
2022 ခုနှစ်ထဲ၌ ကမ္ဘာလုံးဆိုင်ရာ စတော့စျေးကွက်ထဲမှာ စတော့စျေးနှုန်းတွေ အကျဘက်သို့ ဆိုးဝါးစွာ ကျဆင်းမှု ရှိခဲ့ပါသည်။ နှစ်စကနေ လက်ရှိအချိန်ထိ စတော့ညွှန်းကိန်းတို့၏ ဘိုးအေကြီးဖြစ်တဲ့ Dow Jones စတော့ညွှန်းကိန်း ဆိုလျှင် အကျနှုန်း - 13.5% ၊ S&P 500 စတော့ညွှန်းကိန်းက အကျနှုန်း - 17.9% ၊ NASDAQ စတော့ညွှန်းကိန်းက အကျနှုန်း - 27.4% နှင့် Russell 2000 စတော့ညွှန်းကိန်းက -19.7% စသဖြင့် အကျများစွာ ရှိခဲ့ကြပါသည်။
စတော့စျေးကွက် ကျဆင်းမှုဘက်သို့ ရောက်ရှိနေသော အချိန်ကာလများ၌ ရင်းနှီးမြှုပ်နှံသူတွေဟာ စိုးရိမ်စိတ် လွန်ကဲမှုများ ရှိတတ်ကြပါသည်။ ၎င်းအချက်နှင့် ပတ်သက်ပြီး စတော့ ဂရုကြီး ဝါရင်းဘတ်ဖက်က 2016 ခုနှစ်တုန်းက အင်တာဗျူးတခုမှာ အကြံပြု ပြောကြားခဲ့ဖူးသည်။
စျေးကျဆင်းနေသည့် ကာလများ၌ ရင်းနှီးမြှုပ်နှံသူ (Investor) များ အနေဖြင့် စျေးကျဆင်းမှုတွေ အပေါ် စိုးရိမ်သည့် စိတ်ခံစားမှု မလွန်ကဲသင့်ကြောင်း၊ နေ့စဉ် စျေးအတက်အကျများအပေါ် စိတ်ခံစားမှု မထားသင့်ကြောင်း ဘတ်ဖက်က အကြံပြုထားခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှု လောကမှာ အောင်မြင်မှု သရဖူဆောင်းထားသည့် investor ကြီး Jack Bogle ကလည်း ဝါရင်းဘတ်ဖက်နှင့် အတွေးတူ သည်ကို တွေ့ရသည်။
Bogle ကလည်း စျေးကွက်ထဲမှာ စျေးနှုန်းတွေ ကျဆင်းမှု ရှိနေစဉ် အချိန်ကာလအတွင်းမှာ မိမိတို့ရဲ့ စိုးရိမ်စိတ် နောက်ကို လိုက်ပြီး စတော့တွေကို အရောင်းမစောကြရန် အကြံပြုပြောဆိုထားခဲ့ပါသည်။ စျေးကျဆင်းနေချိန်မှာ ရောင်းထုတ်မိပြီးကာမှ စျေးနှုန်း အတက်ပြန်နာလန်ထူသည့်အခါ ရသင့် ရထိုက်သည့် အခွင့်အရေးကောင်းကြီးကို လက်လွှတ်ဆုံးရှုံးလိုက်ရနိုင်ခြေ ရှိနိုင်ပါသည်။
ထို့ကြောင့် ဝါရင်းဘတ်ဖက်ဟာ စတော့ရွေးချယ်တဲ့အခါ အနာဂတ်ကာလမှာ တိုးတက်နိုင်ခြေ အလားအလာကောင်းများ ရှိနိုင်သည့် ကုမ္ပဏီ မျိုးရဲ့ စတော့များကို ဝယ်ယူထားပြီး 10 နှစ်၊ အနှစ် 20, 30 လောက်အထိ လက်ဝယ်ထား ရင်းနှီးမြှုပ်နှံမှု လုပ်သည့် Buy and Hold နည်းဗျူဟာကို ကျင့်သုံးခြင်းလည်း ဖြစ်ပါသည်။
Nang Kham Thiri Oo (12. 6. 2022)