အင်ဖလေးရှင်းမြင့်တက်နေသော ကာလ၌ Saving နှင့် Investing လုပ်ခြင်းတို့မှာ ဘယ်ဟာက ပိုပြီးကောင်းနိုင်သလဲ? 

344568219 963877845058521 4413491571334067668 n

 
     အင်ဖလေးရှင်းနှုန်းမြင့်တက်ခြင်းဟာ အချိန်ကာလ ကြာရှည်လေလေ ​​ငွေ​​ကြေးရဲ့ ဝယ်ယူနိုင်စွမ်းအားကလည်း ကျဆင်းလေလေ ရှိစေနိုင်ပါသည်။ ကျွန်မတို့ ငယ်ရွယ်စဥ် မူလတန်း ကျောင်းသူ ဘဝတုန်းကဆိုလျှင် တရက်ကို မုန့်ဖိုး 50 ကျပ်သာ ရခဲ့ပါသည်။ 50 ကျပ်တန်ငွေစက္ကူ တရွက်ဖြင့် နေကြာစေ့ 10 ကျပ်တန် တထုပ် ၊ အာလူးကြော် 20 တန် တထုပ် ၊ စာကလေးခွေ 20 တန် တထုပ် ဝယ်စားလို့ ရခဲ့သည်။ လက်ရှိ ဤစာကို ရေးနေချိန်မှာတော့ 50 ကျပ်တန်ကိုပင် ရှာတွေ့နိုင်ဖို့ အလွန်ရှားပါးသွားပြီ ဖြစ်ပြီး အာလူးကြော် အထုပ်သေးသေးလေး တထုပ်တောင် အနည်းဆုံး 1500 ကျပ် ဖြစ်သွားခဲ့ပြီ။
 
     နိုင်ငံအများစုတို့တွင် အင်ဖလေးရှင်းနှုန်းကို တိုင်းတာရာ၌ CPI - Consumer Prices Index (စားသုံးသူစျေးဆညွှန်းကိန်း) ဖြင့် တိုင်းတာလေ့ရှိပါသည်။ CPI ညွှန်းကိန်း (နှစ်အလိုက်အခြေခံနှုန်းမှာ) 1% မြင့်တက်မှု ရှိနေလျှင် အင်ဖလေးရှင်းမြင့်တက်သည့် နှုန်း 1% ရှိကြောင်း သိရှိနိုင်ပြီး ​​ငွေကြေးရဲ့ ဝယ်နိုင်စွမ်းအားကလည်း မနှစ်ကထက်လျော့ကျမှု ရှိသွားမည် ဖြစ်သည်။
 
     မိမိတို့ရဲ့ ဘဏ်စုငွေကနေ နှစ်ပေါက်လုံးစာ အတိုးနှုန်း 5% ရှိသည်ဆိုပါစို့၊ တချိန်တည်းသော ကာလတွင် အင်ဖလေးရှင်း မြင့်တက်မှုနှုန်းဟာ 5% ရှိမည်ဆိုလျှင် ဘဏ်အတိုးနှုန်း 5% ဟာ အင်ဖ​လေးရှင်းကို မကာမိနိုင်သလို ငွေတန်ဖိုးကလည်း မနှစ်က ဝယ်ယူနိုင်စွမ်းထက် ကျဆင်းသွားပြီဖြစ်ရာ ဘဏ်၌ ငွေ စုဆောင်းခြင်းက ရေရှည်မှာ အကျိုးမရှိနိုင်​တော့ပေ။
 
     အများစုတို့က ၎င်းတို့ရဲ့ ငွေတွေကို ဘဏ်မှာ သွားစုထားခြင်းကို လုံခြုံစိတ်ချ ရသည်ဟု ထင်မှတ်ကြသည်။ ဘဏ်ဆိုသည်မှာ မိမိတို့ရဲ့ ငွေကို တယုတယ၊ သိမ်းဆည်းပေးထားတဲ့ နေရာမဟုတ်ပေ။ မိမိတို့ရဲ့ စုဆောင်းထားတဲ့ အပ်ငွေကို အသုံးချပြီး ချေးငွေတွေ ပြန်ထုတ်ချေးကာ ၎င်းတို့အတွက် အကျိုးအမြတ်ဖန်တီးနေကြသည့်လုပ်ငန်း အင်စတီကျူးရှင်းတခုပင် ဖြစ်သည်။
 
     အင်ဖလေးရှင်းကို အနိုင်ရ အန်တုနိုင် ဖို့ဆိုလျှင် စုဆောင်းခြင်းနည်းလမ်းက အလုပ်မဖြစ်ပေ။ ဒါဆိုရင်ဖြင့် investment လုပ်ခြင်းဖြင့်ရော အင်ဖလေးရှင်းဒဏ်ကို အနိုင်ရအန်တုနိုင်မလားဆိုတာ အတိတ်မှာရော၊ လက်ရှိမှာပါ ရှိခဲ့ထားဖူးပြီးသား ​​ဒေတာ၊ အကြောင်းအချက် အနည်းငယ်မျှကို ချိန်ထိုးကြည့်ရုံနဲ့ အလွယ်သိနိုင်ပါလိမ့်မည်။
 
     အမေရိကန်နိုင်ငံကို နမူနာကြည့်ပါက 1970 ခုနှစ် မတိုင်ခင်တုန်းက ဆိုလျှင် 35 ဒေါ်လာဖြင့် ရွှေတအောင်စကို ဝယ်ယူနိုင်ခဲ့သည်။ လက်ရှိ 2023 ခုနှစ် မေလမှာ ဤစာကိုရေးနေချိန်၌ ရွှေတအောင်စကို 2017 ဒေါ်လာဝန်းကျင် ရှိနေပါသည်။ ၎င်းအချိန်ကာလတုန်းက ဘိုးဘွား တွေက ရွှေတအောင်စ ဝယ်ယူရင်းနှီးမြှုပ်နှံထားခဲ့လျှင် လက်ရှိမှာ တန်ကြေးမြင့်နေပြီဖြစ်ပြီး ဒေါ်လာကိုသာ စုဆောင်းထားခဲ့ပါက အင်ဖလေးရှင်းဒဏ်ကို မကာကွယ်နိုင်ဘဲ အခြေခံစားသောက်ကုန်လောက်သာ ဝယ်ယူ သုံးစွဲနိုင်သည့် အနေအထား၌သာ ရှိနိုင်မည်။ ဒါကလည်း ဘာကို ဖော်ပြပေးသလဲဆိုရင် ဒေါ်လာ လိုငွေကြေးမျိုးကို လက်ကိုင်ထားရင်တောင်မှ ရွှေကို လက်ကိုင်ထားမှု လုပ်သလောက် အကျိုး ဖြစ်ထွန်းမှု မရှိနိုင်ဘူးဆိုတာကို ပြပေးတာလည်း ဖြစ်ပါသည်။
 
     အနီးစပ်ဆုံးကာလကိုပြန် ကြည့်မည်ဆိုလျှင် Covid - 19 ကာလ မတိုင်ခင်တုန်းက အမေရိကန်၏ အင်ဖလေးရှင်းနှုန်းဟာ 2% အောက်မှာသာ ရှိခဲ့သည်။ ကိုဗစ်အလွန်ကာလမှာတော့ အင်ဖလေးရှင်းနှုန်းဟာ 2022 ခုနှစ် ဇွန်လထဲ၌ 9.1% အထိ နှစ်ပေါင်း 40 ကျော် အတွင်းအမြင့်ဆုံးစံချိန်တင် မြင့်တက်ခဲ့ပါသည်။ ၎င်းအချိန်ကာလအတွင်းမှာ အမေရိကန် Fed ဗဟိုဘဏ်အတိုးနှုန်းဟာ 0.00% - 0.25% range ၌ ထားရှိခဲ့သည်ဖြစ်ရာ ဘဏ်မှာငွေအပ်နှံ စုဆောင်းထားခြင်းသည် အကျိုးမရှိဘဲ၊ အကျိုးယုတ်မှုတောင် ရှိသွားစေခဲ့သည်။
 
     ကိုဗစ်မတိုင်ခင် 2019 ခုနှစ်ကနေ ကိုဗစ်အလွန် 2023 ခုနှစ် အထိ 5 နှစ်တာ ကာလအတွင်းမှာ Tesla စတော့က ပြန်ရနှုန်း +717.49% ၊ Apple စတော့က ပြန်ရနှုန်း +266.71% နှင့် Microsoft စတော့က ပြန်ရနှုန်း +220.94% အထိ ရှိခဲ့ကြသည်။ စတော့ရှယ်ယာမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ခြင်းဟာ အင်ဖလေးရှင်း ဒဏ်ကို ကောင်းစွာ ကာကွယ်ပေးနိုင်ကြောင်းလေ့လာ တွေ့ရှိနိုင်ပါသည်။
 
     စုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှု တို့ဟာ ရေရှည်မှာ ဘယ်ဟာက အကျိုးဖြစ်ထွန်းမှု များနိုင်ပြီး အင်ဖလေးရှင်းရဲ့ တိုက်စားမှုဒဏ်ကို ဘယ်ဟာက ပိုပြီးခံနိုင်ရည်ရှိမလဲဆိုတာ အထက်ပါ နှိုင်းယှဥ်ချက်မှာ တွေ့ရှိနိုင်ပါသည်။ ထို့ကြောင့် ပထမဦးစွာ ငွေကို စုဆောင်းသင့်ပြီး စုဆောင်းထားရှိပြီးသားငွေကို ရင်းနှီးမြှုပ်နှံမှု လုပ်ကာ တိုးပွားအောင် လုပ်ဆောင်သင့်ပါသည်။
 
     အင်ဖလေးရှင်း ဒဏ်ကို အန်တုနိုင်မည့် ရင်းနှီးမြှုပ်နှံမှု အမျိုးအစားများကတော့ ရွှေ၊ Silver၊ စတော့ရှယ်ယာများ၊ ဘွန်းစာချုပ်များ၊ အိမ်ခြံမြေများ၊ ကုန်စည်အမျိုးအစားတန်းဝင် ရေနံ၊ ကောက်ပဲသီးနှံ၊ သဘာဝ ဓာတ်ငွေ့ စသည်တို့အပြင် Cryptocurrency များတို့ကို ရင်းနှီးမြှုပ်နှံမှု လုပ်ထားသင့်ပါသည်။ ရင်းနှီးမြှုပ်နှံမှု နှင့် ပတ်သက်၍ အခြေခံလေ့လာမှုမျှ မရှိသေးရင်တော့ သေချာစွာ နားလည်သဘောပေါက်အောင် အရင်လေ့လာသင့်ပါသည်။
 
     အထက်ပါ အက်ဆက် အမျိုးအစားများတို့ကို မည်သည့် အချိန်အခါမျိုးမှာ ရင်းနှီးမြှုပ်နှံသင့်ကြောင်း၊ risk နှင့် return တို့ရဲ့ သက်ရောက်မှုဟာ ဘယ်လိုရှိကြောင်း၊ မတူကွဲပြားသော စျေးကွက် အမျိုးအစားများ ဖြစ်သောကြောင့် ချိတ်ဆက်မိအောင် မည်သို့ လေ့လာသုံးသပ်သင့်ကြောင်း၊ စီးပွားရေး ကျဆင်းကာလ အင်ဖလေးရှင်း မြင့်တက်နေသည့် ကာလတို့အတွက် Asset allocation မည်သို့လုပ်ဆောင်သင့်ကြောင်း ဆိုတာမျိုးတွေ၊ ကိုယ်တိုင်ကိုယ်ကျ ခရေစေ့တွင်းစေ့ နားလည် တတ်ကျွမ်းပြီး တဘဝလုံးစာအတွက် လက်တွေ့ အသုံးချနိုင်ဖို့ကတော့ မေလ 6 ရက်နေ့မှာ စတင်မည့် Financial Market ( zoom class) သင်တန်းမှာတင် စုံလင်စွာ လေ့လာ သင်ယူလို့ ရပါကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။
 
3. 5. 2023