
ကမ္ဘာပေါ်မှာ အတိတ်သမိုင်းတွေကို ပြန်ကြည့်ရင် ခေတ်ရေစီးကြောင်းအလှည့်အပြောင်းတွေ များစွာ ရှိခဲ့ကြပါသည်။ အင်တာနက်ပေါ်ပေါက်လာခဲ့ပြီး နည်းပညာခေတ် ရောက်လာသည့်အခါမှာတော့ ခေတ်ရေစီးကြောင်းပြောင်းလဲမှုတွေဟာ အတိတ်တုန်းကထက် ပိုမိုမြန်ဆန်ပြီး အချိန်တိုအတွင်းမှာ ဟောခနဲ၊ ဒိုင်းခနဲ ပြောင်းလဲ လာသည်ကို မျက်မှောက်ခေတ် လူတိုင်း ကြုံတွေ့ကြပြီးလည်း ဖြစ်ပေလိမ့်မည်။
အနီးဆုံး လက်တွေ့သာဓက တခုကိုကြည့်ရင် အများပြည်သူတွေ လက်ထဲ သုံးစွဲခွင့်ရခဲ့တဲ့ AI app တွေထဲမှာ အစောဆုံးဖြစ်သည့် ChatGPT ဆိုရင် 2022 ခုနှစ် နိုဝင်ဘာလ 30 ရက်နေ့တုန်းကမှ ထွက်ပေါ်လာခဲ့တာဖြစ်သည်။ ၎င်းရှေ့ပိုင်းနှစ်တွေမှာ ကျွန်မတို့အနေဖြင့် Data တွေ Information တွေ ရှာဖွေမယ်ဆိုရင် Google Search Engine ကြီးကိုသာ အားထားခဲ့ရသည် မဟုတ်လော။
ကျွန်မအနေဖြင့် အရင်ကဆို အကြောင်းအရာ တခုကို နားလည်ဖို့ဆိုရင် Website တွေ အများကြီး ရှာဖတ်လိုက်၊ စာအုပ်တွေ လှန်လှောလိုက်နှင့် အချိန်များစွာပေးခဲ့ရသည်။ လက်ရှိ AI chat တွေ ရှိလာတော့ Subscription ဝင်ထားပြီး ကိုယ်သိချင်တဲ့အကြောင်းအရာ၊ ကိုယ်နားလည်ချင်တဲ့အကြောင်းအရာတွေကို အချိန်တိုအတွင်း မြန်ဆန်၊ ထိရောက်စွာ ရှာဖွေ လေ့လာနိုင်ပြီလည်း ဖြစ်သည်။ ဒါသည် ခေတ်ရေစီးကြောင်း ရဲ့ ကြီးမားတဲ့ အလှည့်အပြောင်းကြီး တခုပင်ဖြစ်သလို အပြောင်းအလဲတွေက မြန်ဆန်လွန်းလှသည်။ အပြောင်းအလဲမှာ မကျန်ခဲ့ဖို့ဆိုရင် ကိုယ်က ဒါကို အချိန်မီနားလည်ထားပြီး လိုက်ပါ အသုံးချနိုင်ဖို့လိုသည်။
အဲဒီထက် ရှေ့ကို ပြန်ကြည့်ပါက 1995 ခုနှစ် မတိုင်ခင်တုန်းကဆိုရင် အင်တာနက်ဆိုတာကို လူတိုင်း မသိကြသေး။ အင်တာနက်ဆိုတာ ဂျိုနဲ့လား ဆိုတာမျိုး မေးယူရလောက်အောင်ကို ဆန်းပြားခဲ့သည်။ 1995 ခုနှစ် နောက်ပိုင်းမှာတော့ အင်တာနက်အသုံးပြုမှုတွေက လူမှုကွန်ယက်ကို များစွာ အထောက်အကူ ပြုလာပြီး ကမ္ဘာလုံးဆိုင်ရာ Communication တွေ အပြောင်းလဲကြီး ပြောင်းလဲ တိုးတက်လာစေ ခဲ့ပါသည်။
အဲဒီ သာဓကတွေ လိုပဲ 2009 ခုနှစ်မှာလည်း လက်ရှိကျွန်မတို့ သုံးနေကြတဲ့ Fiat Currency တွေနှင့် ကမ္ဘာလုံးဆိုင်ရာ Financial System ကြီးကိုပါ အပြောင်းအလဲ ဖြစ်လာစေနိုင်သည့် Bitcoin နှင့် Blockchain နည်းပညာ ပေါ်ပေါက်လာခဲ့ပြန်သည်။
ယခုအခါ နောက်ထပ်အလှည့်အပြောင်းကြီးကို ကြုံရဖို့ ရှိလာနေပြီ။ အဲဒါကတော့ "Tokenization" ဖြစ်ပါသည်။
မကြာသေးခင်ကတင် ကမ္ဘာ့ပေါ်မှာ AUM တန်ဖိုးအကြီးဆုံးဖြစ်တဲ့ BlockRock ရင်းနှီးမြှုပ်နှံမှု Asset Fund ကြီးရဲ့ CEO ဖြစ်သူ Larry Fink က " လူတွေ ထင်ထားတာထက်ကိုပိုပြီး မြန်မြန်ဆန်ဆန်ပဲ ကမ္ဘာပေါ်ရှိ Financial Asset တွေတိုင်းလိုလိုဟာ Tokenized ဖြစ် လာတော့မယ်" ဟု ဆိုထားပါသည်။
Standard Chartered ဘဏ်ကြီးကလည်း လာမယ့် 2028 ခုနှစ်လောက်မှာ Tokenization စျေးကွက်ဟာ ဒေါ်လာ 2 ထရီလီယံ တန်ဖိုး အထိ မြင့်တက်လာနိုင်ကြောင်း သုံးသပ်ပြောကြားထားပါသည်။
လက်ရှိအချိန်၌ လူအများစုတို့ဟာ Tokenization ဆိုတာ ဘာမှန်းမသိကြသေးပေ။
“Tokenization” ဆိုတဲ့ နာမည်ကြားတာနဲ့တင် ခေါင်းကိုက်ချင်သွားသလား? စိတ်မပူပါနှင့်။ အောက်မှာ အလွယ်ကူဆုံး အရိုးရှင်းဆုံး ပုံစံဖြင့် ရေးသားရှင်းပြသွားပါမည်။
ဥပမာ အနေနဲ့။ မိတ်ဆွေဟာ မြေကွက်တကွက် ပိုင်ဆိုင်ထားရှိသည် ဆိုပါစို့။ ကိုယ့်မှာ မြေယာ ပိုင်ဆိုင်မှု စာချုပ်စာတမ်း ရှိမည် ဖြစ်သည်။ ၎င်းစာချုပ်ကို အိပ်ယာအောက်မှာ သိမ်းထားမည်လား၊ အဝတ်ဗီဒိုထဲမှာ သိမ်းထားမည်လား၊ မီးခံသေတ္တာထဲမှာ သိမ်းထားမည်လား၊ စသဖြင့် သိမ်းဆည်းထားလေ့ရှိ တတ်ကြသည်။ ဒါက သမားရိုးကျ သိမ်းဆည်းမှုပုံစံ ဖြစ်သည်။
အဲဒီ မြေယာပိုင်ဆိုင်မှု စာချုပ်ကို Digital Token အဖြစ် ပြောင်း ပြီးတော့ Blockchain ကွန်ယက်ပေါ်မှာ သိမ်းဆည်းထားခြင်းကို Tokenized ပြုလုပ်သည်ဟု ခေါ်သည်။ သိမ်းဆည်းထားခြင်းသာ မက ၎င်း Blockchain ကွန်ယက်ပေါ်မှာ အရောင်းအဝယ်တွေ၊ အလွှဲအပြောင်းတွေ လည်း ပြုလုပ်နိုင်ပါသေးသည်။ Trading, Investing တွေလည်း ပြုလုပ်နိုင်သေးသည်။
အပြင်မှာ ဆိုရင် မြေယာအရောင်းအဝယ်တခါလုပ်ပါက နေ့ရက် အချိန်ပေးရတာမျိုး ရှိမည်၊ ရှေ့နေပင့်ရအုံးမည်၊ အသိသက်သေတွေလိုအပ်အုံးမည်၊ ပွဲခတွေဘာတွေ စသဖြင့် အပိုကုန်ကျစရိတ်တွေ ရှိအုံးမည်။
Blockchain ပေါ်မှာ Tokenized လုပ်ထားတဲ့ မြေယာတွေ ကို အရောင်းအဝယ်လုပ်မည်ဆိုပါက 24 နာရီ 7 ရက်ပတ်လုံး ကြိုက်တဲ့အချိန်မှာ အရောင်းအဝယ်တွေလုပ်နိုင်မည်၊ အချိန်စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း အလွှဲအပြောင်းကိစ္စ ပြီးစီးနိုင်မည်။ ကြားခံ အကျိုးဆောင်ပေးသူတွေမလို၊ ရှေ့နေမလိုတော့ဘဲ ပွင့်လင်းမြင်သာမှုရှိစွာ အရောင်းအဝယ်ကိစ္စ ပြီးမြောက်မည် ဖြစ်သည်။
အပြင်မှာဆိုရင် မြေယာတို့ အဆောက်အဦးတို့ဆိုတာ illiquid asset တွေ ဖြစ်ကြတဲ့ အတွက်ကြောင့် အရောင်းအဝယ်ဖြစ်ထွန်းဖို့ ခက်သည်။ ဥပမာ မြေကွက်တကွက်ဟာ $1 သိန်းတန်သည် ဆိုပါစို့။ Token အရေအတွက် 1 သိန်းကို Blockchain ကွန်ယက်ပေါ်မှာ Tokenized လုပ်ပြီး ရောင်းပါက Token အခုရေ တသိန်းလုံးကို တဦးတယောက်တည်းက မဝယ်နိုင်ရင်တောင် လူအယောက် တသိန်းကတယောက်ကို Token တခုစီ ဝယ်သွားအုံးတော့ ၊ အချိန်တိုအတွင်း ရောင်းထွက်သွားနိုင်မှာ ဖြစ်သည်။
ဒါသည် Tokenization ၏ အလုပ်လုပ်ပုံပင်။
လက်ရှိ Physical Asset တွေ ဖြစ်ကြသည့် အိမ်ခြံမြေ၊ တိုက်ခန်း၊ အဆောက်အဦး၊ ပန်းချီ ပန်းပု အနုပညာပစ္စည်း၊ ရှေးဟောင်းပစ္စည်း၊ တို့အပြင် ရင်းနှီးမြှုပ်နှံမှု အက်ဆက်တွေ ဖြစ်ကြတဲ့ ရွှေ၊ Silver နှင့်၊ စတော့ရှယ်ယာ ၊ ဘွန်းငွေချေးစာချုပ် တွေ စသဖြင့် Tradable securities တွေ မှန်သမျှကိုရော Tokenized လုပ်လို့ရပါသည်။
ဒီတခေါက်ကြုံရမည့် Tokenization အလှည့်အပြောင်းက “physical assets” တွေ မှသည် “token” များအဖြစ်သို့ ဘဝပြောင်းကုန်ကြဖို့ ရှိလာမည်။
လက်ရှိအချိန်၌ လူတွေရဲ့ Asset ownership တွေ အားလုံးနီးပါးဟာ စာချုပ်စာတမ်းကို အခြေခံတဲ့ Paper based အနေအထားမှာပဲ ရှိနေကြသေးသည်။ လာမည့် နှစ်တွေမှာ Tokenization အပြောင်းအလဲကြီးတွေ လာတော့မည်။ အဲဒီအခါ Paper based ကနေ Blockchain based ဖြစ်လာကုန်ကြမည်။ Tokenized asset တွေဟာ ရွေ့ပြောင်းရ လွယ်ကူပေါ့ပါး မြန်ဆန်သည့်အတွက်ကြောင့် ကမ္ဘာတဝန်းမှာ စီးပွားရေး လုပ်ငန်းရှင်တွေ မျက်စိကျလာကြပေလိမ့်မည်။
လက်ရှိမှာ ကိုယ်တွေနဲ့ အနီးဆုံးအိန္ဒိယ နိုင်ငံကိုကြည့်ရင် Tokenized asset တွေ စမ်းသပ် ရောင်းဝယ်နေကြပြီ ဖြစ်သည်။ အိန္ဒိယဗဟိုဘဏ် RBI က အိန္ဒိယ အစိုးရထုတ် ဘွန်းတွေကို Tokenized Bonds တွေ အဖြစ် စမ်းသပ်နေကြပြီဟု သိရှိရပါသည်။ အိန္ဒိယက Startups လုပ်ငန်းတွေကလည်း Real Estate Token တွေကို ရူပီး 500 နဲ့စတင်ဝယ်ယူလို့ ရအောင် ထုတ်ရောင်းနေကြပြီလည်း ဖြစ်သည်။
အထက်မှာ ပြောခဲ့တဲ့ Standard Chartered ဘဏ်ကြီးတို့လို၊ BlackRock CEO တို့လိုမျိုး ဆိုတာ ဒီတိုင်း အပြောတင်မဟုတ်၊ FinTech ဘက်ကို ခြေဆန့်နေကြတဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြတာကြောင့် သူတို့ရဲ့ လုပ်ငန်းတွေထဲမှာ Tokenization စျေးကွက်ကို ချဲ့ထွင် ဖော်ဆောင်ဖို့ ရှိလာနိုင်သည်။ လက်ရှိမှာလည်း BlackRock နှင့် JP Morgan ဘဏ်ကြီးတို့ဟာ Tokenized Fund တွေ Tokenized Bonds တွေ ကို စတင်စမ်းသပ်နေကြပြီ။
လာမယ့် ဆယ်စုနှစ်လောက်မှာ တကမ္ဘာလုံး အတိုင်းအတာဖြင့် Tokenization လက်ခံကျင့်သုံးလာနိုင်ပါက အိမ်ရောင်းမည်၊ မြေရောင်းမည်ဆိုလျှင် Click တချက်နှိပ်ရုံ၊ Screen ပေါ် Touch တချက်တို့ရုံဘေးဖြင့် လွယ်ကူမြန်ဆန်စွာ အရောင်းအဝယ် အလွှဲအပြောင်းတွေကို လုပ်ဆောင်နိုင်သည့် အနေအထားသို့ ရောက်ရှိလာစေနိုင်သည်။
အမေရိကားက စတော့ရှယ်ယာ ဝယ်မလား? ဥရောပက ဘွန်းဝယ်မလား? ကိုယ့်မှာ Blockchain ကွန်ယက်သုံး Digital wallet တခု ရှိထားရုံဖြင့် Tokenized လုပ်ထားတာတွေကို အလွယ်တကူ ဝယ်ယူနိုင်မည့် အနေအထားသို့ ရောက်ရှိလာစေနိုင်သည်။ Tokenization ခေတ်မှာ Millionaire တွေ Billoinaire တွေလည်း များစွာ ပေါ်ထွက်လာနိုင်ကြလိမ့်မည်။ ဘယ်လိုလူတွေ ဖြစ်နိုင်သလဲဆိုရင် အစောဆုံး လေ့လာအသုံးချနိုင်သူတွေလို့ ဆိုရမည်ပေါ့။
Tokenization ဟာ ပေါ်ပင် Trend တခုလောက်သာ ရှိလာမှာမျိုး မဟုတ်ဘဲ သမားရိုးကျ Financial System တွေအပေါ် ကြီးမားတဲ့ အလှည့်အပြောင်းကြီး ဖြစ်စေနိုင်သလို၊ ဘဏ်နှင့် ဘဏ္ဍာရေးလုပ်ငန်းတွေ၊အင်စ
တီးကျူးရှင်းတွေအတွက်၊ အကြီးအကျယ် စိန်ခေါ်မှုတွေလည်း ကြုံလာရနိုင်သည်။
အနှစ်ချုပ် အနေဖြင့် အပြောင်းအလဲမှာ နောက်ကျမကျန်ခဲ့ဖို့ဆိုရင် ခေတ် စနစ်နဲ့ အဆက်မပြတ်အောင် Blockchain အကြောင်းအခြေခံလောက်တော့ နားလည်ထား သင့်ပါကြောင်း စေတနာရှေ့ထား ရေးသားမျှဝေလိုက်ပါသည်။
#NangKhamThiriOo
2. 10. 2025