မီးဖိုချောင်ကပေးသော Forex Trading သင်ခန်းစာ 

Written by admin1

Nkchefx

 
ကျွမ်းကျင်သော Forex Trader တစ်ဦးသည် ကျွမ်းကျင် သော Chef တစ်ဦးနှင့် ဆင်တူသည်။ စိတ်ရှည်သည်းခံခြင်း၊ စည်းကမ်းတကျ လုပ်ကိုင်ခြင်းနှင့် အရည်အချင်းပြည့်မီခြင်း စသည့် အားစိုက်ထုတ်မှုများ ရှိမှသာ အနံ့အရသာပြည့်စုံသော ဟင်းလျာ ထွက်ပေါ်လာသကဲ့သို့ပင် Forex Trading တွင်လည်း ၄င်းကဲ့သို့ ပြုမူ ပါမှ ကောင်းမွန်သော ရလာဒ် ထွက်ပေါ်လာမည် ဖြစ်သည်။
 
Forex market ကြီးသည်လည်း မီးဖိုဆောင်နှင့် ဆင်တူသည်။ Chef တို့သည် တစ်နေ့ တစ်မျိုး မရိုးရအောင် စားချင်သော လူ့စိတ်အလိုကို လိုက်၍ ချက်ပြုတ်ရသည် ဖြစ်ရာ Trader များသည်လည်း Forex ဈေးကွက်ကြီးထဲ တွင် နေ့စဉ် အချိန်နှင့် အမျှ ပြောင်းလဲ နေသော ဈေးနုန်း များ အပေါ် လိုက်လံရောင်းဝယ်မှု ပြု နေကြရသည်။
 
Chef တစ်ဦးတွင် ကောင်းမွန်သော ဟင်းလျာချက်ပြုတ်နိုင်ရန် ဓား၊ ယောက်မ၊ ဒယ်အိုးစသည့် ကိရိယာ တန်ဆာပလာတို့ရှိသလို Trader တစ်ဦး အတွက် Indicators ၊ Strategies စသည့် အထောက်အကူပြု ကိရိယာများ ရှိသည်။ Chef တို့က ဟင်းလျာ ကောင်းကောင်းတစ်ခွက်ရရန်ကြိမ်ဖန်များစွာ လေ့ကျင့်ပြီးမှ ဖြစ်မြောက်လာသကဲ့သို့ Trader တို့က လည်း အောင်မြင်သော အရောင်းအဝယ်ဖြစ်ဖို့ရန် လေ့ကျင့်မှု များစွာ လိုအပ်ပါသည်။
 
Chef တစ်ဦးသည် ချက်ပြုတ်ခြင်းကို မပြုလုပ်သေးခင် အခြေခံ အဆင့်ဖြစ်သော အသား၊ ဟင်းသီးဟင်းရွက်၊ ဟင်းခတ် အမွှေးအကြိုင် ၊ ဓား စသည့် အမျိုးအမည် များစွာ နှင့် အသုံးပြုနည်း ကို လေ့လာရသည်။ ခရမ်းချဉ်သီးတောင် မလှီးတတ်သေးဘဲ ဟင်းချက်ချင်လို့ မရပေ။ Forex Trading တွင်လည်း Technical, Fundamental နှင့် Sentiment analysis စသည့် ဈေးကွက်သုံးသပ်နည်းများ၏ အခြေခံ သဘောတရားမျှ လောက်ကို အရင်ဦးစွာ လေ့လာထားဖို့ လိုအပ်ပါသည်။
 
Ready made ဟင်းလျာ များ ရှိသလိုပင် Forex လောက တွင်လည်း EA program များ အသုံးပြု လို့ရပါသည်။ သို့သော်လည်း အသင့်စား ဟင်းလျာတွင် မိမိ ကျန်းမာရေးနှင့် ဓာတ်မတည့် သည့် ပါဝင်ပစ္စည်း ပါနေလျှင် မိမိအား ဆိုးကျိုးဖြစ်စေနိုင်သလို EA program သည် မိမိ နှင့် ကိုက်ညီချင်မှ ကိုက်ညီလိမ့်မည်။ ဖြတ်လမ်းလိုက်ခြင်းသည် အဆင်မပြေပါပေ။
Chef တို့ မည်သည် နွေရာသီပင်ဖြစ်သော်ငြားလည်း ပူလှောင်အိုက်စပ်နေသော မီးဖိုချောင်ထဲ၌ ကြက်သွန်များကို လှီးဖြတ်ရသည်။ ဆီပူအိုးနှင့် ကြော်လှော်ရသည်။ သို့သော်လည်း သည်းခံ၍ နာရီပေါင်းများစွာ ချက်ပြုတ်လေ့ကျင့်မှုများက စားမြိန်ဖွယ်ဟင်းလျာကို အောင်မြင်စွာ ချက်ပြုတ်နိုင်လာကြသည်သာ ဖြစ်သည်။ Trader များသည်လည်း အိပ်ရေးပျက်ခြင်း၊ စိတ်ပင်ပန်းခြင်း တို့ကို သည်းခံပြီး ဇွဲလုံ့လ ဝီရိယထားကာ လေ့ကျင့်မှု ပြုသင့်ပါသည်။
 
ဟင်းချက်နည်းကို စာတွေ့ သင်လို့ မရပေ။ ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်ကြည့်မှသာ အပေါ့အငန်၊ အချိုအစပ် စသည်ဖြင့် အစပ်အဟပ်တည့်အောင် ချက်ပြုတ်ရခြင်းသည် မည်မျှ လက်ဝင်ပြီး ပင်ပန်းသည်ကို သိရသည်။ Forex Trading သည်လည်း စာချည်းသက်သက် သင်ယူခြင်းသည် အစပ်အဟပ်မတည့်သော ဟင်းကဲ့သို့ ဖြစ်ပေမည်။ ဟင်းတော့ဖြစ်ပါရဲ့ စားလို့ တော့မရလျှင် ဘာထူးမည်နည်း။ လေ့လာမှု နှင့် လေ့ကျင့်မှု ကို အမြဲ မပြတ် ပြုလုပ်နေသင့်ပါသည်။
 
Chef သည် ရာသီ အပြောင်းလဲ အလိုက် စားစရာကို ပြောင်းလဲ ချက်ပြုတ်ရသလို Trader များသည်လည်း ဈေးကွက်၏ အပြောင်းအလဲ ပေါ်လိုက်၍ လိုက်လျောညီထွေစွာ ရောင်းဝယ်မှု ပြုရမည်ဖြစ်သည်။ Flexible ဖြစ်အောင် မိမိကိုယ်ကို ပြု ပြင်ပြောင်းလဲ နေသင့်သည်။ Chef တို့ အလုပ်တွင်ဖို့ ဓားသွေးရသလို Trader တို့ လုပ်ငန်းအောင်မြင်ဖို့ မိမိ၏ အရည်အချင်းကို သွေးရမည်ဖြစ်သည်။
 
Chef က ဟင်းလျာ တစ်မျိုး မချက်ပြုတ်ခင် လိုအပ်သော ပါဝင်ပစ္စည်းတို့ကို စုစည်းပြီးမှ အစီအစဉ်လိုက်အတိုင်း လုပ်ဆောင်သည်။ ဆီပူမှ ဟင်းကြော်လို့ရမည်။ ဆီ အရင် မထည့်သေးပဲ ကြော်လျှင် အိုးကပ်ပြီး တူးကုန်မည်။ ထို့ ကြောင့် Trader တို့ အနေနှင့် Trading Plan ထားရှိပြီး အစီအစဉ် တကျ လုပ်ဆောင်သင့်သည်။
 
Chef က ချက်လိုက်သော ဟင်းအရသာ မပြည့်စုံသေးလျှင် ပါဝင်ပစ္စည်း အချိုး အစားကို ပြင်သင့်က ပြင်နိုင်အောင် အချိုးအစားကို မှတ်သားထားရသကဲ့သို့ Trader များသည်လည်း Trading Journal ထားရှိပြီး မိမိ၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။
 
လုပ်ငန်းတိုင်းတွင် အားနည်းချက် အားသာချက်ကတော့ ရှိစမြဲ ဖြစ်သည်။ Chef တစ်ဦး ဟင်းစချက်နေသော ကာလတစ်လျှောက် ဟင်းတူးတာလည်းရှိမည်။ စားလို့မရ၍ လွှင့်ပစ် လိုက်ရသော ဟင်းခွက်ပေါင်းမနည်းမနောလည်း ရှိနိုင်သည်။ သို့သော် Forex Trading တွင်တော့ ငွေ အလေအလွှင့် မဖြစ်စေရန် Demo အကောင့် ဖွင့်၍ လေ့လာခွင့် ၊လေ့ကျင့်ခွင့် ရရှိနေသည်မှာ ဝမ်းသာ စရာ အချက်တစ်ခု ဖြစ်ပါသည်။
 
2. 8. 2023
Category: