ဘာကြောင့် သူများ Trade သလို လိုက်ပြီး မ trade သင့်တာလဲ? 

Written by admin1

FxMoti

 
Forex trading လောကထဲသို့ စတင်ဝင်ရောက်လာသော trader အသစ်လေး များတို့ဟာ တခြားသော သူများ၏ Profit screenshots တွေကို လိုက်ကြည့်ပြီး အတုယူကာ ထို့သူတို့ကဲ့သို့ လိုက် Trade ချင်သည့် စိတ်မျိုး ဖြစ်ပေါ်တတ်ကြပါသည်။
သူများ မြတ်သလို မြတ်ချင်သည့် အတွက်ကြောင့် သူများလုပ်သလို မိမိက လိုက်လုပ်၊ ပုံတူကူးချပြီး trade လို့အဆင်မပြေနိုင်ပေ။ Trading ဟာ အနုပညာ တပိုင်း၊ သိပ္ပံပညာ တပိုင်း နွှယ်သည့် လုပ်ငန်းမျိုး ဖြစ်သောကြောင့် မိမိရဲ့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင် အတွေးအမြင်တို့နဲ့ လုပ်ဆောင်မှသာလျှင် Trader ကောင်း တယောက်အဖြစ် ရပ်တည်နိုင်မည် ဖြစ်သည်။
သူများ Trade သည့် ပုံစံအတိုင်း လိုက် trade လို့ မရနိုင်သည့် အကြောင်းပြချက်တွေ များစွာ ရှိနိုင်သည့် အနက် အဓိက အချက်တွေကတော့ -
သူများရဲ့ Entry / Exit strategy တွေကို သေချာစွာ မသိနိုင်ခြင်း၊
သူများရဲ့ position size က ကိုယ်နဲ့ကိုက်လား မကိုက်လား မသိခြင်း၊
သူများရဲ့ timeframe ကို မသိနိုင်ခြင်း၊
သူများရဲ့ risk ယူနိုင်သည့် အနေအထားနဲ့ မိမိရဲ့ risk ယူနိုင်သည့် အနေအထားချင်းတို့က မတူခြင်း
သူများရဲ့ လေ့ကျင့်မှု အတိုင်းအတာနဲ့ မိမိရဲ့ လေ့ကျင့်နိုင်မှုတို့က မတူခြင်း
စသည်ဖြင့် တယောက်နဲ့ တယောက်ဟာ နည်းစနစ်တခုတည်းကို လေ့ကျင့်ပေအုံးတော့ အသုံးချမှုမှာ တထပ်တည်းကျနိုင်မည် မဟုတ်ပေ။
စာရေးသူ ငယ်ငယ်တုန်းက ကြားဖူးခဲ့သည့် ပုံပြင်လေး တပုဒ်ရှိပါသည်။ ပုံပြင်လေးကတော့ ရှေးခေတ်အခါတုန်းက ကျောင်းသားလေး နှစ်ယောက်ဟာ ဆေးဆရာ ပရော်ဖက်ဆာကြီး တဦးထံမှောက် ပညာသင်ကြားခဲ့ကြသည်။ ပညာစုံလို့ နေရပ်ပြန်မလွှတ်ခင် ဆရာကြီးက ၎င်းတို့နှစ်ဦးရဲ့ အရည်အချင်းကို စမ်းလိုတာကြောင့် တယောက်ကို ပုလင်းလေး တလုံးစီပေးပြီး မြက်ပင်ပေါ်က နှင်းရည်စက်ကို တညလုံး ခံယူခဲ့ပြီးတော့ မနက်ကြရင် လာပြဖို့ မှာကြားလိုက်လေသည်။
မနက်မိုးသောက်တော့ ကျောင်းသား နှစ်ဦးတို့ဟာ ဆရာကြီးရှေ့မှောက်သို့ ပုလင်းလေး ကိုယ်စီကိုင်ပြီး ရောက်လာခဲ့ကြသည်။ ထိုအခါ တယောက်က ပုလင်း တဝက်တောင်မရဘဲ တယောက်ကတော့ ပုလင်းအပြည့်ရခဲ့သည်။ ပုလင်းတဝက်တောင် မရတဲ့ တယောက်ကတော့ မြက်ပင် တပင်ချင်းစီကနေ နှင်းရည်စက်ကို ပုလင်းထဲ ငှဲ့ယူခဲ့သည်။ ပုလင်း အပြည့်ရသည့် တယောက်ကတော့ ဝါဂွမ်းလေးနဲ့ မြက်ပင်ပေါ်က နှင်းရည်စက်တွေကို လိုက်စုပ်ယူကာ ပုလင်းထဲသို့ ညစ်ထည့်ခဲ့သောကြောင့် ပုလင်းအပြည့်ရခဲ့သည်။ ပရော်ဖက်ဆာကြီးလည်း ပုလင်းအပြည့်ရသည့် ကျောင်းသားကို လွန်စွာ သဘောကျပြီးတော့ ထိုကျောင်းသားကို သမီးဖြစ်သူနဲ့ ထိမ်းမြားလက်ထပ်ပေးပြီး နေရပ်ပြန်လွှတ်လိုက်လေသည်။
ပုံပြင်လေးအတိုင်းပင် သင်ယူမှုတွေ နည်းစနစ်တွေ တူရင်တောင် အခြေအနေ၊ အချိန်အခါပေါ် မူတည်ပြီးတော့ Trader တဦးချင်းစီတို့ဟာ အသုံးချပုံ ၊ အသုံးချနည်း မတူနိုင်တာကြောင့် မိမိရဲ့ ကိုယ်ပိုင်ဟန် ဖြစ်အောင် ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်း ရေးသားလိုက်ပါသည်။
28. 3. 2022
မနှစ်က စာစုကို ပြန်မျှဝေခြင်းဖြစ်သည်။
Photo - Google
Category: