
Forex trading လုပ်နေကြသည့် Trader အများစုတို့ဟာ များသောအားဖြင့် အမြတ်လွယ်လွယ်ရရှိနိုင်ရေးကိုဘဲ အာရုံစိုက်ကြလေ့ရှိပြီး နည်းစနစ်တွေ ရှာဖွေနေခြင်းဖြင့်သာ အချိန်ကုန်နေကြသည်ကများပါသည်။ အရောင်းအဝယ်နည်းစနစ်တွေ ကျွမ်းကျင်ထားဖို့ အရေးကြီးပေမယ့် မိမိရဲ့ Trading အကောင့်ထဲမှ ငွေကို မထိန်းသိမ်းတတ်သေးလျှင် အချိန်မရွေး loser အဖြစ်သို့ ရောက်ရှိသွားနိုင်ပါသည်။ ထို့ကြောင့် Risk management အလွန်အရေးကြီးပါသည်။
Risk management နဲ့ ပတ်သက်ပြီး TP, SL ထားတာလောက်တင်ပဲ သိထားတာဆိုရင်တော့ Trader ကောင်း တယောက် မဟုတ်သေးပေ။ မိတ်ဆွေဟာ Forex trading ကို ကိုယ်တိုင် စိတ်ပါဝင်စားလွန်းလို့ မိမိဆုံးဖြတ်ချက်ဖြင့် trading လုပ်ချင်သည့်သူဖြစ်စေ၊ Forex ကုမ္ပဏီများရဲ့ Marketer များ၏ ဆွဲဆောင်မှုကြောင့် trading လုပ်ချင်သည့်သူဖြစ်စေ ဆုံးရှုံးနိုင်ခြေ Risk အကြောင်းကို လုံးစေ့ပတ်စေ့ သိကို သိထားသင့်သည်။
ရင်းနှီးမြှုပ်နှံမှု လောကမှာ ဖြစ်စေ၊ Trading လောကမှာ ဖြစ်စေ၊ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီးဖြစ်စေ မိတ်ဆွေအား ဆုံးရှုံးနိုင်ခြေ Risk တွေ အကြောင်းကို ဂဃနဏ မရှင်းပြနိုင်သည့်သူ၊ Risk အကြောင်းကို ဖုံးဖိပြောသည့်သူ မှန်သမျှဟာ မိတ်ဆွေရဲ့ ရန်သူဟုသာ သတ်မှတ်ထားသင့်ပါသည်။
ဆုံးရှုံးနိုင်ခြေ Risk ဘယ်လိုရှိနိုင်သလဲ၊ Risk management ဘယ်လို လုပ်သင့်သလဲဆိုတာကို ကောင်းစွာ လမ်းညွှန်ပြသနိုင်သည့်သူကသာလျှင် မိတ်ဆွေကောင်း ပီသပေမည်။ Risk management နဲ့ ပတ်သက်ပြီး အကြံပြုစရာ အချက်တွေများစွာ ရှိနိုင်ပေမယ့် အများစု သတိထားသင့်သည့် ဆောင်ရန်၊ ရှောင်ရန် အချက်ကလေးတွေကို စုစည်းရေးသားလိုက်ပါသည်။
(1) အများစုသော Trader တွေ လုပ်လေ့ရှိသည့် အမှားအယွင်းတခုကတော့ Trade position ကို တခုယူထားပြီးနောက်ထပ် 2 ခု၊ 3 ခု မက ထပ်ယူခြင်းကနေ အရောင်းအဝယ်အကောင့်ထဲမှငွေတွေ ယူဆုံးရှုံးကြသည်က များကြပါသည်။ ထို့ကြောင့် အရောင်းအဝယ် position တခုကို မယူခင်မှာ မိမိအကောင့်ရဲ့ 1%, 2% risk ကို တွက်ချက်ပြီးမှ Lot size နှင့် TP, SL စျေးကို ချိန်ဆပြီးမှ trade လုပ်သင့်သည်။ ၎င်းကဲ့သို့ ချိန်ဆပြီး trade position တခုကို ယူထားပြီး close မဖြစ်သေးခင် နောက်ထပ်အသစ်တွေ ထပ်မဖွင့်သင့်ပေ။ ထပ်ဖွင့်ပါက risk % ပိုများသွားမည် ဖြစ်သောကြောင့် အစောကတည်းက trade position ကို 2 ခု 3 ခုယူချင်ရင် အဲဒီအတွက်ပါ ချင့်တွက်ထားသင့်ပါသည်။
(2) Trade မလုပ်ခင်မှာ အမြဲတမ်း Trading plan အရင်လုပ်ထားသင့်ပါသည်။ Trading Plan မရှိဘဲ မ trade သင့်ပေ။ ဘယ်စျေးမှာ Entry လုပ်ပြီး ဘယ်စျေးမှာ Exit လုပ်မယ်ဆိုတာကို ကြိုတင်တွက်ထားသင့်ပါသည်။ TP, SL ကို ဂရုတစိုက်ထားသင့်သည်။ သို့မှသာ ဆုံးရှုံးမှု ရှိလာလျှင်လည်း မိမိက တွက်ချက်ထားပြီးသား ပမာဏလောက်သာ ဆုံးရှုံးမည်ဖြစ်သည်။ မိမိအနေဖြင့် အချိန်မရွေးပြန်ရှာဖွေနိုင်သော ပမာဏအထိသာ အဆုံးရှုံးခံသင့်ပါသည်။
(3) အမြတ်ရထားပြီးသား Trade position တွေကိုမှ ဆုံးရှုံးခံရသည့် အနေအထားသို့ ဘယ်တော့မှ အဖြစ်မခံသင့်ပေ။ ထို့ကြောင့် TP ထားကို ထားသင့်သည်၊ လိုအပ်လျှင် Trailing SL သုံးသင့်ပါသည်။
(4) စျေးကွက်ဟာ 24 နာရီ ရှိနေပေမယ့် Trade လုပ်ဖို့ အခွင့်အရေးတွေဟာ တချိန်လုံးကြီး ရှိမနေတာကြောင့် ဆက်တိုက် Trade တာမျိုးတွေ မလုပ်သင့်ပေ။ စျေးနှုန်း အတက်အကျခပ်ကြမ်းကြမ်း ဖြစ်နေသည့် အချိန်အခါမျိုး၌ မိမိတို့ရဲ့ ဆုံးဖြတ်ချက်ဟာ အမှားမခံသည့် အတွက်ကြောင့် Trade မလုပ်သေးဘဲ ရှောင်ကြဉ် သင့်ပါသည်။ စျေးနှုန်း ကသောင်းကနင်း ဖြစ်နေချိန်၌ trade မလုပ်ခြင်းဖြင့် မိမိအကောင့်ထဲမှ ငွေကို ကာကွယ်ထိန်းသိမ်းရာ ရောက်ပါသည်။
(5) အမြတ်အစွန်း အထိုက်အလျောက် ရရှိပါက withdraw ထုတ်ထားသင့်သည်။ တချို့သော Trader များဟာ အမြတ်အစွန်း ရရှိလာချိန်၌ Risk management ကို သတိမမူတော့ဘဲ ပိုမိုမြတ်ချင်ဇောနဲ့ Trade လုပ်တာတွေမှာ အရဲပိုစွန့်တတ်လာကြသည်။ ထိုအခါ မြတ်ထားပြီးသားငွေတွေ ပြန်ဆုံးရှုံးရတာမျိုးတွေ ဖြစ်ကာ စိတ်ခံစားမှုကိုပါ ထိန်းချုပ်ရခက်သွားတတ်ပါသည်။
Photo - Google