သင့်ကို ဘယ်တော့မှ နောင်တရစေမှာ မဟုတ်တဲ့ ရင်းနှီးမြှုပ်နှံမှုများ 

InvestTree

 
အခု မျှဝေပေးတဲ့ ရင်းနှီးမြှုပ်နှံစရာတွေက လူတိုင်းလူတိုင်း၊ အသက်အရွယ် မရွေးလည်း လုပ်နိုင်သလို ဒါတွေကို ရင်းနှီးမြှုပ်နှံမှု လုပ်ထားခဲ့လို့ သင့်ကို ဘယ်တော့မှ နောင်တရစေနိုင် မှာ မဟုတ်သလို ရေရှည်မှာ ကောင်းကျိုးများစွာ ရရှိစေမှာလည်း ဖြစ်ပါတယ်။
 
"စာအုပ်ဖတ်ပါ​၊ စာအုပ်စာပေမှာ ရင်းနှီးမြှုပ်နှံပါ"
 
အများစုက စာဖတ်ရမှာကို ပျင်းရိတတ်ကြတယ်။ ပညာရပ်စာအုပ်တွေဆို ပိုပြီး ပျင်းရိတတ်ကြပါတယ်။ ဘယ်လိုစာအုပ်ဖြစ်ပါစေ မိမိစိတ်ပါဝင်စားတဲ့ အကြောင်းအရာကနေ စတင်ပါ။ အရင်ဦးစွာ စာကို ပျော်အောင်ဖတ်ပါ။ စာဖတ်ရတာ ပျော်လာခဲ့ပြီး အလေ့အကျင့်ရလာပြီဆိုရင် အပျော်တမ်း အဆင့်မှာတင် ရပ်မနေဘဲ တဆင့်ပိုမြင့်တဲ့ ပညာရပ်စာပေတွေကို လေ့လာသင့်ပါတယ်။
 
ပညာရပ်စာအုပ်တွေ ဖတ်ခြင်းဟာ ပရော်ဖက်ရှင်နယ်ဆီကနေ အနီးကပ်သင်ယူနိုင်တဲ့ အခွင့်အရေးကောင်း ဖြစ်ပါတယ်။ ပြင်ပလောကမှာ ပရော်ဖက်ရှင်နယ် တွေကို ချဥ်းကပ်နိုင်ဖို့ ခက်ခဲကောင်း ခက်ခဲလိမ့်မယ်။ ထိုပုဂ္ဂိုလ်တွေ ရေးသားပြုစုထားတဲ့ စာအုပ်တွေကို ဖတ်ရှု လေ့လာခြင်းအားဖြင့် ပညာရှင်တွေနဲ့ တိုက်ရိုက်သင်ကြားရသလိုပဲ ကောင်းကျိုးရရှိ စေနိုင်မှာ ဖြစ်ပါတယ်။
 
"အလုပ်မရှိသေးရင် မလုပ်ဖူးသေးရင် အလုပ်လုပ်ပါ၊ အလုပ်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေကို ရင်းနှီးမြှုပ်နှံပါ"
 
ကျွန်မတို့ ပတ်ဝန်းကျင်မှာ တချို့တွေက 'ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင်' နေခဲ့ရတော့ ဘာမှမလုပ်တတ်ဘူး ဆိုပြီး မိဘကချမ်းသာလို့ ကောင်းကောင်းနေရကြောင်း ကြွားကြတာတွေ ရှိတတ်ကြပါတယ်။ ဒါဟာ ဂုဏ်ဆာ စရာ မဟုတ်ပါ။ ကိုယ့်ကိုကိုယ်ညံ့ဖျင်းကြောင်းကို ဖော်ပြရာ ရောက်ပါတယ်။ ကိုယ်စိတ်ပါဝင်စားရာ အလုပ်တခုကို လုပ်နိုင်အောင်လုပ်ပါ။
တကယ်တမ်းက အလုပ်လုပ်ဖူးမှ စကားအပြောအဆို၊ လူမှုဆက်ဆံရေး တိုးတက် ကောင်းမွန်လာစေနိုင်ပြီး ကိုယ့်ကိုကိုယ် အားကိုးတတ်တဲ့ အလေ့အကျင့်ကောင်းတွေ၊ ပြဿနာကို ရင်ဆိုင်ဖြေရှင်းရဲတဲ့ သတ္တိတွေ၊ ဒူပေနာပေ ခံနိုင်ရည် ရှိတဲ့ survival skill တွေ မြင့်တက်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ အနာဂတ် လူမှုဘဝမှာ လူချစ်လူခင် ပေါများပြီး လုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါမှာလည်း ကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်ကို ကိုယ်တိုင်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်လုပ်တဲ့ လုပ်ငန်းနယ်ပယ်မှာ ကျွမ်းကျင်မှု ရှိလာလေလေ၊ အတွေ့အကြုံ စုံလေလေ ထိပ်တန်းနေရာကို အလိုအလျောက် ရောက်ရှိသွားစေနိုင်မှာလည်း ဖြစ်ပါတယ်။
 
"ကိုယ်ခန္ဓာ ကျန်းမာရေးရှိစေဖို့ရန် ရင်းနှီးမြှုပ်နှံပါ"
 
"အာရောဂျံ ပရမံ လာဘံ" ဆိုတဲ့ အတိုင်း ကျန်းမာခြင်းဟာ လာဘ်တပါးပါပဲ။ လူကျန်းမာနေမှ ကိုယ်လေ့လာချင်တဲ့ ပညာရပ်တွေ ဆည်းပူးလေ့လာနိုင်မယ်၊ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေ ကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေး လိုက်စားသင့်ပါတယ်။ Gym တွေသွားလို့ရသလို၊ ငွေကုန်ကြေးကျ မများဘဲ အိမ်တွင်းလေ့ကျင့်ခန်းတွေလည်း လုပ်လို့ရပါတယ်။
 
ငန်လွန်း၊ စပ်လွန်း၊ ချိုလွန်း၊ အဆီအဆိမ့်များပြီး ကျန်းမာရေး နဲ့ မညီညွတ်တဲ့ အစားအသောက်တွေ ရှောင်၊ အရက်သေစာတွေရှောင်ပြီး သန့်ရှင်းလတ်ဆတ်စွာ ကိုယ်တိုင်ချက်ပြုတ်စားပြီး ကျန်းမာရေးကို မိမိဘာသာ ဂရုစိုက်လို့ ရပါတယ်။ နေ့စဥ် ကျန်းမာရေးအတွက် ကိုယ့်ကိုကိုယ် ဂရုစိုက်ခြင်းဟာ အသက်အရွယ် ကြီးရင့်လာတဲ့ အချိန်မှာ ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှု အကျိုးဆက်ကို စံစားရစေ မှာပါ။
 
5. 7. 2023
Photo - Google