
TVM (Time Value of Money) ဆိုတာ ကို ရိုးရိုးရှင်းရှင်းဆိုရရင်
"Money today is worth more than the same amount of money in the future." ဟူ၍ မှတ်သားနိုင်ပါသည်။
ဒီကနေ့မှာ ရှိတဲ့ 100 ကျပ်ဟာ နောက်နှစ်မှာလည်း 100 ကျပ်တန်ဖိုးနှင့် ညီမျှမည် ဆိုပါက.. ဒီကနေ့ လက်ထဲမှာ ရှိနေသည့် 100 ကျပ်ဟာ နောက်နှစ်မှ ရမည့် 100 ကျပ်ထက်ပိုပြီး တန်ဖိုး ရှိပါသည်။
စတော့၊ ရွှေ၊ ခရစ်တို၊ Real estate စသဖြင့် အက်ဆက်ရင်းနှီးမြှုပ်နှံမှု တခုခု (သို့မဟုတ်) လုပ်ငန်းတခုခုကို လုပ်မည်ဆိုပါက ဒီကနေ့ ရင်းလိုက်တဲ့ငွေဟာ အနာဂတ်ကာလတွေမှာ ဘယ်လောက် တိုးပွားလာနိုင်မလဲဆိုတာ သုံးသပ်နိုင်ဖို့လွန်စွာ အရေးကြီးပါသည်။
ဘာလို့ဆိုတော့ ကိုယ့်ရင်းနှီးမြှုပ်နှံမှုအတွက် ပေးလိုက်ရတဲ့ အချိန်ကာလ အတောအတွင်းမှာ Inflation မြင့်တက်လာနိုင်သည့် Risk၊ စီးပွားရေး မရေရာ မသေချာမှုတွေ ရှိလာနိုင်သည့် Risk တွေ ၊ လက်ငင်းအသုံးလိုမှုအတွက် လက်လွှတ်လိုက်ရတဲ့ စွန့်လွှတ်မှုတွေ နှင့် အခွင့်အလမ်း အတွက် ကုန်ကျစရိတ် (Oppotunity Cost) တွေ များစွာ ရှိနိုင်သည်။ ဒါတွေကို မထေကာမိနိုင်ရင် ရင်းနှီးမြှုပ်နှံမှုဟာ အကျိုးဖြစ်ထွန်းမှု ရှိနိုင်လိမ့်မည် မဟုတ်ပေ။
အဲဒါကို မြင်သာစေဖို့ ရိုးရိုးရှင်းရှင်း ဥပမာ တပုဒ် တွက်ကြည့်ကြမည်။ ဥပမာ - လူတယောက်ဟာ 100 ကျပ်ကို အတိုးနှုန်း 5% ဖြင့် တနှစ်အပ်ငွေ အကောင့်ထဲမှာ စုဆောင်းထားမည် ဆိုပါစို့။
- ဒီကနေ့ လက်ထဲရှိတဲ့ငွေ 100 ဟာ PV (Present Value ) ၊
- အတိုးနှုန်းကတော့ r (Interest rate) ၊ နှင့်
- လာမည့်နှစ်တွင် ရှိလာနိုင်မည့် စုငွေတန်ဖိုး FV (Future Value) ဟူ၍ ထားလိုက်မည်။
ရိုးရိုး ဂဏာန်းတွက်စက်ဖြင့် တွက်မည်ဆိုလျှင် ဒီဖော်မြူလာအတိုင်း တွက်နိုင်ပါသည်။ FV = PV (1+r) ဆိုတော့ 100 (1+ 0.05) = 105 ဖြစ်ပါမည်။ တနှစ်ပြည့်သော် သူ့ရဲ့ စုငွေ အကောင့်ထဲမှာ အရင်း + အတိုး စုစုပေါင်း 105 ကျပ် ရှိနေရမည်။
အကယ်၍ တနှစ်ပြည့်သည့်အချိန်၌ FV တန်ဖိုး 100 ကျပ်ပဲ ရှိမည် ဆိုပါက ဒီကနေ့ PV တန်ဖိုးဟာ 95.24 ကျပ်ပဲ တန်ကြေး ရှိရမှာ ဖြစ်သည်။ အဲဒီ တနှစ်နေမှ ရမယ့် 100 ကျပ်ကို ဒီကနေ့ အထိ ဘက်ပြန်လျှော့တွက်မှု (Discounted) လုပ်ကြည့်ပါက PV = FV / (1+r) ဆိုတော့ကာ.. 100 ÷ (1+ 0.05) = 95.24 ကျပ်ဟူ၍ PV တန်ဖိုး ရမည်။
BA 2 Plus Financial Calculator ဖြင့် တွက်မည်ဆိုပါက Keystrokes >>>
PV (-100) , N (1) , I/Y (5) , PMT (0) , CPT/FV = 105
FV (100) , N (1) , I/Y (5) , PMT (0) , CPT/PV = -95.24
ဟူ၍ တွက်နိုင်သည်။
အစောကပြောခဲ့သလို ရင်းနှီးမြှုပ်နှံမှု တခု လုပ်ဖို့ အနာဂတ်မှာ ဘယ်လောက်တိုးပွားနိုင်ခြေ ရှိသလဲ၊ အနာဂတ်ကာလမှာ ပြန်ရမယ့် တန်ဖိုးဟာ ဒီကနေ့တန်ဖိုး အနေနဲ့ အကဲဖြတ်ကြည့်မယ်ဆိုရင် ဘယ်လောက် ရှိနိုင်သလဲ စသဖြင့် သုံးသပ်မှု လုပ်ခြင်းကို Investment Valuation လုပ်သည် ဟု ခေါ်ပါသည်။ အဲဒီတော့ TVM ဟာ Investment valuation လုပ်သည့်အခါ အရေးကြီးသည့် အခြေခံ အုတ်မြစ်ပင် ဖြစ်သည်။
ဘယ် ရင်းနှီးမြှုပ်နှံမှုအမျိုးအစားကို မဆို အကဲဖြတ်သည့်အခါ valuation model တွေ အများစုတို့ဟာ TVM ကို အခြေခံကြတာ ဖြစ်သည်။
အကယ်၍ မိတ်ဆွေဟာ Stock investor တယောက်ဆိုပါစို့။ စတော့ တခုကို မဝယ်ခင်မှာ အဲဒီစတော့ကို ဝယ်သင့် မသင့်၊ တန်၏ မတန်၏ ဆိုတာ သုံးသပ်နိုင်ဖို့ရာ အနာဂတ်မှာ ၎င်းစတော့ကနေ ရရှိနိုင်သည့် Dividend တွေ ၊ ကုမ္ပဏီက ရလာနိုင်သည့် Cash flows တွေကို Discounted လုပ်ကြည့်ခြင်းအားဖြင့် သုံးသပ်နိုင်သည်။
အကယ်၍ မိတ်ဆွေဟာ Bond investor တယောက် ဆိုပါစို့။ ဘွန်း တခုကို ဝယ်သင့်မဝယ်သင့် သုံးသပ်ချင်သည့်အခါ Coupons နှင့် Principal တို့ရဲ့ Present Value ကို တွက်ချက်ပြီး သုံးသပ်နိုင်သည်။
အကယ်၍ မိတ်ဆွေဟာ Real Estate investor တယောက်ဆိုပါစို့။ Rental income တွေကို Discounted လုပ်ကြည့်ခြင်းအားဖြင့် အကဲဖြတ်နိုင်သည်။
အကယ်၍ မိတ်ဆွေဟာ လုပ်ငန်းစီမံကိန်း တခုကို လုပ်သင့်မလုပ်သင့် ၊ တွက်ချေကိုက်မကိုက် သုံးသပ်ချင်ရင် Net Present Value (NPV) နှင့် Internal Rate of Return (IRR) တို့ဖြင့် အကဲဖြတ်နိုင်သည်။
ဒီ model တွေ အားလုံးဟာ TVM ကို အခြေခံထားတာပဲ ဖြစ်ပါသည်။
Long-term investment လုပ်မည်ဆိုရင် တိုးရင်းပေါင်း သက်ရောက်မှု (Compounding) ကိုပါ ထည့်တွက်ဖို့လိုပါသည်။ ဒါလည်း TVM ကို အခြေခံပြီး တွက်နိုင်သည်။ ဥပမာ - မိတ်ဆွေဟာ စတော့စျေးကွက်မှာ $10,000 invest လုပ်ထားပြီး 10 နှစ်လောက် အထိ လက်ကိုင်ထားမည် ဆိုပါစို့။ မိတ်ဆွေ ကိုင်ထားတဲ့ စတော့တွေကနေ နှစ်စဉ် Dividend တွေကို auto reinvest လုပ်သွားမည် ဆိုပါစို့။ နှစ်စဉ်တိုင်းမှာ Capital gain + Income gain စုစုပေါင်း ပျမ်းမျှ Return +8% ထွက်သည် ဆိုကြပါစို့။
ဒါဆိုရင် ရင်းနှီးလိုက်ရတဲ့ အချိန်ကာလမှာ compounding အကျိုးအမြတ် ဘယ်လောက်ထွက်သလဲ ဆိုတာ ဒီပုံစံ အတိုင်း တွက်နိုင်ပါသည်။
FV = PV (1+ r)^n
PV = $10,000
r= 8%
n= 10
Compounding ပါပြီးသား ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးဟာ $21,589 အထိ တန်ကြေးရှိလာမည် ဖြစ်သည်။ $10,000 ကနေ နှစ်စဉ် 8% return ဖြင့် တိုးရင်းပေါင်းအမြတ်ပါပြီးသား တန်ဖိုး $21,589 အထိ တက်လာတာဖြစ်သည်။
အကယ်၍ ၎င်းနှုန်း အတိုင်း အနှစ် 20 အထိ invest လုပ် ထားမည်ဆိုလျှင် တိုးရင်းပေါင်းအမြတ်ပါပြီးသား တန်ဖိုး $46,609 အထိ တက်လာမည် ဖြစ်သည်။
ပထမ 10 နှစ်မှာ အမြတ် စုစုပေါင်း $11,589 ရှိလာတာ ဖြစ်ပြီး ဒုတိယ 10 နှစ်မှာတော့ အမြတ်စုစုပေါင်း $25,020 ရှိလာတာလည်း ဖြစ်ပါသည်။
BA 2 Plus Financial Calculator ဖြင့် တွက်မည်ဆိုပါက Keystrokes >>>
PV (-10,000) , N (10) , I/Y (8) , PMT (0) , CPT/FV = 21,589
PV (-10,000) , N (20) , I/Y (8) , PMT (0) , CPT/FV = 46,609.6
ဒါဟာ Compounding ရဲ့ အလုပ်လုပ်ပုံပင် ဖြစ်သည်။ စတင် ရင်းနှီးမြှုပ်နှံမှု လုပ်သည့် နှစ်အစောပိုင်းတွေထက် နှောင်းပိုင်းနှစ်တွေမှာ တိုးရင်းပေါင်း အကျိုးအမြတ်တွေ ပိုထွက်တယ်ဆိုတာ သိသာစွာ မြင်နိုင်ပါသည်။
ဒါကြောင့်လည်း စတော့ဂရုကြီး ဝါရင်းဘတ်ဖက်ဆိုရင် စတော့တွေကို ရွေးချယ်မှု လုပ်သည့်အခါမှာ တန်၏ မတန်၏ သိနိုင်ဖို့ စတော့ရဲ့ Intrinsic Value ကို ရှာသည့်အခါ DCF (Discounted Cash Flow) model ကိုသုံးပါသည်။ အရင်ဦးဆုံး စတော့တွေကို DCF မော်ဒယ်ဖြင့် ရွေးချယ်ပြီးတော့ ၎င်း စတော့တွေကို နှစ်ဆယ်ချီလက်ကိုင်ထားမှု လုပ်ကာ compound အကျိုးအမြတ်ကို သယ့်ယူတာလည်း ဖြစ်သည်။
#NangKhamThiriOo (Facebook , YouTube) , NK-Financial Markets @nangkhamthirioo (TikTok)
7. 1. 2026