
တချို့သော Trader တွေဟာ Trading သက်တမ်းအားဖြင့် 1 နှစ် 2 နှစ် လောက်အထိ ရှိလာသော်လည်း သေချာ ကျွမ်းကျင်ပိုင်နိုင်သော Strategy မရှိ၊ ဟိုစပ်စပ် ဒီစပ်စပ် ရှိနေကြပါသည်။
၎င်းအနေအထားမျိုးက အချိန်တွေ နှမျောစရာကောင်းလှပြီး ကြာလာရင် စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်သွားနိုင်ပါသည်။ ဒါကြောင့် Trading လုပ်တာကို အမှန်တကယ် နှစ်သက်တယ်ဆိုရင် ကျွမ်းကျင်ပိုင်နိုင်တဲ့ နည်းဗျူဟာတော့ ရှိထားသင့်သည်။
ဥပမာ Chef တယောက်ဆိုပါစို့။ ကမ္ဘာပေါ်မှာ ရှိရှိသမျှသော ဒေသစာတွေ အကုန်လုံးကို ကျွမ်းကျင်စွာ ချက်တတ်သောသူ ဟူ၍ မရှိနိုင်ပေ။ သူကျွမ်းကျင်ရာ၊ ပိုင်နိုင်ရာ ဟင်းအမယ်တွေသာ သီးသန့် ရှိနိုင်မည်။ ကျွမ်းကျင်ဖို့ဆိုတာ အချိန်ကြာကြာ ထပ်ခါထပ်ခါ ချက်ပြုတ်ကြည့်ပြီး မိမိရဲ့ အားနည်းချက်၊ အားသာချက်တွေကိုလည်း ပြန်သုံးသပ်ရသေးသည်။ ၎င်းနောက် ကိုယ်ရဲ့ကျွမ်းကျင်မှုကို ငွေကြေးအဖြစ် ဖန်တီးယူနိုင်ကြပါသည်။
Trader သည်လည်း ဒီအတိုင်းပင်။ ရှိရှိသမျှသော နည်းစနစ်တွေ လိုက်လေ့လာပြီး ဘယ်ဟာကိုမှ သေချာစွာ အသုံးမချနိုင်ဘဲ အချိန်ကုန်ဆုံးနေတာထက် မိမိအတွက် သက်တောင့်သက်သာ ရှိစေသော နည်းဗျူဟာ တခုကို ပိုင်နိုင်အောင် လေ့ကျင့်ထားသင့်ပါသည်။
များသောအားဖြင့် trader အများစုတို့ဟာ နည်းဗျူဟာ တမျိုးကို သေချာစွာ မလုပ်ဘဲ အသစ်အဆန်းတွေ၊ အမြတ်ကို အရံသင့် ဖန်တီးပေးစေလိုတာမျိုးတွေကို လိုက်ရှာဖွေရင်းသာ အချိန်ကုန်နေကြတာက များပါသည်။ မသိဘူးလားဆိုတော့ သိသယောင်ယောင်၊ မတတ်ဘူးလားဆိုတော့ တတ်သယောင်ယောင်တွေ ဖြစ်ကာ ဆေးမတိုးတော့တဲ့ လူနာတွေလို ဖြစ်သွားတတ်သည်။
၎င်းအနေအထားမျိုး၌ ရှိနေသူများအတွက် ရိုးရှင်းသော အကြံပြုချက် အချို့ရှိပါသည်။
- လွယ်ကူတဲ့ နည်းစနစ်ကိုသာ စွဲစွဲမြဲမြဲသုံးပြီး Trade လုပ်ကြည့်ပါ။ Chart ထဲမှာ လေ့လာထားခဲ့သမျှသော နည်းစနစ်တွေ ပေါင်းစုံကို ထည့်မသုံးတော့ဘဲ ကိုယ့်အတွက်သက်တောင့်သက်သာ ရှိတဲ့ နည်းတမျိုးကိုသာ သုံးသင့်ပါသည်။
- တနေ့တနေ့ Trade ဖို့ ချည်းပဲ လောမနေပါနှင့်။ စိတ်အေးလက်အေးထားပြီးတော့ အခွင့်အရေးကောင်းတွေ့မှသာ trade လုပ်ပါ။
- မိမိကိုယ်ကို တလ ထက် တလ၊ တနှစ်ထက် တနှစ် Trading မှာ အားထုတ်နိုင်မှု တိုးတက်လာသလား နှိုင်းယှဥ်ကြည့်သင့်ပါသည်။
- နေ့စဥ် စျေးကွက်နဲ့ အဆက်မပြတ်ပါစေနှင့်။ ဇာတ်လမ်းတွဲတွေ ကြည့်တဲ့အခါ ဆက်တိုက်မကြည့်ရင် ဇာတ်ရည်မလည်တော့ သလိုဘဲ စျေးကွက်နဲ့ အဆက်ပြတ်သွားရင် အသစ်ကပြန်စရသလိုဖြစ်သွားတတ်ပါသည်။
ဒါကြောင့် အနည်းဆုံး အချိန် 15 မိနစ်၊ နာရီဝက် စသဖြင့် နေ့စဥ် စျေးကွက်ထဲ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတဲ့ အကြောင်းအရာတွေ သိဖို့ market news တပုဒ်ကို ဖတ်သည်ဖြစ်စေ၊ Chart analysis လုပ်သည်ဖြစ်စေ အာရုံစူးစိုက်ချိန်လေး ပုံမှန် ထားရှိ ပေးသင့်ပါသည်။
5. 6. 2023