
လူ့လောကမှာ အရွယ်ရောက်သူတိုင်းဟာ ငွေရှာရေး လမ်းကြောင်းပေါ် ကို အလိုလို ရောက်လာကြရတယ်။
ပညာသင်တယ် ဘာအတွက်လဲ?
အလုပ်ကောင်းရပြီး ငွေရှာဖို့။
လူမှုဆက်ဆံရေး ကောင်းအောင်နေတယ် ဘာအတွက်လဲ?
မိတ်ကောင်းဆွေကောင်းတိုးပွားပြီး ငွေရှာနိုင်ဖို့။
ဝါသနာပါတဲ့ အရာတွေကိုလုပ်လဲ နောက်ဆုံးတော့ ငွေရှာဖို့၊ ဆိုတဲ့ Target ကို ရောက်သွားတာပါပဲ။
လူတိုင်းဟာ ကိုယ်စီကိုယ်ငှ ငွေရှာရေးလမ်းကြောင်းပေါ်မှာ သွားနေတဲ့သူတွေချည်းပါ။ အများစုဟာ ငွေကို ရှာဖွေတဲ့ အဆင့်မှာပဲ ရပ်နေကြတာက များပြီး ရှာဖွေရရှိပြီးတဲ့ ငွေတွေကို
ဘယ်လို စီမံပြီး သုံးမလဲ?
ဘယ်လို ထိန်းသိမ်းမလဲ?
ဘယ်လို တိုးပွားအောင် လုပ်မလဲ? ဆိုတဲ့ အဆင့်တွေကို တက်လှမ်းဖို့ မလုပ်ကြတော့ဘဲ 'ရှာမယ်၊ သုံးမယ်၊ ကုန်မယ်၊ ကုန်ရင် သုံးဖို့ ပြန်ရှာမယ်' ဆိုတဲ့ အဆိုးကျော့ သံသရာထဲမှာ တဝဲလည်လည် ဖြစ်နေတတ်ကြလေ့ရှိပါတယ်။
မိမိဟာ အဲဒီ အကျော့သံသရာထဲမှာပဲ ရှိနေသေးရင် ငွေကြေးဖောင်းပွမှုမြင့်တက်နေတဲ့ကာလ၊ ငွေကြေးတန်ဖိုး ကျဆင်းနေတဲ့ကာလတွေမှာ ငွေကြေးရဲ့ ဝယ်ယူနိုင်စွမ်းအားကျဆင်းနေတာကြောင့် အရာရာတိုင်းမှာ အရင်က သုံးနေသလောက် မသုံးနိုင်တော့တဲ့ အနေအထားမျိုးကို ဆွဲခေါ်ခံသွားရစေနိုင်ပါတယ်။
ဒါကြောင့် ယနေ့ခေတ်မှာ ငွေရှာနေ ရုံ တမျိုးတည်းနဲ့တော့ မလုံလောက်နိုင်တော့ပါဘူး။
(1) မိမိလက်ထဲရရှိပြီးသား ငွေတွေကို ဘယ်လို စီမံပြီး သုံးစွဲမလဲ?
နေ့စဥ်သုံးစွဲနေတဲ့ အသုံးစရိတ်တွေကို မှတ်တမ်းလုပ်ထားသင့်တယ်။ ဒါမှသာ မလိုအပ်ဘဲ သုံးမိနေတဲ့ အရာတွေ ၊ မကုန်သင့်ဘဲ ကုန်နေတဲ့ အရာတွေကို သတိထားမိနိုင်လာပြီး အလဟဿ ကုန်ဆုံးမှု မဖြစ်အောင် ထိန်းသိမ်းလို့ရနိုင်မှာ ဖြစ်ပါတယ်။ ကြွားဖို့ဝါဖို့ ရည်ရွည်ပြီး မဝယ်သင့်၊ အမှန်တကယ် အသုံးလိုလို့ ဝယ်တာမျိုး ဖြစ်သင့်ပါတယ်။ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပြီဆိုရင် ပိုငွေကို စုဆောင်းထားရှိနိုင်အောင် လုပ်ဆောင်သင့်ပါတယ်။
(2) မိမိလက်ထဲရရှိပြီးသား ငွေတွေကို ဘယ်လို ထိန်းသိမ်းမလဲ?
ငွေကြေးဖောင်းပွမှုဆိုတာ ခေတ်ကာလတိုင်းမှာ ရှိနေမှာ ဖြစ်ပါတယ်။ အဖိုးခေတ်၊ အဖေခေတ်၊ မျက်မှောက်ခေတ် တွေကိုပဲ လက်လှမ်းမီသလောက်လေ့လာကြည့်ရင်တောင် ငွေကြေးဖောင်းပွမှု တိုက်စားတဲ့ ဒဏ်ကို ကိုယ့်အတိုင်းအတာနဲ့ကိုယ် မြင်ကြည့်နိုင်သလို၊ လက်တွေ့လည်း ကြုံနေရပါလိမ့်မယ်။ (1) အဆင့်မှာ စုဆောင်းထားရှိပြီးသားငွေတွေကို ငွေကြေး တန်ဖိုး ကျဆင်းတဲ့ Risk ကနေ ကာကွယ်နိုင်အောင် ရွှေ ၊ silver အဖြစ်ပြောင်းပြီး Asset protection လုပ်တတ်ဖို့ လိုအပ်လာပါပြီ။
(3) မိမိလက်ထဲရရှိပြီးသား ငွေတွေကို ဘယ်လို တိုးပွားအောင် လုပ်မလဲ?
စုဆောင်းထားရှိပြီးသားငွေကို တိုးပွားအောင် ရင်းနှီးမြှုပ်နှံမှု လုပ်တတ်ဖို့ လိုအပ်ပါတယ်။ လုပ်ငန်းတခုမှာ ဖြစ်စေ၊ စတော့ရှယ်ယာမှာ ဖြစ်စေ၊ အိမ်ခြံမြေမှာ ဖြစ်စေ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လို့ ရတဲ့ နည်းလမ်းတွေ ရှိတယ်။ မိမိအနေနဲ့ သိသင့်သိထိုက်တဲ့ Risk and Return တွေကို အရင်လေ့လာဖို့တော့ လိုအပ်ပါတယ်။ လေ့လာမှု မရှိဘဲ မှန်းရမ်း လုပ်မိရင်တော့ စုဆောင်းထားရှိသမျှငွေတွေ ကုန်ဆုံးနိုင်တဲ့ အနေအထားမျိုးလည်း ရှိတတ်တာကြောင့် ငွေရေးကြေးရေး နဲ့ ရင်းနှီးမြှုပ်နှံမှု ပညာရပ်တွေကို ထပ်ဆင့် လေ့လာဆည်းပူးထားပြီးမှ ငွေတိုးပွားရေးလမ်းကြောင်းပေါ် တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
Making money is not enough.
You need to understand;
How to manage it.
How to keep it.
How to multiply it.
6. 10. 2023
Photo - Google