Trader အဖြစ် ရေရှည်ရပ်တည်နိုင်ဖို့က ကိုယ့်ကိုကိုယ် တည်ဆောက်ရတာ 

Written by admin1

NkTraderFx

 
အချိန်နဲ့ အမျှ အတက်အကျ အပြောင်းအလဲ ဖြစ်ပေါ်နေတဲ့ စျေးနှုန်း လှုပ်ရှားမှုတွေ အပေါ်မှာ အရောင်းအဝယ် လုပ်ဖို့ အခွင့်အရေးကောင်းကို ရှာတွေ့နိုင်ဖို့ ပြည့်စုံတဲ့ နည်းစနစ်ဆိုတာ မရှိပါဘူး။
 
အများစုသော Trader အသစ်တွေဟာ နည်းစနစ်တွေ လိုက်ရှာနေရင်း အချိန်တွေ ကုန်နေတတ်ကြတယ်။
 
အရောင်းအဝယ် နည်းစနစ်တွေဆိုတာ မသိမဖြစ် အခြေခံအားဖြင့် သိထားပြီး ကျွမ်းကျင်မှု ရှိထားဖို့ လိုကို လိုအပ်ပါတယ်။
 
ဒါပေမယ့် အဓိက ကျတဲ့ အရာတခုကိုတော့ မမြင်မိကြတာတွေ ရှိပါတယ်။ အဲဒါကတော့ ကိုယ့်ကိုကိုယ် Trader ကောင်း တယောက်အဖြစ် တည်ဆောက်ခြင်း ပါပဲ။
 
Trader ကောင်း တယောက် အဖြစ် ကိုယ့်ကိုကိုယ် တည်ဆောက်ဖို့ဆိုရင်
 
"Discipline" စည်းစနစ် ရှိရမယ်။
အရောင်းအဝယ် မလုပ်ခင်တိုင်းမှာ ကြိုတင်ပြီးတော့ ဘယ်စျေးတွေမှာ entry / exit လုပ်မယ်ဆိုတာ Trading plan သေချာလုပ်ထားဖို့လိုတယ်။ ကိုယ်သေချာသုံးသပ်ရေးဆွဲ ထားတဲ့ Trading plan ကို လိုက်နာတတ်ဖို့လိုတယ်။ စည်းမရှိ ကမ်းမရှိ စိတ်ကူးပေါ်တိုင်း ထ trade ချင်တာမျိုးဆိုရင် သင်ဟာ စည်းစနစ်မရှိတဲ့ Bad trader ပဲ ဖြစ်နေမှာပါ။
 
"Patience" စိတ်ရှည် သည်းညဉ်းခံနိုင်တဲ့ စိတ် ရှိရမယ်။
အရောင်းအဝယ်လုပ်ဖို့ အခွင့်အရေးကောင်းကို စိတ်ရှည်ရှည် ထားပြီး စောင့်ကြည့်ပြီးမှ Trade တာကသာ အသင့်တော်ဆုံး နည်းလမ်းဖြစ်တာကြောင့် စိတ်ရှည်တတ်တဲ့ အကျင့်ကို မွေးယူသင့်ပါတယ်။ စိတ်မရှည်ဘဲ ခနခန Trade နေခြင်းက သင့်ငွေကို သင်ကိုယ်တိုင် ဖြုန်းတီးနေတာနဲ့ အတူတူပါပဲ။
 
"Risk management" ဆုံးရှုံးနိုင်ခြေနှုန်းကို အနည်းဆုံးဖြစ်အောင် စီမံတတ်ရမယ်။
အရောင်းအဝယ်လုပ်မယ့် Position size နဲ့ Stop loss ထားမယ့် စျေးနှုန်း Level တို့ကို Risk 1% လောက်သာ ရှိအောင် ချင့်ချိန် တွက်ချက်ပြီးမှ Trade သင့်ပါတယ်။ သင့်ငွေတွေကို မီးပုံရှို့ရင်တောင်ပြာကျန်နိုင်ပေမယ့် Risk Management မရှိရင် ပြာမကျန်တဲ့ အနေအထားထိ ဆုံးရှုံးမှုတွေ ရှိသွားစေနိုင်ပါတယ်။
 
"Continuous learning" လေ့လာမှုတွေကို ဆက်တိုက်လုပ်ရမယ်။
စျေးကွက်နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို လေ့လာလိုက်စားတတ်တဲ့ အလေ့အကျင့်ကောင်းကို မွေးယူထားမှ ရေရှည်မှာ ရပ်တည်ချက် ခိုင်မာတဲ့ Trader ကောင်းတယောက်အဖြစ် ရှိနိုင်မှာ ဖြစ်ပါတယ်။
 
"Emotion" စိတ်ခံစားမှုတွေကို ထိန်းနိုင်အောင် လုပ်ရမယ်။
လောဘကြောင့် အမြတ်ရချင်ဇောနဲ့ ဘယ်တော့မှ မ trade သင့်။ ရှုံးမဲမဲပြီး ဘယ်တော့မှ မ trade သင့်။ သောက်စားထားပြီးတော့ မ trade သင့်။
 
"Adaptability" စျေးကွက်ရဲ့ အပြောင်းအလဲကို လက်သင့်ခံနိုင်တဲ့ စွမ်းရည် ရှိရမယ်။
အချိန်တိုအတွင်း စျေးကွက်ရဲ့ အလှည့်အပြောင်းမှာ အရှိကို အရှိအတိုင်း လက်သင့်ခံနိုင်ဖို့ရာ အရေးကြီးပါတယ်။ စျေးနှုန်းလားရာက အကျပြောင်းနေပြီ ကိုယ်က Buy ဘက်ကို အစွဲကြီးနေတာမျိုး မဖြစ်သင့်။ ဖြစ်ပေါ် လာတဲ့ အကြောင်းအရာကို လက်သင့်ခံနိုင်တဲ့ စိတ်မွေးယူထားဖို့လိုပါတယ်။
 
"Focus on the process" ကိုယ့်ရည်ကိုယ်သွေး တိုးတက်ရေးကို အာရုံထားရမယ်။
တပတ်ထက် တပတ် ၊ တလထက် တလ ကိုယ့်ရဲ့ trading skill တိုးတက်လာသလား? အတွေ့အကြုံ ဆိုး၊ အတွေ့အကြုံ ကောင်းတွေ ကနေ ဘာတွေကို သင်ခန်းစာယူပြီး ဆောင်သင့်၊ ရှောင်သင့်သလဲ? ဆိုတာမျိုးတွေ ကိုယ့်ကိုကိုယ် ဝေဖန်ဆန်းစစ်ပြီး တိုးတက်မှုဘက်မှာ ရှိနေစေဖို့ ကျင့်ယူသင့်ပါတယ်။
 
"Proper mindset" စိတ်နေစိတ်ထားကို အလိုက်သင့်ရှိအောင် လုပ်သင့်။
Trader တယောက်ဟာ စိတ်ထားတတ်ဖို့ အင်မတန်အရေးကြီးပါတယ်။ ရှုံးပွဲတွေအတွက် စိတ်ဓာတ်ကြံ့ခိုင်ဖို့ လိုသလို၊ အမြတ်တွေ ရရှိထားပြီးရင်လည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု မလွန်ကဲဖို့၊ မြှောက်ကားကြီး မဖြစ်ဖို့ စိတ်ကို လေ့ကျင့်ထားသင့်ပါတယ်။
 
"Taking breaks" နားသင့်တဲ့အချိန်မှာနားပါ။
စျေးကွက်ထဲမှာ အရောင်းအဝယ် အခွင့်အရေးကောင်းတွေဟာ အမြဲတမ်းရှိမနေတတ်ပါဘူး။ အခွင့်အရေး မသာတဲ့ အချိန်အခါတွေမှာ စိတ်ကို ပေါ့ပေါ့ပါးပါးထားပြီး အနားယူ ၊ စျေးကွက်ထဲက ထွက်နေခြင်းဟာ သင့်ကို ပိုပြီး တည်ငြိမ် ရင့်ကျက်လာစေနိုင်မှာလည်း ဖြစ်ပါတယ်။
 
အထက်ပါ အကြောင်းအရာတွေဟာ သူများ လာလုပ်ပေးလို့ မရပါဘူး။ မိမိကိုယ်တိုင် တည်ဆောက်ယူရမယ့် အရာတွေပဲ ဖြစ်ပါတယ်။
 
26. 7. 2023
Category: