Spot Price ဆိုတာ ဘာလဲ?
Spot price ဆိုတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ လက်နဲ့ ထိတွေ့ကိုင်တွယ်လို့ရနိုင်တဲ့ ရွှေထည် (Physical Gold) ကို ဝယ်ယူဖို့ရာအတွက် မိတ်ဆွေက ပေးလိုက်ရတဲ့ လက်ငင်းစျေးနှုန်း ကို Spot price လို့ ခေါ်တာပဲ ဖြစ်ပါတယ်။
အင်ဗက်စတိုပီဒီးယား က အဓိပ္ပာယ်ဖွင့်ဆိုထားတာကတော့ "Spot Price" ဆိုတာဟာ “the current price in the marketplace at which a given asset—such as a security, commodity, or currency—can be bought or sold for immediate delivery.” လို့ ဆိုထားပါတယ်။
ဆိုလိုတဲ့အဓိပ္ပါယ်ကတော့ securities အုပ်စုဝင်ဖြစ်တဲ့ စတော့ရှယ်ယာ၊ ဘွန်း၊ Debenture၊ Derivative asset များနှင့် ကုန်စည်အက်ဆက်အမျိုးအစားတွေ ဖြစ်ကြတဲ့ ရွှေ၊ ရေနံ၊ silver နှင့် နိုင်ငံခြားငွေကြေးတွေ ကို လက်ရှိစျေးကွက်ပေါက်စျေး အတိုင်း ချက်ချင်း လက်ငင်း၊ လက်ရောက် ဝယ်ယူမှု လုပ်ကြတဲ့ စျေးနှုန်းကို "Spot Price" လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေစျေးနှုန်း (Spot Gold Price) ကို ဘယ်သူက သတ်မှတ်ပေးတာလဲ?
ကမ္ဘာ့ရွှေစျေးနှုန်းဟာ ကမ္ဘာတဝန်းက ရွှေထည် စျေးကွက်ကြီးတွေ ထဲမှာ အရောင်းအဝယ် လုပ်နေကြတဲ့ Supply, Demand တို့အပေါ် အခြေခံပြီး ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ တဦးတယောက်ကဖြစ်စေ၊ အဖွဲ့အစည်း တခုကဖြစ်စေ သတ်မှတ်ပေးလို့မရပါ။
ကမ္ဘာလုံးဆိုင်ရာစီးပွားရေး၊ ပထဝီနိုင်ငံရေး၊ နိုင်ငံတကာ ကုန်သွယ်ရေး စတဲ့ အကြောင်းအချက်တွေပေါ် မူတည်ပြီး စျေးကွက်တွင်း ပါဝင်ရောင်းဝယ်နေကြတဲ့ ဘဏ်ကြီးတွေ၊ Financial Institution ကြီးတွေ၊ Dealer တွေ ၊ Investor တွေ များစွာတို့ရဲ့ အရောင်းအဝယ် လှုပ်ရှားမှုတွေက ကမ္ဘာ့ရွှေစျေးနှုန်း အတက်အကျကို ဖြစ်ပေါ်စေတာပဲ ဖြစ်တယ်။
ဒါဆိုရင် ကမ္ဘာ့ရွှေစျေးကရော ဘယ်နိုင်ငံရဲ့ ရွှေဈေးနှုန်းကို ခေါ်သလဲ?
အဖြေကတော့ ဘယ်နိုင်ငံရဲ့ ရွှေဈေးကိုမှ ကမ္ဘာ့ရွှေဈေးလို့ ခေါ်ဆို သတ်မှတ်ထားတာမျိုးဟူ၍ မဟုတ်ပါ။ Paper gold market မှာ အရောင်းအဝယ်လုပ်နေကြတဲ့ XAUUSD ပေါက်ဈေးကို ကမ္ဘာ့ရွှေဈေးလို့ ခေါ်တာ ဖြစ်ပါတယ်။ XAUUSD ရဲ့ သတ်မှတ်ပေါက်ဈေးဟာ နေရာတခုတည်းကနေ လာတာမျိုး မဟုတ်ဘဲ ရွှေဈေးကွက်များစွာ တို့ကနေ ဆင်းသက်လာတာလည်း
ဖြစ်ပါတယ်။
လန်ဒန် ရွှေတုံးစျေးကွက် (London Bullion Market Association - LBMA) ကတော့ Spot Gold Price ဖြစ်ပေါ်စေတဲ့ အဓိက ေရှ့ဦးပိုင်းေနရာမှာ ရှိနေပါတယ်။ LBMA မှာဆိုရင် Gold Price Auction လုပ်ပြီး စံနှုန်းထားစျေးနှုန်းတရပ်ကို တနေ့ကို 2 ကြိမ် ထုတ်ပြန်ပေးလေ့ ရှိတယ်။ ၎င်း လေလံတင် အရောင်းအဝယ် ပလက်ဖောင်းအတွက် ICE Benchmark Administration (IBA) က ပံ့ပိုးပေးထားပြီး စျေးနှုန်း အတက်အကျတွေကို မှတ်တမ်းတင် စာရင်းပြုစုပေးထားပါတယ်။ အဲဒီလို လေလံတင် အရောင်းအဝယ် လုပ်ခွင့်ကို တရားဝင် ခွင့်ပြုချက်ရထားတဲ့ Financial Institution ကြီး 15 ခု အထိ ရှိပါတယ်။
၎င်းတို့ကတော့
Bank of China
Citibank, N.A. London Branch
Coins ‘N Things Inc.
DRW Investments, LLC
Goldman Sachs
HSBC Bank USA NA
Industrial and Commercial Bank of China (ICBC)
Jane Street Global Trading, LLC
JPMorgan Chase Bank, N.A. London Branch
Koch Supply and Trading LP
Marex
Morgan Stanley
Standard Chartered Bank
StoneX Financial Ltd
Toronto-Dominion Bank
တို့ပဲ ဖြစ်ပါတယ်။
အထက်ပါ Financial Institution ကြီးတွေမှာ ပါဝင်အရောင်းအဝယ်လုပ်နေကြတဲ့ ရွှေကုန်သည်တွေ တဦးချင်းစီတို့ရဲ့ အရောင်းအဝယ် စာရင်းတွေကို ၎င်း Financial Institution ကြီး တွေက list သွင်းမှု လုပ်ပေး ရပါတယ်။ ဘယ်စျေးတွေမှာ အရောင်းအဝယ်လုပ်မှုများပြီး အရောင်းအော်ဒါ၊ အဝယ်အော်ဒါတွေရဲ့ အရေအတွက်တွေ စိစစ်ပြီးမှ သင့်တင့်တဲ့ စျေးနှုန်းတရပ်ကို LBMA ကနေ စံနှုန်းထား စျေးအဖြစ် ကြေညာပေးပါတယ်။
LBMA ဟာ ကမ္ဘာ့ရွှေစျေးနှုန်း (Spot Gold Price) ဖြစ်ပေါ်လာအောင် သတ်မှတ်ပေးတဲ့ ဌာနမဟုတ်ပါဘူး၊ Spot Gold Price ဖြစ်ပေါ်လာရေး အတွက် အဓိက ကျတဲ့ စျေးကွက်source တခုအနေနဲ့သာလျှင် ဖြစ်ပါတယ်။
တခြားသော ရွှေအရောင်းအဝယ် အိတ်ချိန်းတွေဖြစ်ကြတဲ့ Chicago Mercantile Exchange (CME)၊ Shanghai Gold Exchange (SGE)၊ over-the-counter (OTC) စျေးကွက်နှင့် အခြားသော အရောင်အဝယ် ပလက်ဖောင်းတွေကနေ ဖြစ်ပေါ်နေတဲ့ အရောင်းအဝယ် လှုပ်ရှားမှုတွေ ကလည်း ကမ္ဘာ့ရွှေစျေးနှုန်းကို ဖြစ်ပေါ်လာစေတဲ့ စျေးကွက် ဌာနေတွေ ဖြစ်ကြပါတယ်။ အဲဒီထဲကမှ အမေရိကန်နိုင်ငံက ရွှေကြိုရောင်းကြိုဝယ် (Futures market) စျေးကွက်ဖြစ်တဲ့ COMEX ကတော့ LBMA လိုပဲ ကမ္ဘာ့ရွှေစျေးနှုန်း ဖြစ်ပေါ်ရာ လမ်းကြောင်းရဲ့ အဓိက အခန်းကဏ္ဍမှာ ရှိနေပါတယ်။
ကမ္ဘာ့ရွှေစျေးကွက်ကြီးတွေနဲ့ ကမ္ဘာ့ရွှေစျေးနှုန်းအကြောင်းကို စာရေးသူရဲ့ "ခရစ်တိုငွေကြေး၊ ဘလော့ချိန်းနည်းပညာနှင့် ကမ္ဘာ့ရွှေ စျေးကွက်" ဆိုတဲ့ စာအုပ်ထဲမှာ အကျယ်တဝင့် ရေးသားရှင်းပြထားပြီးသားလည်း ဖြစ်ပါတယ်။
အရောင်းအဝယ်နည်းစနစ်တွေကို စာရေးသူနဲ့ တိုက်ရိုက် အနီးကပ်လေ့လာသင်ယူချင်တယ် ဆိုရင်တော့ Financial Market Zoom Class ကို join လို့ရပါကြောင်း ၊ အထူး Bonus လက်ဆောင်တွေ လည်း ပါဝင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
29. 6. 2023