2008 ခုနှစ်တုန်းက Bitcoin စတင်ပေါ်ပေါက်လာခဲ့ပြီးတဲ့နောက်ပိုင်း ခရစ်တိုငွေကြေး အသစ်တွေလည်း တခုပြီးတခုနဲ့ တိုးပွား၍ ရှိလာခဲ့သည်။ ခရစ်တိုငွေကြေးတွေကို နည်းပညာအသစ်အသစ်တွေ နဲ့ အပြိုင်အဆိုင် ဖန်တီးသုံးစွဲမှုတွေ ရှိလာသလို အလိမ်အညာ၊ အတုအပ ဖန်တီးကြတဲ့ ဆိုးကျိုးတွေကလည်း များစွာ ကပ်ပါလာခဲ့ပြီ ဖြစ်သည်။
ယနေ့အချိန်ထိ ခရစ်တိုငွေကြေးများနှင့် ပတ်သက်ပြီး ပညာရှင်တွေ အကြားမှာ အဆိုးမြင်ရှူထောင့်၊ အကောင်းမြင်ရှုထောင့် အဘက်ဘက်ကနေ အားပြိုင်မှုတွေလည်း ရှိနေဆဲ ဖြစ်ပါသည်။ ခရစ်တိုငွေကြေးတွေကို အဆိုးချည်းပဲ တွေးထင်ထားလို့မရပေ။ မျက်မှောက်ကာလမှာ လူတွေကို အကျိုးပြုနိုင်သည့် အကြောင်းအချက်များစွာရှိနေတဲ့ထဲကနေ အဓိက အချက်တွေကတော့ -
ငွေပေးငွေယူ ကိစ္စရပ်တွေ လွယ်ကူမြန်ဆန်ခြင်း။
ခရစ်တိုငွေကြေး အသုံးပြုတဲ့ နည်းစနစ်တွေဟာ သမာရိုးကျ ဘဏ်စနစ်တွေ၊ သမာရိုးကျ ဘဏ္ဍာငွေကြေး အဖွဲ့အစည်းတွေက ဝန်ဆောင်မှု နည်းစနစ်တွေနဲ့ မတူတာကြောင့် ငွေအလွှဲအပြောင်း ဆောင်ရွက်မှုတွေမှာ အချိန်မြန်ဆန်ခြင်း၊ ငွှေလွှဲခ သက်သာခြင်း၊ ကြားခံ Thirty party မရှိတာကြောင့် ခြေရာခံလို့မရခြင်း စတဲ့ ကောင်းကျိုးပြုမှုတွေ ရှိပါသည်။ ခရစ်တိုငွေကြေးတွေကို ဝယ်ယူစုဆောင်းခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းတို့ ပြုလုပ်နိုင်ဖို့ရာအတွက် သမားရိုးကျ ဘဏ်အကောင့်တွေ သုံးစရာ မလိုအပ်တဲ့ ကောင်းကျိုးရှိပါသည်။
နိုင်ငံခြား ငွေအလွှဲအပြောင်းလုပ်မှုတွေ သက်သာမြန်ဆန်ခြင်း။
နိုင်ငံရပ်ခြားသို့ ငွေအလွှဲအပြောင်း လုပ်ရာမှာလည်း သမာရိုးကျ ဘဏ်စနစ်တွေကို သုံးခြင်းဟာ အချိန်ကြန့်ကြာမှု ရှိပြီး ဘဏ်ဖွင့်ရက်ကို ချင့်ချိန်ဖို့လည်း လိုသည်။ ခရစ်တိုငွေကြေး သုံးစွဲမှုတွေ၌ဘဏ်ဖွင့်ချိန်လို ကန့်သတ်အချိန်မရှိဘဲ ကြိုက်တဲ့ အချိန်မှာ ချက်ချင်းလက်ငင်း နယ်စပ်ဖြတ်ကျော် ငွေအလွှဲအပြောင်း လုပ်ငန်းစဉ်ကို အချိန်ကုန်သာသာ၊ ကုန်ကျစရိတ် သက်သာစွာ နဲ့ဆောင်ရွက်လုပ်ကိုင်လို့ရနိုင်ပါသည်။
DeFi လုပ်ငန်းတွေမှာ အကျိုးအမြတ်ရှာနိုင်ခြင်း။
Decentralized finance (DeFi) ဆိုတာ ပြင်ပလောကမှာ ငွေချေးငှားယူခြင်း၊ ငွေထုတ်ချေးပေးခြင်း နှင့် အတိုးနှုန်းများ ရယူခြင်း တို့ လုပ်ဆောင်နေကြတဲ့ ဘဏ်နှင့် ငွေစုငွေချေး အသင်းအဖွဲ့များလိုပင် Blockchain ကွန်ယက်ထဲမှာ လုပ်ဆောင်နိုင်သော ငွေစုငွေချေးလုပ်ငန်းတွေ ဖြစ်ပါသည်။ ကြားခံ Third Party မရှိတဲ့ အတွက်ကြောင့် DeFi ငွေရေးကြေးရေး ဝန်ဆောင်မှု စနစ်တွေသုံးပြီး ငွေစု၊ ငွေချေး၊ အတိုးရှာ စတာတွေကို လုပ်ဆောင်လို့ရနိုင်ပါသည်။
အရင်းအနှီးမတည်ငွေရှာဖွေဖို့ အခွင့်အလမ်းတွေ ရှိခြင်း။
သမာရိုးကျ အရင်းအနှီးစျေးကွက် (Capital Market) ဖွံ့ဖြိုးပြီးသား နိုင်ငံတွေမှာ စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမတည်ငွေ ဖြည့်တင်းဖို့ လိုအပ်တဲ့ အခါ အများပိုင်ကုမ္ပဏီတွေ အဖြစ်သို့ အသွင်ကူးပြောင်းပြီး အများပြည်သူတွေထံသို့ ရှယ်ယာထုတ်ဝေရောင်းချ နိုင်ကြသည်။ ၎င်းလုပ်ငန်းစဥ်ကို Initial Public Offerings (IPO) လုပ်သည်ဟု ခေါ်ပါသည်။ ခရစ်တိုငွေကြေးစျေးကွက်ထဲမှာလည်း စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ ရင်းနှီးငွေ ဖြည့်တင်းလိုတဲ့အခါ ကိုယ်ပိုင် ခရစ်တို ကွိုင် (သို့မဟုတ်) တိုကင် တို့ကို ဖန်တီးပြီး Initial Coin Offerings (ICOs) နှင့် Initial Exchange Offerings (IEOs) စသည့် လုပ်ငန်းစဉ်တွေ လုပ်ဆောင်လို့ရပါသည်။ အများပြည်သူတွေဆီကို ခရစ်တို ကွိုင် (သို့မဟုတ်) တိုကင်တွေ ထုတ်ရောင်းပြီး ရင်းနှီးမတည်ငွေ ရှာနိုင်သည်။ သမာရိုးကျ အရင်းအနှီးစျေးကွက်မှာလို ကြားခံ အဖွဲ့အစည်းတွေ အဆင့်ဆင့် ကျော်ဖြတ်စရာ မလိုဘဲ ၎င်းတို့ရဲ့ ပရောဂျက်တွေကို အများပြည်သူဆီသို့ တိုက်ရိုက် ချပြကာ ၎င်းတို့ကိုယ်ပိုင် ခရစ်တို ကွိုင်/ တိုကင်တွေကို Blockchain ကွန်ယက်ပေါ်တင်ပြီး ဖြန့်ဝေ ရောင်းချလို့ ရနိုင်ပါသည်။
Inflation မြင့်တက်နေတဲ့ ကာလ မှာ ခရစ်တိုငွေကြေးတွေ လက်ဝယ်ထားရှိခြင်းအားဖြင့် Inflation မြင့်တက်မှု ဒဏ်ကို ကာကွယ်နိုင်ခြင်း။
စီးပွားရေး မတည်ငြိမ်တဲ့ ကာလတွေမှာ ခရစ်တိုငွေကြေးတွေကို ရင်းနှီးမြှုပ်နှံမှု လုပ်ပြီး ဆုံးရှုံးမှုဒဏ်ကို ကျားကန်ထား နိုင်ခြင်း။
Bitcoin နှင့် အချို့သော ခရစ်တိုငွေကြေးတွေဟာ သိုမှီးတန်ဖိုး (Store of value) ရှိကြသည်။ Inflation မြင့်တက်မှု မြန်ဆန်နေသည့်ကာလ နှင့် စီးပွားရေး မတည်ငြိမ်တဲ့ ကာလမျိုးတွေ မှာ Stablecoin လိုမျိုး အတက်အကျတည်ငြိမ်သည့် ခရစ်တိုမျိုးကို လက်ဝယ်ထားရှိခြင်းက ဆုံးရှုံးနိုင်ခြေ risk ကို အထိုက်အလျောက်အားဖြင့် ကာကွယ်ပေးနိုင်မည် ဖြစ်သည်။
အထက်မှာ ဆိုခဲ့ သလို ခရစ်တိုငွေကြေးတွေဟာ မျက်မှောက်ခေတ်ကာလမှာ လူသားတွေ အတွက်များစွာ အကျိုးပြုတဲ့ အချက်တွေ ရှိသလို ဘေးထွက်ဆိုးကျိုး အချက်တွေ ဖြစ်တဲ့ အတုအပတွေ၊ အလိမ်အညာတွေ၊ စျေးနှုန်း ကသောင်းကနင်းဖြစ်မှုတွေ၊ စည်းမျဉ်း ဥပဒေ ထိန်းကျောင်းမှုတွေ ခိုင်မာစွာ မရှိသေးတာတွေ၊ ဓာတ်အားသုံးစွဲမှု အလွန်များတာတွေ စသဖြင့် ဆိုးကျိုးတွေလည်း ရှိနေပါသည်။
(ခရစ်တိုငွေကြေး အရောင်းအဝယ် ဝန်ဆောင်မှု မလုပ်ပါ၊ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ရေးသားမျှဝေခြင်းသာ ဖြစ်သည်။)
21. 8. 2023
Photo - Google