Inflation ဒဏ်ကို ခံနိုင်ရည်ရှိအောင် ဘယ်လိုလုပ်မလဲ? 

NkInflation

 
အင်ဖလေးရှင်း အလွန် မြင့်တက်မှု ရှိနေတဲ့ ကာလမှာ လူတန်းစားမရွေး၊ ထိပ်တန်း သူဌေးတွေကနေ အောက်ခြေ ဝန်ထမ်းအထိ၊ ကလေးအစ လူကြီးအဆုံး မည်သူမဆို အင်ဖလေးရှင်းမြင့်တက်မှုရဲ့ ဆိုးကျိုးဒဏ်တွေကို ခါးစည်းခံရမှာပဲ ဖြစ်ပါတယ်။
 
လူတဦးတယောက်ဖြစ်စေ၊ စီးပွားရေး လုပ်ငန်းတခုပင် ဖြစ်စေ အင်ဖလေးရှင်း မြင့်တက်မှု ရှိနေတဲ့ ကာလမှာ အလုပ်ဘယ်လောက်ကြိုးစားကြိုးစား ရတဲ့ ဝင်ငွေဟာ အင်ဖလေးရှင်းရဲ့ တိုက်စားမှု ဒဏ်ကြောင့် လွယ်လင့်တကူ လုံးပါးပါးသွားနိုင်တယ် ဆိုတာ အားလုံးလည်း နဖူးတွေ့ဒူးတွေ ကြုံနေရပြီ ဖြစ်ပါတယ်။
 
အင်ဖလေးရှင်း မြင့်တက်မှု မြန်ဆန်နေတဲ့ ကာလမှာ သင့်အနေနဲ့ လုပ်ငန်းကနေ ဘယ်လောက်ပဲ ဝင်ငွေကောင်းနေပါစေ၊ ရာထူးကြီးလို့ လစာဘယ်လောက်ပဲ များနေပါစေ၊ အင်ဖလေးရှင်း ရဲ့ စက်ကွင်းကနေ မလွတ်မြောက်နိုင်ပါဘူး။
 
ရှေးခေတ်အဆက်ဆက် အင်ဖလေးရှင်း မြင့်တက်မှုရှိနေတဲ့ အချိန်အခါမျိုးမှာ လူတွေဟာ ရွှေလို ပကတိတန်ဖိုးရှိတဲ့ asset ကို လက်ဝယ်စုဆောင်းထားပြီး inflation ကို hedge လုပ်ကြတာတွေ ရှိခဲ့ကြပါတယ်။ ရွှေ၊ အိမ်ခြံမြေ နဲ့ ဒေါ်လာ၊ ယူရို တို့လို safe haven ငွေကြေးတွေကို လက်ဝယ်ထားပြီး အင်ဖလေးရှင်းကြောင့် ပိုင်ဆိုင်မှု တန်ဖိုး ယုတ်လျော့တဲ့ risk ကို ကျားကန်မှုတွေ လုပ်ကြလေ့ရှိတယ် ဆိုတာ လူတိုင်းနီးပါး သိရှိပြီးလည်း ဖြစ်ပါတယ်။
 
ယနေ့ခေတ်အခါမှာတော့ ရွှေတို့ အိမ်ခြံမြေတို့လိုမျိုး asset တွေ အပြင် အင်ဖလေးရှင်းဒဏ်ကို အထိုက်အလျောက် ကျားကန်ထားနိုင်တဲ့ asset အမျိုးအစားတွေ ရွေးချယ်စရာ များစွာ ရှိလာပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ asset ကို အုပ်စု 2 စုခွဲပြီး ရှင်းပြလိုပါတယ်။ Physical asset နဲ့ Digital asset ဆိုပြီးတော့ ရှိပါတယ်။
Physical assets တွေကတော့ လူတိုင်းသိထားပြီးသား မျက်လုံးနဲ့ တပ်အပ်မြင်ရပြီး လက်နဲ့ ကိုင်တွယ် ထိတွေ့လို့ရတဲ့ ဥစ္စာပစ္စည်းတွေပဲ ဖြစ်ပါတယ်။ Physical assets တွေထဲမှာ အမျိုးအစား ထပ်ခွဲရင်တော့...
 
(1) အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု အမျိုးအစားတွေဖြစ်ကြတဲ့ အိမ်၊ မြေယာ၊ အဆောက်အဦး တို့ကို ပိုင်ဆိုင်ထားရှိခြင်း။
(2) မော်တော်ယာဥ် အမျိုးအစားတွေဖြစ်ကြတဲ့ ကား၊ ဆိုင်ကယ်၊ ကုန်တင်ကားနဲ့ အခြား သယ်ယူပို့ဆောင်ရေး ယာဥ်တွေ ပိုင်ဆိုငိထားရှိခြင်း။
(3) အဖိုးတန်တွင်းထွက် အမျိုးအစားတွေ ဖြစ်ကြတဲ့ ရွှေ၊ silver ၊ ပလက်တီနမ်၊ ကျောက်မျက်ရတနာ နဲ့ အခြားသော တွင်းထွက်သတ္တုများတို့ကို လက်ဝယ် စုဆောင်းထားရှိခြင်း။
(4) စက်ပစ္စည်း ကိရိယာ အမျိုးအစားတွေ ဖြစ်ကြတဲ့ ရွေ့ပြောင်းရခက်တဲ့ စက်တွေ၊ ကုန်ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေ၊ လုပ်ငန်းသုံး စက်ကိရိယာတွေ ပိုင်ဆိုင်ထားရှိခြင်း။
(5) အနုပညာ ပစ္စည်း၊ ရှားပါးစုဆောင်းပစ္စည်းအမျိုးအစားတွေ ဖြစ်ကြတဲ့ ပန်းချီ၊ ပန်းပု၊ ရှေးဟောင်းပစ္စည်း နဲ့ ရှားပါးအဖိုးတန် ပစ္စည်းများကို စုဆောင်းထားရှိခြင်း စတဲ့ အရာတွေကတော့ လက်နဲ့ ကိုင်တွယ်လို့ ရတဲ့ Physical assets အမျိုးအစားတွေပဲ ဖြစ်ပါတယ်။
 
အားနည်းချက်အ​နေ နဲ့ က Physical assets တွေ ပိုင်ဆိုင်ထားရှိခြင်းဟာ ရန်သူမျိုး 5 ပါးတို့ရဲ့ ရန်ကနေတော့ မကာကွယ်နိုင်ပါ။ သူခိုး၊ ဓားပြ တို့ရဲ့ ခိုးယူလုယက်မှုတွေ၊ မင်းဆိုးမင်းညစ် အုပ်စိုးစဥ်ကာလမှာ သိမ်းယူခံရမှု၊ ထိန်းသိမ်းကန့်သတ်ခံရမှုတွေ၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေ ရဲ့ ရန်ကတော့ ရှိနေမှာပဲ ဖြစ်ပါတယ်။
 
Digital assets ဆိုတာကတော့ လက်နဲ့ ကိုင်တွယ်လို့မရတဲ့ အီလက်ထရွန်းနစ် စနစ်ကနေတဆင့် တည်ဆောက်ထားရတဲ့ ပိုင်ဆိုင်မှု ပစ္စည်း ဥစ္စာတွေကို ဆိုလိုတာ ဖြစ်ပါတယ်။
ယနေ့ခေတ်အခါမှာ ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတွေက လူတွေ၊ ကုမ္ပဏီ လုပ်ငန်းတွေ အများစုတို့မှာ ဒစ်ဂျစ်တယ် assetsတွေ ကို လက်ဝယ်ပိုင်ဆိုင်ထားရှိမှုတွေ များစွာ ရှိနေကြပြီလည်း ဖြစ်ပါတယ်။
 
(1) မျက်စိနဲ့ တပ်အပ်မမြင်နိုင်၊ လက်နဲ့ ထိတွေ့ ကိုင်တွယ်လို့မရနိုင်တဲ့ Bitcoin, Ethereum ကဲ့သို့ Cryptocurrency အမျိုးအစားတွေ၊ Cryptography နဲ့ ပတ်သက်တဲ့ နည်းပညာ asset တွေကို စုဆောင်း ပိုင်ဆိုင်ထားခြင်း။
(2) ဒစ်ဂျစ်တယ် မီဒီယာ အမျိုးအစားတွေ ဖြစ်ကြတဲ့ သီချင်း၊ ရုပ်ရှင် ဖန်တီးမှုတွေ၊ e-book ရေးသားတာတွေ၊ ဒစ်ဂျစ်တယ်နည်းပညာနဲ့ အနုပညာဖန်တီးမှုတွေ၊ ဒစ်ဂျစ်တယ် ဖျော်ဖြေရေး app တွေ ဖန်တီးအသုံးချနိုင်အောင် လုပ်ထားခြင်း။
(3) မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ် နဲ့ ဒစ်ဂျစ်တယ် content တွေ ဖန်တီးနိုင်မှု စတဲ့ ဥာဏ ပိုင်ဆိုင်မှု (Intellectual property) ပိုင်ဆိုင် ထားရှိခြင်း။
(4) Facebook, Youtube, X (Twitter) စတဲ့ ဆိုရှယ်မီဒီယာ အကောင့်များ ၊ email အကောင့်များ၊ website များ၊ apps များ ၊ domain name များ တို့နှင့် အများအကျိုးပြုတဲ့ ဒစ်ဂျစ်တယ် လုပ်ငန်းတွေ လုပ်ထားခြင်း စတဲ့ ဒစ်ဂျစ်တယ် asset တွေကို ပိုင်ဆိုင်နိုင်အောင် ကြိုးပမ်းထားသင့်ပါတယ်။
 
Digital assets တွေကို ပိုင်ဆိုင်ထားရှိခြင်းဟာ ပြင်ပမှာ ရှိတဲ့ သူခိုး၊ဓားပြ တွေရဲ့ ရန်၊ ဘဘာဝဘေးအန္တရာယ်ရန် တို့ကနေ ကာကွယ်နိုင်ပြီး ရွေ့ပြောင်းသယ်ဆောင်ရတာ အခက်အခဲမရှိ၊ သိမ်းဆည်းထားစရာ နေရာတွေ မလိုအပ်ပေမယ့် Cybersecurity risks တွေနဲ့ ကိုယ်ရေးအချက်အလက် လုံခြုံရေးတို့ကိုတော့ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
 
ကမ္ဘာ့ နံပါတ် 1 အချမ်းသာဆုံး ဘီလျံနာကြီး ဖြစ်တဲ့ Elon Musk ဆိုရင် Physical assets ၊ Digital assets တွေများစွာ လက်ဝယ်ထားရှိတဲ့အပြင် သူရဲ့ Tesla ကုမ္ပဏီ အက်ဆက်ထဲမှာ ဆိုရင် Bitcoin ပါ လက်ဝယ်စုဆောင်းထားရှိပါတယ်။
 
ကျွန်မတို့ပတ်ဝန်းကျင်မှာ Physical assets တွေကို အားကိုးလွန်းကြတာက များပြီး Digital assets တွေ ကို ဖန်တီးဖို့၊ Digital assets တွေကို လက်ဝယ်ထားရှိနိုင်ဖို့ကြတော့ ကြိုးပမ်းနေသူတွေ အလွန်နည်းပါးနေသေးတာကို တွေ့ရနိုင်ပါတယ်။
 
တကယ်တမ်းက Physical assets တွေ ကို ပိုင်ဆိုင်ဖို့ဆိုတာ ပိုက်ဆံအများကြီး ရင်းနှီးဖို့ လိုပါတယ်။ Digital assets ကို ဖန်တီးပိုင်ဆိုင်နိုင်ဖို့က ပိုက်ဆံ အရင်းအနှီးသိပ်မလိုဘဲ ၊ အချိန်နဲ့ ဉာဏအားကို ပိုပြီး အားထည့်ဖို့သာ လိုပါတယ်။ ဒါကြောင့် ငွေအရင်းအနှီး မတတ်နိုင်တဲ့သူတွေ အနေနဲ့လည်း ပညာကို အားဖြည့်၊ ဉာဏအားကို သွေးပြီး Digital assets ကို ဖန်တီးယူနိုင်ပါတယ်။ နည်းပညာနဲ့ အင်တာနက်ကို အကျိုးရှိရှိ၊ ကောင်းစွာ အသုံးချနိုင်ရင် Digital assets တွေကို ကိုယ်တိုင် တည်ဆောက်ယူနိုင်ဖို့ဆိုတာ ကိုယ်လက်လှမ်းမီသလောက်နဲ့ စတင်လုပ်ကိုင်လို့ရပါတယ်။
 
တကယ်တမ်းက Digital assets ဖန်တီးဖို့ဆိုတာ သိပ်အခက်ကြီး မဟုတ်ပါဘူး။ ဒီခေတ် ဒီအခါမှာ အများစုက အင်တာနက်သုံးတတ်တယ်၊ ဆိုရှယ်မီဒီယာ သုံးတတ်တယ်။ သို့သော် ကိုယ့်အတွက် ပညာမရတဲ့ ရန်ဖြစ်ပွဲ၊ လင်လုပွဲ၊ မယားလုပွဲ၊ ဘာပွဲညာပွဲတွေမှာတော့ အာရုံထည့်ထားနိုင်ကြပြီး ကိုယ့်အတွက် ပညာလည်းတိုး၊ ဝင်ငွေလည်းတိုးစေနိုင်မယ့် ပညာရပ်တွေအတွက်တော့ အချိန်မပေးကြ၊ ရေရှည် အတွက် မတည်ဆောက်ကြဘဲ ရေတိုအပျင်းပြေသဘောလောက်သာ အသုံးချနေကြတာက များပါတယ်။ အင်တာနက် နဲ့ ဆိုရှယ်မီဒီယာ ကို ကိုယ့်ရဲ့ Assets အဖြစ်ရှိလာအောင် ဖန်တီးတဲ့ အုပ်စုက နည်းပါး နေပါသေးတယ်။
 
အနှစ်ချုပ် ခြုံပြောရရင် Inflation မြင့်တက်တဲ့ကာလမျိုးဟာ ဘဝ တသက်တာလုံး၌ အနည်းနဲ့ အများတော့ ကြုံတွေ့နေရအုံးမှာ ဖြစ်တဲ့အတွက်ကြောင့် မိမိတို့ရဲ့ ချွေးနှဲစာနဲ့ ရှာဖွေစုဆောင်းထားရတဲ့ ငွေကြေးတွေကို အင်ဖလေးရှင်းကြောင့် ပရုတ်လုံးလို လုံးပါးမပါးသွားအောင် ကိုယ်လက်လှမ်းမီတဲ့ Assets တွေအဖြစ်သို့ တည်ဆောက်ယူဖို့၊ လက်ဝယ်ထားရှိနိုင်ဖို့၊ နှင့် inflation သင်ခန်းစာကိုယူနိုင်ကြဖို့ စေတနာထားပြီး ဤစာကို ရေးသား မျှဝေလိုက်ခြင်း ဖြစ်ပါတယ်။
 
16. 8. 2023