မိတ်ဆွေဟာ Trading လုပ်မည်ဆိုလျှင် ရေရှည်မှာ အောင်မြင်နိုင်တဲ့သူလား? ဆုံးရှုံးနိုင်တဲ့သူလား?

Written by admin1

ff

       မိတ်ဆွေဟာ Trading လုပ်မည်ဆိုလျှင် ရေရှည်မှာ အောင်မြင်နိုင်တဲ့သူလား? ဆုံးရှုံးနိုင်တဲ့သူလား? ဆိုတာ သိနိုင်ဖို့ ဗေဒင်သွားမေးစရာမလိုပါ။
အောက်ပါ အချက်တွေထဲက မည်သည့် အချက်တွေက မိမိရဲ့ လုပ်ရပ်နဲ့ ကိုက်ညီနေသလဲ? ဆိုတာ မိမိကိုယ်ကို ဆန်းစစ်ကြည့်ခြင်း အားဖြင့် သိရှိနိုင်ပါသည်။
 
       (1) လိုချင်ရမက်ကြီးခြင်း။
Trading အလုပ်ဟာ နေ့ချင်းညချင်း ကြီးပွားချမ်းသာ နိုင်တဲ့ အလုပ်ဟု အတွေးမမှားသင့်ပေ။ အချို့သော Marketer တွေဟာ အမြတ်မည်မျှရကြောင်း ရွှန်းရွှန်းဝေအောင် ညွှန်းဆိုကြပြီး Trading လုပ်ရန် ဆွဲဆောင်ကြလေ့ရှိသည်။ အမြတ်ငွေ လိုချင်ဇောကြီးတဲ့ စိတ်ကြောင့် Trading လောကထဲသို့ ဝင်ချင်တာဆိုရင် မိတ်ဆွေဟာ Trader သက်တမ်းတိုလိမ့်မည်ဟု မှတ်ယူလိုက်သင့်ပါသည်။
 
(လောဘစိတ်ရှိလျှင် over trading လုပ်ခြင်း၊ money management နည်းစနစ်တွေကို မလိုက်နာတော့ဘဲ Lot size တွေ မတန်တဆ မြင့်ပြီး Trade ခြင်းတို့က ကြီးမားသော ဆုံးရှုံးမှု ဘက်သို့ အချိန်တိုအတွင်း ဆွဲခေါ်သွားစေနိုင်ပါသည်။)
 
       (2) စိုးရိမ်ပူပန်စိတ်များခြင်း။
ဆုံးရှုံးရမှာကို စိုးရိမ်သောကြောင့် ဆုံးရှုံးသင့်သည့် ပမာဏထက်ပိုပြီး ဆုံးရှုံးသွားရသည့် အနေအထားမျိုးတွေ ရှိပါသည်။ အများစုက ရှုံးမှာ စိုးရိမ်ပြီး Stop loss မထားချင်ကြပေ။ ၎င်းလုပ်ရပ်ဟာ အင်မတန်မှ မှားပါသည်။ Stop loss ထိခြင်းဟာ အကန့်အသတ်နဲ့သာ ရှုံးနိုင်ပြီး မတန်တဆ ရှုံးခြင်းကို ကာကွယ်ပေးသည်။
 
(Risk management စည်းစနစ်ရှိထားလျှင် စိုးရိမ်စိတ်ကို အတော်အသင့် ထိန်းကျောင်းနိုင်သောကြောင့် risk management ကို ခါးဝတ်ပုဆိုးလို မြဲအောင် ကျင့်သုံးသင့်သည်။)
 
       (3) လေ့ကျင့်သား မဝသေးခင် ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲခြင်း။
တချို့သော အချိန်မှာ ကြက်ကန်းဆန်အိုးတိုးပြီး မြိုးမြိုးမြက်မြက်ရသည့် အချိန်အခါမျိုး ရှိတတ်သည်။ ၎င်းအမြတ်မျိုး ရရှိပြီးနောက်ပိုင်း မိမိကိုယ်ကို ယုံကြည်မှုက 9+ ထက် ကျော်သွားတာမျိုး ဖြစ်တတ်လေ့ရှိပါသည်။
 
(ဤအနေအထားမျိုး၌ မိမိစိတ်အထင်ကိုသာ အားကိုးတော့သည်။ စျေးကွက်ရဲ့ လက်တွေ့ ပကတိ အနေအထားကို အမြင် မမှန်၊ အမှန်မမြင် ဖြစ်သွားပြီး ဆုံးရှုံးမှု ဘက်သို့ ဦးတည်သွားတတ်ပါသည်။ )
 
       (4) Strategy မရှိခြင်း။
အရောင်းအဝယ်နည်းစနစ်ကို လေ့လာရာ၌ အများစုတို့က ဘယ်အချိန်မှာ trade entry ဝင်သင့်သလဲ ဆိုတာကိုပဲ အာရုံထားပြီး လေ့လာကြတာကများပါသည်။ ဘယ်အချိန်မှာ floating position ကို ပိတ်မလဲဆိုတာကိုတော့ လေ့လာ လေ့ကျင့်မှုက နည်းကြသည်။
 
(ဒါကြောင့်လည်း အဝင်တော် ပေမယ့် အထွက်မတော်မှုတွေ ရှိလာခြင်းက ဆုံးရှုံးမှုကို ဖြစ်စေတတ်ပါသည်။ )
 
       (5) ကွန်ပျူတာ ပရိုဂရမ်တွေကို အားကိုးခြင်း။
EA (Expert Advisor) အသုံးပြုပြီး trade လုပ်ခြင်းဟာ စျေးကွက် ကသောင်းကနင်း ဖြစ်မှုများသည့်ကာလ၌ ဆုံးရှုံးမှုတွေ ပိုများစေနိုင်သည်။ ကွန်ပျူတာ ပရိုဂရမ်ကို အခြေခံထားသည် ဆိုကတည်းက အတိတ်မှာ ဖြစ်ဖူးသည့် အချက်အလက်များကိုသာ တွက်ချက်ပြီး trade တာ ဖြစ်သည့် အတွက် မျက်မှောက်ကာလ စျေးကွက်ရဲ့ အလှည့်အပြောင်းကို လက်လှမ်းမီတာမျိုး မဟုတ်လို့ မျက်လုံးကို ပိတ်စဖြင့် စည်းပြီး ဝါးလုံးရှည်ဖြင့် ပတ်ရမ်းတာနဲ့ တူလိမ့်မည်။
 
( အမြတ်အစွန်း ရကောင်းရနိုင်သော်လည်း ထိခိုက်ဆုံးရှုံးမှုက ပိုများသွားစေနိုင်ပါသည်။ )
 
       (6) ဖြတ်လမ်းလိုက်လိုခြင်း။
တချို့က အလွယ်ရသည့် Signal တွေကို သုံးပြီး အမြတ် လိုချင်တတ်ကြသည်။ Trading signal ဆိုတာဟာ ဘာကို အခြေခံပြီး ပေးတာလဲ? ၎င်း signal ပေးသည့်သူက အတွေ့အကြုံဘယ်လောက်ရှိသလဲ? ၎င်း Signal က အမြတ် နှင့် အရှုံး အချိုးဘယ်လောက်ရှိသလဲ? Day trade အတွက်လား? Swing အတွက်လား? Risk ဘယ်လောက်သုံးမှ လိုက် trade လို့ရမှာလဲ? စသည် စသည် အများကြီး တွေးဖို့လိုပါသည်။ ရမ်းကာရော ပေးတဲ့အတိုင်း လိုက် trade ခြင်းက ပျက်စီးခြင်းကို ဦးတည်စေနိုင်သည်။
 
(အတွေ့အကြုံဆိုတာ Meta trader အကောင့်ဖွင့်တာ စောလို့ နှစ်တွေ ကြာသွားတဲ့ အတွေ့အကြုံမျိုးမဟုတ်၊ စျေးကွက်ရဲ့ အလှည့်အပြောင်းမှာ ဘယ်လောက် ဒူပေနာပေခံနိုင်ရည် ရှိခဲ့ပြီး စျေးကွက်အကြောင်း ဘယ်လောက်ထိ နှောကျေ နေသလဲ ဆိုတဲ့ အတွေ့အကြုံမျိုးကို ဆိုလိုပါသည်)
 
       (7) လုံလောက်တဲ့ ပညာ၊ ဗဟုသုတ မရှိခြင်း။
ဒီအချက်ကတော့ Trading လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ လိုကိုလိုအပ်ပါသည်။ Trading လုပ်မည့် သူတွေ အနေဖြင့် မဖြစ်မနေ လေ့လာသင်ယူခြင်း၊ လက်တွေ့လေ့ကျင့်ခြင်းတွေ များစွာ လိုအပ်ပါသည်။ Trading သာ လုပ်နေကြတာ currency pairs တွေမှာ Base currency, Quote currency ဘယ်ဟာဆိုတာ လိုမျိုး၊ လုံးဝ အခြေခံကျတာမျိုးတောင် မသိဘဲ trade လုပ်နေကြသူများကို အံ့ချီးဘနန်း တွေ့ဖူးပါသည်။
 
(အများစုက Trading မလုပ်ရင် မလိုအပ်ဘူးထင်ပြီး စျေးကွက်နှင့် ပတ်သက်သည့် ပညာရပ်တွေကို လေ့လာဖို့ရာ တွန့်ဆုတ်တတ်ကြသည်။ အဲဒီလို လုပ်ခြင်းဟာ လူလိမ်ခံရဖို့ အင်မတန်လွယ်သည့် ဂျင်းထည့်ခံလူတန်းစား ဖြစ်သွားတတ်ပြီး ငွေကြေးဆုံးရှုံးမှုတွေကို လွယ်လွယ်ကူကူ ကြုံရသူများ ဖြစ်တတ်ပါသည်။ )
 
21. 4. 2023
Category: