လူအများစုသည် လက်ရှိသုံးစွဲနေကြသော ငွေစက္ကူ များကို ပိုက်ဆံဟု ထင်မြင်ကြသည်က များသည်။ ငွေစက္ကူ များကို အစိုးရများက ဖန်တီးထားကြသည်။ အစိုးရက အမိန့်ဒီဂရီအားဖြင့် သတ်မှတ်ထားသော တန်ဖိုးတစ်ရပ်အပေါ်မှ တိုင်းပြည်စီးပွားရေး အခြေအနေအရပ်ရပ်၊ ငွေကြေးဖောင်းပွမှုနုန်း ၊ ဗဟိုဘဏ်၏ ငွေကြေးပေါ်လစီ နှင့် စျေးကွက်၏ ဝယ်လိုအားရောင်းလိုအားပေါ် မူတည်ပြီး တန်ဖိုးအတက်အကျ ဖြစ်စေသည်။ ဤသို့ဆိုလျှင် မိမိတို့ သုံးစွဲနေကြသော ငွေစက္ကူ များ၏ ပကတိတန်ဖိုးမည်မျှနည်း? သုည သာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းငွေစက္ကူ ကို အစိုးရက အသိအမှတ်မပြု တော့ပါက တန်ဖိုးတစ်ပြားတစ်ချပ်မှ မရှိသော ရောင်စုံစာရွက်တစ်ရွက်မျှသာ ဖြစ်ပေတော့မည်။ ထို့ကြောင့် အင်္ဂလိပ်ဘာသာဖြင့် စက္ကူ ငွေကြေးကို Fiat Currency ဟု ခေါ်ဆိုခြင်းဖြစ်သည်။
သမိုင်းကိုပြန်လှန်ကြည့်လျှင် အရာဝတ္ထု တော်တော်များများကို ပိုက်ဆံ အဖြစ်အသုံးပြု ကြသည်ကို တွေ့ရမည်။ ရှေးကျသော ရောမခေတ်အပါအဝင် ပို၍ရှေးကျသော ခေတ်အခါတုန်းက ကျွဲ ၊ နွားကဲ့သို့ သားရဲတိရစ္ဆာန်များကို ပိုက်ဆံ အဖြစ်အသုံးပြု ခဲ့ကြသည်။ ၄င်းနောက် 'pecuniary' ဟုဆိုသည့် ငွေရေးကြေးရေးဟု အဓိပ္ပာယ်ရသော စကားလုံးပေါ်ထွက်လာခဲ့သည်။ လက်တင်ဘာသာ စကားအရတော့ သားရဲတစ်ကောင်အလဲအလှယ်ပြု သုံးစွဲတဲ့ အခါ 'pecus' ဟူသော စကားလုံးကို သုံးခဲ့သည်။ ယခုခေတ်အခါ လစာ 'salary' ဟူသောအသုံးသည် ရှေးရောမခေတ်တုန်းက ပိုက်ဆံအဖြစ် ဆားကို အသုံးပြုခဲ့ရာမှ 'salt' ကနေဆင်းသက်လာခြင်းဖြစ်သည်ဟု သုတေသီများက ဆိုထားသည်။ လက်တင်ဘာသာစကား မှာတော့ 'salt' ကို 'sal' သို့မဟုတ် 'salis' ဟု ခေါ်ဆိုကြသည်။ မြောက်အမေရိကန် - အင်ဒီးယန်း အနွယ်များကတော့ ပင်လယ်ခရုများကို ပိုက်ဆံအဖြစ်သုံးစွဲခဲ့ကြသည်။ ဒုတိယကမ္ဘာစစ် ကာလအတွင်းမှာတော့ စီးကရက် (ဆေးလိပ်) ကို ပိုက်ဆံအဖြစ်အသုံးပြုခဲ့ကြသည်။
ထို့ကြောင့် ပိုက်ဆံ ဆိုသည်မှာ ကြားခံအလဲအလှယ်ပြု လုပ်လို့ရသည့် အရာဝတ္ထု တစ်ခု သာမက သိမ်းဆည်းထားခြင်းအားဖြင့်လည်း တန်ဖိုးရှိသော အရာဖြစ်သည်။ အဆိုပါ အဓိပ္ပာယ် ဖွင့်ဆိုချက်အရ အရာဝတ္ထု အားလုံးသည် ပိုက်ဆံအဖြစ်အသုံးပြု လို့ရနိုင်သည်။ သို့သော် ပစ္စည်းတစ်ခုက အခြားပစ္စည်းတစ်ခုထက် လဲလှယ်ရလွယ်ကူလျှင် လဲလှယ်ရခက်ခဲသော ပစ္စည်းကို လူတိုင်းက သုံးစွဲချင်ကြမည် မဟုတ်။ ထို့အပြင် အဖိုးမတန်သော ပစ္စည်းများကို လည်း စုဆောင်းထားချင်ကြမည် မဟုတ်ပေ။ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကာလကတည်းက အဖိုးတန်သတ္တု များကို အကောင်းဆုံး အဖိုးတန်ဆုံးပစ္စည်းဟု သတ်မှတ်ပြီး ပိုက်ဆံအဖြစ် သုံးစွဲ၊ စုဆောင်းလာခဲ့ကြသည်။ ၄င်းအဖိုးတန် သတ္တု တွင်းထွက်များအနက် ရွှေ နှင့် ငွေ (silver) တို့ကတော့ မပါမဖြစ်ပေ။
ယခုခေတ်အခါ အလျူ မီနီယမ် က လေယာဉ်အစိတ်အပိုင်းတွေ ထုတ်လုပ်မှုအတွက် ကောင်းသလို၊ ယူရေနီယမ်က နျူ ကလီးယားစွမ်းအင် ထုတ်လုပ်မှု အတွက်ကောင်းသည်။ သို့သော် သဘာဝကဖန်တီးပေးထားသော အခြားသော တွင်းထွက်သတ္တု ဒြပ်စင်အမျိုးအစားပေါင်း 92 မျိုး အနက် ရွှေကတော့ အခရာ ကျသော အဖိုးတန်သတ္တု ပင်ဖြစ်လေသည်။ ရွှေ ဟာစုဆောင်းမှုတန်ဖိုးမြင့်မားပြီး ပိုက်ဆံအဖြစ် သုံးစွဲနိုင်သည့် အဖိုးတန်ရတနာ ဖြစ်လေသည်။ ဂရိ တွေးခေါ်ပညာရှင်ကြီး အရစ်စတိုတယ် ကတော့ ဘီစီ 4 ရာစုကတည်းက ရွှေကို အဖိုးတန်ရတနာ အဖြစ် သတ်မှတ်နိုင်သည့် အကြောင်းရင်း 5 ချက်ကို တွေ့ရှိခဲ့သည်။ ၄င်းအကြောင်းရင်း 5 ချက်ကလည်း ယနေ့ခေတ်အခါထိ ကျိုးကြောင်းခိုင်လုံနေပါသည်။
လူအများက အစိုးရက ထုတ်ဝေသည့် စက္ကူ ငွေကြေး (Fiat Currency) ကို ပိုက်ဆံ ဟုသာ ထင်မြင်နေကြပြီး တကယ့်တကယ် ပိုက်ဆံ (Money) ဆိုသည့်အရာ၏ တန်ဖိုးကို နားလည်သူရှားပါးလှသည်။ အထင်ဖြင့်သာ မဟုတ်၊ တကယ်တော့ စက္ကူ ငွေကြေးများကလည်း ပိုက်ဆံ၏ အလုပ်လုပ်ပုံကဲ့သို့ အလုပ်လုပ်ပါသည်။ သို့သော် အရစ်စတိုတယ်၏ မှတ်တမ်းပြုစုထားသည့် စာရင်းအရ ပိုက်ဆံဆိုသည့်အရာတွင် အောက်ပါ ဝိသေသလက္ခဏာ 5 ရပ် ရှိပါသည်။
(1) တာရှည်ခံခြင်း။
ပိုက်ဆံဆိုသည်မှာ အငွေ့ပျံ သွားခြင်း သို့မဟုတ် အိတ်ကပ်ထဲ အလွယ်တကူထည့်သွားလို့ မရနိုင်ခြင်း မဖြစ်သော အရာဖြစ်ရမည်။ ဖျက်ဆီးရ မလွယ်ကူသော အကြမ်းခံသော အရာဖြစ်ရမည်။ ထို့ကြောင့် သားရဲတိရစ္ဆာန်ကို ပိုက်ဆံအဖြစ် အသုံးပြုသော်လည်း သစ်သီးဝလံများကိုတော့ သုံးလို့ မရပေ။ ၄င်းတို့ကို လွယ်လင့်တကူ စားပစ်လိုက်လို့လည်း ရသလို ပုပ်သိုးသွားနိုင်သောကြောင့်လည်း ဖြစ်သည်။
(2) ဖလှယ်နိုင်သည့်အရည်အသွေးရှိခြင်း။
ပိုက်ဆံဆိုသည်မှာ မည်မျှ ကြီးမားသည့်အရာပင်ဖြစ်လင့်ကစား ၄င်းထက်သေးငယ်သော အရာဖြင့်လဲလှယ်ပါက ဆုံးရှုံးမှု မရှိပဲ ညီမျှသောတန်ဖိုးအတိုင်း ဖလှယ်လို့ရနိုင်ရမည်။ 'မင်' မင်းဆက်ခေတ်က ဘုရင်ပိုင်သည့် အရည်အသွေးမြင့်ကြွေပန်းအိုးတစ်လုံးကို သာမန်ပန်းအိုး အရေအတွက်ဘယ်လောက်များများ နှင့် တန်ဖိုးညီမျှအောင်ဖလှယ်လို့ရမည်နည်း။ တန်ဖိုးချင်း ညီမျှဖို့ရာ မကိုက်ညီနိုင်သောကြောင့် ကြွေထည်များကို ပိုက်ဆံအဖြစ်မသုံးစွဲခဲ့ကြခြင်းပင်ဖြစ်သည်။
(3) တစ်တမတ်တည်းဖြစ်ခြင်း။
ပိုက်ဆံဆိုသည်မှာ အမြဲတမ်းလိုလို အသိအမှတ်ပြုခံရမှု ရှိရမည် ဖြစ်ပြီး ၄င်း၏ အစိတ်အပိုင်းတစ်ခုချင်းစီကတောင် အရည်အသွေးက တစ်တမတ်တည်းဖြစ်နေရမည်။ ထို့ကြောင့် ပန်းချီ ဆရာနှစ်ဦး လက်ရည်တူတယ် ၊ ပန်းချီပုံ အရွယ်အစားနှင့် ဆန်းကြယ်မှု ပုံစံအားလုံး တစ်ထေရာတည်း တူတယ်၊ တစ်တမတ်တည်းကျတယ် ဆိုရင်တောင်မှ ပန်းချီ ဆွဲသည့် ဆေးအဆီများကို ပိုက်ဆံ အဖြစ်သုံးစွဲခြင်းမပြုခဲ့ကြပေ။ ထို့အပြင် အိမ်ခြံမြေယာများကိုလည်း ပိုက်ဆံအဖြစ် မသုံးစွဲခဲ့ကြပေ။ အကြမ်းဖျင်းအားဖြင့် တစ်တမတ်တည်းရှိသော အရာဟု ယူဆနိုင်လျှင်တောင် အစိတ်အပိုင်း တစ်ခုချင်းစီကတော့ တစ်တမတ်တည်းမကျနိုင်သောကြောင့်ပင် ဖြစ်သည်။
(4) သယ်ဆောင်ရာ၌ သက်တောင့်သက်သာရှိခြင်း။
ပိုက်ဆံဆိုသည်မှာ တန်ဖိုးကြီးမားသော အရာတစ်ခုကို သေးငယ်သော အိတ်တစ်ခုအတွင်းထည့်၍ သွားလေရာ ကိုင်ဆောင်သွားလို့ရသည့် အရာဖြစ်ရမည်။ ထို့ကြောင့် ရှေးအခါက ရေ ကို ပိုက်ဆံအဖြစ် အသုံးမပြု ခဲ့ကြခြင်းပင်ဖြစ်သည်။ သယ်ဆောင်ရလွယ်ကူဖို့က ဘယ်လောက်အရေးကြီးလိုက်သနည်း? ရေကရားကြီးအပြည့်ဖြည့်ပြီး သွားလေရာ ယူသွားဖို့ ဆိုတာမဖြစ်နိုင်ပါပေ။ အိမ်တစ်လုံးဝယ်ဖို့ ရေ ဘယ်နှစ်ဂါလံစာလောက် သယ်ရမည်နည်း? သို့ မဟုတ် ကြေးနီ တန်ချိန် မည်မျှ သယ်သွားရမည်နည်း? ထို့ကြောင့် သံ၊ သွပ် ၊ကြေးနီတို့ကို ပိုက်ဆံအဖြစ် မသုံးခဲ့ကြခြင်းဖြစ်ပြီး ငွေ၊ ရွှေ တို့ကိုသာ ဒင်္ဂါးသွန်းလုပ်၍ သုံးစွဲခဲ့ကြသည်။
(5) ပကတိတန်ဖိုး ရှိခြင်း။
ပိုက်ဆံဆိုသည်မှာ လူများအားလုံးက သုံးစွဲလို့ရသောအရာ၊ လိုချင်တပ်မတ်သော အရာ ဖြစ်ရမည်။ ဥပမာ - မဖြူ ဆီမှ ကျောက်နီ တစ်လုံးကို လဲလှယ်ဖို့ မနီ ဆီမှာ မည်သည့်ကျောက်အမျိုးအစားမှ မရှိလျှင် ၄င်းကျောက်နီတစ်လုံးနှင့် ညီမျှသော ရွှေစ တစ်စကို ပေး၍ လဲလှယ်လို့ရ နိုင်သည်။ အဘယ့်ကြောင့် ဆိုသော် ရွှေ ဆိုသည့် အဖိုးတန်ရတနာကို မည်သူ မဆိုလိုချင်တပ်မက်ကြသည်။ ထို့ကြောင့် ရှေးအခါက ပကတိတန်ဖိုးမရှိသော စက္ကူ အပိုင်းအစများကို ပိုက်ဆံအဖြစ် မသုံးစွဲခဲ့ကြပေ။
အထက်ပါအချက် 5 ချက်အရ ရွှေ ဟာအကောင်းဆုံးသော စုဆောင်းသင့်သည့် ပိုက်ဆံဖြစ်ကြောင်း သိနိုင်ပါသည်။ အလျူ မီနီယမ်ကို လေယာဉ်ထုတ်ဖို့ သုံးနိုင်သလို စတီးကို အိမ်ဆောက်ဖို့ သုံးနိုင်သည်။ စာရွက်ကို စာအုပ်လုပ်ဖို့ သုံးနိုင်သည်။ သို့သော် ၄င်းတို့က ပိုက်ဆံ မဟုတ်ပေ။ ရွှေကသာ ပိုက်ဆံ၏ အရည်အသွေးအပြည့်အဝရှိသော ကြားခံ ဖလှယ်နိုင်သည့် အရာဖြစ်သလို စုဆောင်းခြင်းအားဖြင့်လည်း တန်ဖိုးရှိသော အဖိုးတန်ရတနာ ဖြစ်ပါသည်။
ယနေ့မျက်မှောက်ခေတ်ကြီး၌ ကမ္ဘာ့နိုင်ငံအများစုတို့ က အမေရိကန်ဒေါ်လာ နေရာမှာ ရွှေကို အစားထိုးဖို့ရန် ပြင်ဆင်နေကြပြီဖြစ်ကြောင်းကို တရုတ်၊ရုရှားတို့ကို နမူနာထားကြည့်နိုင်သည်။ အနာဂတ်ကာလမှာလည်း ရွှေဟာ အစားထိုးလို့မရတဲ့ ပိုက်ဆံငွေကြေးအဖြစ် မြင်တွေ့ရဖို့ရန်သာရှိနိုင်သည်။ ထို့ကြောင့် ရွှေ ဟာ အနာဂတ်မှာ ဒီထက်မက တောက်ပဖို့ အနေအထားမျိုးသာ ရှိနိုင်ပါသည်။
14. 8. 2019
(2019 တုန်းက စာကို ပြန်တင်ခြင်းဖြစ်သည်)
Photo - Google