Fed ဗဟိုဘဏ် ရဲ့ QT လမ်းကြောင်း အဆုံးသတ်နိုင်ခြေ အလားအလာနှင့် ကမ္ဘာ့ရွှေစျေးနှုန်း 

fedchart

 
     မနေ့ကတော့ Silicon Valley Bank ကြီး ရဲ့မိခင်ကုမ္ပဏီ ဖြစ်တဲ့ SVB financial group ဒေဝါလီခံခဲ့ရသည့် ဖြစ်ရပ်ရှိခဲ့ပြီး ကမ္ဘာ့ရွှေစျေးနှုန်းက တနေ့တာ အတက်နှုန်း +2% ကျော် အတက်ရှိခဲ့ပါသည်။ သောကြာနေ့ အပိတ်စျေး တအောင်စကို $1989 အထိ တက်၍ပိတ်ခဲ့ပြီး ၎င်းစျေးဟာ 2022 ခုနှစ် ဧပြီလနောက်ပိုင်း အမြင့်ဆုံးစျေးလည်း ဖြစ်ပါသည်။
 
     2022 ခုနှစ် မတ်လကနေစပြီး အမေရိကန် Fed ဗဟိုဘဏ်ကြီး က အတိုးနှုန်းတိုးခြင်း အကြော့ကို စတင်ခဲ့သည်။ ပြီးခဲ့တဲ့ 2022 ခုနှစ်ထဲမှာ အတိုးနှုန်း တိုးသည့် အကြိမ်ရေ စုစုပေါင်း 7 ကြိမ်အထိ ရှိခဲ့ပြီး 0.75%( အခြေခံပွိုင့် 75 ပွိုင့်) ထိုးခြင်းကို 4 ကြိမ်ဆက်တိုက် စံချိန်တင် တိုးမြင့်ခဲ့သည်။ ၎င်းအနေအထားက ကမ္ဘာ့ရွှေစျေး အပေါ်ဖိအားဖြစ်စေခဲ့ပြီး 2022 ဧပြီလနောက်ပိုင်း ရွှေဟာ အကျလားရာဘက်သို့ ထိုးစိုက်ဆင်းခဲ့ပါသည်။
 
     ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတော့ အမေရိကန် ဘဏ်ကြီးတွေရဲ့ ငွေကြေးအကြပ်အတည်းဆိုက်မှု သတင်းဆိုးတွေက Fed ဗဟိုဘဏ်ရဲ့ အတိုးနှုန်း တိုးခြင်းကို အနှောင့်အယှက်ဖြစ်လာစေသည်။ လာမည့် တပတ်ထဲ ဗုဒ္ဓဟူးနေ့၌ Fed အစည်းအဝေး ရှိနေပြီး အတိုးနှုန်း အခြေခံပွိုင့် 25 ပွိုင့်တိုးနိုင်ခြေ စျေးကွက်ခန့်မှန်းနှုန်း 62% အထိ ရှိနေပြီး အတိုးနှုန်းမတိုးဘဲ လက်ရှိ range ထဲသာ ဆက်ထားမည့် အလားအလာကတော့ 38% အထိမြင့်တက်လာပါသည်။ SVB သတင်းဆိုး မရှိလာခင် ရှေ့တပတ်ကျော်က အခြေခံပွိုင့် 50 ပွိုင့်တိုးနိုင်ခြေ များခဲ့ရာကနေ ပြန်လျော့ကျလာတာလည်း ဖြစ်ပါသည်။
 
     ဒေသတွင်း ဘဏ်များရဲ့ အကြပ်အတည်းကြောင့် Fed ဗဟိုဘဏ်ရဲ့ ငွေဝင်ငွေထွက် လက်ကျန်ရှင်းတမ်းမှာ စိုက်ထုတ်ရငွေ တန်ဖိုးဟာ တပတ်အတွင်း ဒေါ်လာ 300 ဘီလီယံ နီးပါးအထိ မြင့်တက်မှု ရှိခဲ့သည်။ ၎င်းအချက်ကို ထောက်ရှုခြင်းအားဖြင့် Fed ဟာ QT ပေါ်လစီကို အနားသတ်ရဖို့ ရှိနိုင်ကြောင်း သုံးသပ်နိုင်ပါသည်။ ထိုအချက်က ဒေါ်လာငွေကြေး အပေါ် ဖိအားဝင်စေနိုင်ပြီး ရွှေလို safe haven အက်ဆက်ကို ပို၍ အရောင်တောက် စေနိုင်ပါသည်။
 
18. 3. 2023
Category: