သုံးနိုင်ခြေအလားအလာက ဒေါ်လာတန်ဖိုးကို မာစေလို့ ရွှေစျေးနှုန်း အတွက်က ဖိအားအဖြစ် ရှိနေတာကြောင့် ရွှေစျေးနှုန်းဟာ 2000 စျေးတန်းအောက်ကို ပြန်ရောက်နေတာလည်း ဖြစ်ပါသည်။
 
Fed ဗဟိုဘဏ်ဟာ အမေရိကန် အင်ဖလေးရှင်းနှုန်းကို ၎င်းတို့ Target ထားလေ့ရှိသည့် 2% နှုန်း အောက်သို့ ပြန်ရောက်ရှိစေရေး အတွက် အတိုးနှုန်း တိုးခြင်းကို မနှစ်ကတည်းကစပြီး တောက်လျှောက် လုပ်ဆောင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် အမေရိကန် အင်ဖလေးရှင်းနှုန်းဟာ U ပုံစံ နောက်ပြန်ခေါက်ကျခဲ့ပါသည်။
 
သို့သော် ပြီးခဲ့တဲ့ မေလထဲမှာ အမေရိကန်ရဲ့ အင်ဖလေးရှင်း နှုန်းက နှစ်အလိုက်အခြေခံနှုန်းမှာ 4% ထွက်ရှိခဲ့တာကြောင့် Fed ရဲ့ Target ထားတဲ့ 2% နှုန်း ထက် 2 ဆကျော်သည့် အဆင့်မှာသာ ရှိနေသေးသည်။ ထို့ကြောင့် Fed ဗဟိုဘဏ်ဟာ အင်ဖလေးရှင်း Target နှုန်း ရောက်သည်အထိတော့ အတိုးနှုန်းတိုးခြင်း (သို့မဟုတ်) လက်ရှိအတိုးနှုန်း ခပ်မြင့်မြင့် level မှာ အချိန်ကြာကြာဆက် ထားနိုင်ခြေ ရှိနိုင်တဲ့အလားအလာတွေက ကမ္ဘာ့ရွှေစျေးနှုန်း အပေါ် ဖိအားဝင်စေပါသည်။ ဒါကြောင့် ရွှေဟာ အတက်ရုန်းရာ၌ ခက်သည့် အနေအထားမှာ ရှိနေပါသည်။
တဖက်မှာတော့ အမေရိကန် အစိုးရရဲ့ Debt ceiling ဟာ တိုးမြှင့်ရေး လုပ်ထားခဲ့ပြီးတော့ နှစ်ပတ်အကြာမှာတင် အသုံးစရိတ်က ဒေါ်လာ 572 ဘီလီယံ လောက် အထိ ပြန် မြင့်တက်မှု ရှိလာပြီ ဖြစ်သည်။ လက်ရှိ အမေရိကန် အစိုးရရဲ့ Debt ပမာဏ ဟာ ဒေါ်လာ 32 ထရီလီယံ အထိ စံချိန်တင်မြင့်တက်မှု ရှိလာပြီလည်း ဖြစ်ပါသည်။
 
အမေရိကန် အစိုးရ ကြွေးမြီ ပြဿနာက စိုးရိမ်ပူပန်စရာ အချက်အဖြစ် ရှိနေသေးတာက ကမ္ဘာ့ရွှေစျေးကွက်ထဲ safe haven ဝင်မှု ရှိစေနိုင်တာကြောင့် ရွှေစျေးနှုန်းဟာ အကျစျေးမှာ ကြာကြာမရှိနေနိုင်တာလည်း ဖြစ်ပါသည်။
 
လတ်တလော တရုတ် စီးပွားရေး အကျကျုံ့မှု ရှိတဲ့ သတင်း​ဒေတာ တွေကြောင့် တရုတ် စတော့စျေးကွက် အကျရှိနေပြီး တရုတ် ရွှေဝယ်လက်ဘက်မှာ လျော့ပါးမှု ရှိနေပါသည်။
အထက်မှာဆိုခဲ့သလိုပဲ ရွှေစျေးကွက်ထဲမှာ ရွှေကို အဝယ်လိုက်စေနိုင်တဲ့ အကြောင်းအချက်တွေရှိသလို၊ ဖိအားဖြစ်စေတဲ့ အကြောင်းအချက်တွေလည်း ရှိလို့ ရွှေစျေးနှုန်းလားရာဟာ မသဲမကွဲ အနေအထားရှိနေသည်။ 1925 - 2000 စျေးတန်းကြားမှာ Sideway အနေအထား ဆက်လက်ရှိနေဆဲ ဖြစ်သည်။
 
ဒီကနေ့နဲ့ မနက်ဖြန်မှာ Fed ဗဟိုဘဏ် ဥက္ကဋ္ဌ Powell ရဲ့ ကွန်ကရက် လွှတ်တော်မှာ ကြားနာစစ်ဆေးမှု ခံယူပွဲ ရှိနေတာက စျေးကွက်ထဲ အရောင်းအဝယ် လုပ်မှုတွေမှာ သတိထားစရာ အဓိက အကြောင်းအချက် အဖြစ် ရှိနေပြီး အချိန်ကြာ စျေးငြိမ်နေခဲ့တဲ့ Sideway range ထဲကနေ ဖောက်ထွက်နိုင်မလားဆိုတာကတော့ ဒီတပတ်ထဲ စောင့်မျှော်ရဖို့ ရှိပါကြောင်း အရောင်းအဝယ်တွေ သတိထားနိုင်အောင် ရေးသားမျှဝေလိုက်ပါသည်။
 
20. 6. 2023
Category: