
လူတိုင်းလူတိုင်းမှာ ရည်မှန်းချက်တွေ မတူကွဲပြားကြပေမယ့် Trading လုပ်သူတိုင်းရဲ့ ရည်မှန်းချက်ကတော့ တူနေပါလိမ့်မယ်။ အဲဒါကတော့ 'အမြတ်များများရချင်တယ်' ဆိုတဲ့ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။
စစ်တမ်း အတိအကျ ကောက်ယူထားခြင်း မရှိပေမယ့်လည်း ကမ္ဘာပေါ်မှာ Forex Trading လုပ်တဲ့သူ 100 မှာ 90% လောက်က အရှုံးသမားလို့ ဆိုတာတွေ မိတ်ဆွေတို့ ကြားဖူးပြီးသား ဖြစ်နေမှာပါ။ ကျန်တဲ့ 10% လောက်ထဲက သူတွေကြတော့ ကံကောင်းလို့ အောင်မြင်စွာ ရပ်တည်နိုင်ကြတာ မဟုတ်ပါ။
ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာ Forex Trading ကို Full time ဖြစ်စေ၊ Part time ဖြစ်စေ အရွယ်သုံးပါးမရွေး ပိုင်နိုင်စွာ လုပ်ကိုင်နိုင်ကြတဲ့သူတွေ ရှိကြသလို မီလျံနာအဆင့်ထိ ဖြစ်မြောက် အောင်မြင်နေကြတဲ့ သူတွေလည်း ရှိကြပါတယ်။
သူတို့ဟာ ဘာလို့ အရှုံးသမားထဲ မပါတာလဲ?
သူတို့ဟာ Trading ကို Business လို နှလုံးသွင်းပြီး စနစ်တကျ လုပ်ကိုင်နိုင်ကြလို့ပဲ ဖြစ်ပါတယ်။ ဒါဆိုရင် မိတ်ဆွေဟာ Trading ကို Business လို သဘောထားပြီး လုပ်နေသလား? မလုပ်နိုင်သေးဘူးလား? ဆိုတာကို အောက်ပါအချက်တွေနဲ့ မိမိကိုယ်ကို ဆန်းစစ်ကြည့်လို့ရပါတယ်။
- Business Plan လိုမျိုး Trading Plan ရှိပြီလား?
Business တခုကို လုပ်ဆောင်နေပြီဆိုလျှင် Business plan ရှိကြရပါတယ်။ ဘယ်လိုလုပ်ငန်းမျိုးကို လုပ်မှာလဲ? ဘယ်လို ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို ရောင်းမှာလဲ? စျေးကွက်ကိုဘယ်လိုထိုးဖောက်မှာလဲ? KPI (Key Performance Indicator) က ဘာတွေလဲ? ရေတိုအတွက်လား? ရေရှည် အတွက်လား? အသုံးစရိတ်ဘယ်လောက်နဲ့ အမြတ်ဘယ်လောက်ရအောင် ဖန်တီးမလဲ? စသဖြင့် ပြင်ပလုပ်ငန်းတွေမှာ လုပ်သလို Trading လုပ်တဲ့ အခါမှာလည်း Trading Plan ကို ထားရှိသင့်ပါတယ်။
ဘယ်အမျိုးအစားကို ဘယ်အချိန်မှာ Trade မှာလဲ? ဘယ်စျေးမှာ Trade မှာလဲ? ဘာကြောင့် Trade သင့်တာလဲ? ရေတိုလား ရေရှည်လား? Lot size ဘယ်လောက်သုံးမှာလဲ? Risk % ဘယ်လောက်ထားမှာလဲ? စသဖြင့် Trading plan နဲ့ စနစ်တကျ trade နေပြီ ဆိုရင်တော့ trader ကောင်း တယောက်အဖြစ် လမ်းကြောင်းပေါ် ရောက်ရှိနေပြီလို့ ယူဆနိုင်ပါတယ်။
- နေ့စဥ် မပျက်မကွက် အလေ့အကျင့်တခုဖြစ်တဲ့ အထိ Trading ကို အားစိုက်ထုတ်နိုင်ပြီလား?
စတိုးဆိုင် စီးပွားရေး လုပ်တယ်ဆိုအုံးတော့ ဆိုင်ကို နေ့တိုင်းဖွင့်မလား? ဖွင့်ချင်တဲ့အချိန် ဖွင့်လိုက်၊ ပိတ်ချင်တဲ့အချိန် ပိတ်လိုက် လုပ်ကြသလား? ဆိုင်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်ချင်သလိုလုပ်နေရင် ဖောက်သည်တွေ စိတ်ပျက်သွားကြမှာ အမှန်။
Trading မှာလည်း ဒီလိုပင်။ နေ့စဥ်နေ့တိုင်း စျေးကွက်နဲ့ ပတ်သက်တာကို မျက်ခြေမပြတ်စေဘဲ အလေ့အကျင့်တခုလို ဖြစ်အောင် လေ့လာမှု၊ လေ့ကျင့်မှု၊ စျေးကွက် သုံးသပ်မှုတို့ကို အားထည့်သင့်ပါတယ်။ အဲဒီလို မလုပ်ဘဲပျက်ကွက်မှုရှိရင် စျေးကွက်နဲ့ အဆက်အစပ်မရှိတော့ဘဲ ဟန်ချက်မညီ ဖြစ်သွားတတ်ပါတယ်။ (နေ့တိုင်း Trade ရမယ် မဆိုလို)
- ကိုယ့်ရဲ့ ပြိုင်ဘက်ထက် သာနေအောင် လုပ်နေသလား?
ပြင်ပ စီးပွားရေး လုပ်ငန်းတွေမှာဆိုရင် ပြိုင်ဘက်လုပ်ငန်းတွေထက် နှာတဖျားသာနေအောင် ကိုယ့်လုပ်ငန်းနဲ့ ဝန်ဆောင်မှုတွေကို အမြဲတမ်း upgrade မြှင့်နေကြရတာ မဟုတ်လော။ Trading မှာ ပြိုင်ဘက်ဆိုတာက သူများ မဟုတ်၊ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ Trading မှာ သူများနဲ့ ပြိုင်နေရတာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့ တိုးတက်မှု၊ ကိုယ့်ရဲ့ ဆင်ခြင်သုံးသပ်နိုင်စွမ်း၊ ကိုယ့်ရဲ့ စိတ်ရှည်သည်းခံနိုင်မှု၊ ကိုယ့်ရဲ့ ဇွဲလုံ့လ စသဖြင့် ရှိနေတာ၊ လုပ်နေတာထက်ကို ပိုပြီး လုပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။
- လုပ်ငန်းကို တိုးချဲ့သလို ပညာနဲ့ အတွေ့အကြုံတွေကို တိုးပွားအောင်လုပ်နေသလား?
စျေးကွက်ဆိုတာ တကြိမ်လေ့လာရုံနဲ့ မလုံလောက်ပါ။ နေ့စဥ် အသစ်အသစ်သော အတက်အကျ အလှည့်အပြောင်းတွေ ဖြစ်ပေါ်နေတာကြောင့် ဘယ်လိုအလှည့်အပြောင်းပဲ လာလာ မိမိဘက်က လိုက်ပါ အမြတ်ရှာနိုင်အောင် Trading skill ကို တိုးတက်အောင် အမြဲသွေးနေသင့် ပါတယ်။
- လုပ်ငန်းအတွေ့အကြုံတွေနဲ့ အမှားတွေကို သင်ခန်းစာယူပြီး ရှေ့ဆက်နိုင်သလား?
လုပ်ငန်းလုပ်ရာမှာ လုပ်ကိုင်တဲ့ အချိန်ကာလ ကြာလာလေလေ အတွေ့အကြုံပိုများလေလေ ရှိနိုင်ပြီး၊ အတိတ်မှာ ဖြစ်ခဲ့ဖူးတဲ့ အမှားတွေကနေ သင်ခန်းစာယူပြီး ပြုပြင်ပြောင်းလဲ သင့်တာကို ပြုပြင်ပြောင်းလဲပြီး အောင်မြင်နေကြတဲ့ လုပ်ငန်းရှင်တွေ များစွာ ရှိကြပါတယ်။ Trading မှာလည်း ဒီလိုပင်၊ အရှုံးနဲ့ အမြတ်ဆိုတာ အမြဲတမ်း ဒွန်တွဲနေတာ ဖြစ်တဲ့ အတွက်ကြောင့် အရှုံးတွေကနေ သင်ခန်းစာ ယူပြီး နောက်ထပ် မရှုံးအောင် risk management လုပ်တတ်/ နိုင်အောင် ကြိုးစားသင့်ပါတယ်။ ကိုယ့်ရဲ့ အမှားဆိုတာထက် သူများရဲ့ အမှားတွေကိုလည်း လိုက်လေ့လာပြီး သင်ခန်းစာယူနိုင်မယ်ဆိုရင် ပိုလို့တောင် အကျိုးရှိစေမှာ ဖြစ်ပါတယ်။
12. 6. 2023
Photo - Google