လူတိုင်းနဲ့ မလွတ်ကင်းနိုင်သော အင်ဖလေးရှင်းဒဏ်ကို ဘယ်လို ကာကွယ်မလဲ? 

inflationhedge

 
      ယနေ့ခေတ်အခါ၌ ကမ္ဘာ့နိုင်ငံအရပ်ရပ်တို့မှာ အင်ဖလေးရှင်း မြင့်တက်မှု ဒဏ်ကို ရင်ဆိုင်နေကြရသည်။ အင်ဖလေးရှင်းမြင့်တက်ခြင်း ဆိုသည်မှာ အရိုးရှင်းဆုံးဆိုရရင် ကုန်စည်နှင့် ဝန်ဆောင်မှု စျေးနှုန်းများ မြင့်တက်​ေနခြင်းဟု နားလည်သဘောပေါက်ထားလို့ ရပါသည်။
 
     အင်ဖလေးရှင်းမြင့်တက်မှုရဲ့ ဆိုးကျိုးဒဏ် ဟာ လူတိုင်းနဲ့ မလွတ်ကင်းနိုင်ပေ။ မနှစ်က ကြက်ဥတလုံးကို 150 ကျပ်ဖြင့် ဝယ်ယူလို့ရခဲ့သော်လည်း ဒီနှစ်မှာ ကြက်ဥတလုံးကို 300 ကျပ် ဖြင့် ဝယ်ယူရသည်ဆိုပါစို့။ မနှစ်က နှစ်လုံးစာကို ဒီနှစ်မှာ တလုံးပဲ ရတော့တာကြောင့် ဝယ်ယူနိုင်စွမ်းအားဟာ ကျဆင်းသွားပြီ ဖြစ်သည်။
 
     ဝင်ငွေကတော့ မနှစ်ကအတိုင်း မပြောင်းလဲဘဲ ရှိနေတယ်ဆိုရင် မိမိလက်ထဲမှ ငွေကြေးဟာ အသုံးမခံတော့သည့် အနေအထားသို့ ရောက်ရှိသွားစေနိုင်ပါသည်။ စုဆောင်းထားရှိပြီးသား ငွေကြေးများစွာ ရှိတယ် ဆိုရင်တောင် ဝယ်ယူနိုင်စွမ်းအားတော့ ကျဆင်းသွားစေနိုင်ပါသည်။
 
     ထို့ကြောင့် အင်ဖလေးရှင်း မြင့်တက်သည့်ကာလ၌ မိမိတို့ရဲ့ ပိုင်ဆိုင်သည့် ငွေကြေး ဥစ္စာ တို့ကို တန်ဖိုး လျော့မကျသွားအောင် ရင်းနှီးမြှုပ်နှံမှု လုပ်ထားသင့်ပါသည်။ ရင်းနှီးမြှုပ်နှံမှု လုပ်ရာ၌လည်း အင်ဖလေးရှင်း ဒဏ်ကို ခံနိုင်ရည်စွမ်း ရှိသော၊ ပိုင်ဆိုင်မှု တန်ဖိုးကို မလျော့ကျသွားအောင် ထိန်းသိမ်း​​ ပေးနိုင်သော အက်ဆက် (asset) မျိုးကိုသာ ရင်းနှီးမြှုပ်နှံသင့်ပါသည်။
 
     (1) စတော့ရှယ်ယာ
     စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံမှု လုပ်ခြင်းဖြင့် အင်ဖလေးရှင်း မြင့်တက်မှု ဒဏ်ကို ကာကွယ်စေနိုင်ပါသည်။ ဤသို့ဆိုရာ၌ တွေ့ကရာ စတော့မျိုးကို ဝယ်ယူလက်ကိုင်ထားသင့်တာမျိုးတော့ မဟုတ်ပေ။ အင်ဖလေးရှင်း မြင့်တက်နေချိန်မှာ ဆိုးကျိုး စက်ကွင်းလွတ်နိုင်သော စတော့မျိုး၊ ရေရှည်မှာ အမြတ်ဖန်တီးနိုင်မှု ခိုင်မာသော စတော့မျိုးကိုတော့ ရွေးချယ်တတ်ဖို့ လိုအပ်ပါသည်။
 
     အချို့က စတော့ရင်းနှီးမြှုပ်နှံမှု လုပ်တာကို ထီကံစမ်းသကဲ့သို့ အထင်မှားတတ်ကြတာမျိုးရှိသည်။ စတော့ကို ဝယ်ယူထားခြင်းဟာ ၎င်းစတော့ကို ထုတ်ဝေရောင်းချထားသော ကုမ္ပဏီ လုပ်ငန်း၏ တစိတ်တပိုင်းကို ဝယ်ယူထားသလိုဖြစ်သောကြောင့် စတော့ကို ဝယ်ယူလက်ကိုင်ထားသူဟာ လုပ်ငန်းရှင်တပိုင်း၊ ရင်းနှီးမြှုပ်နှံသူ တပိုင်းလည်း ဖြစ်ပါသည်။
စတော့စျေးကွက် တိုးတက်ပြီးသား နိုင်ငံတွေမှာဆိုရင် မိမိက စတော့ရှယ်ယာ စျေးကွက်ကိုကိုယ်တိုင် အနီးကပ် မသုံးသပ်နိုင်ဘူးဆိုရင်တောင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများဖြစ်သည့် ETF Fund ရှယ်ယာတွေ ဝယ်ယူရင်းနှီးမြှုပ်နှံထားခြင်းဖြင့် အကျိုးအမြတ် ရှာဖွေနိုင်ပါသည်။
 
     အမေရိကန်နိုင်ငံကို ဥပမာပြု၍ လေ့လာကြည့်ကြလျှင် အမေရိကန်၏ အင်ဖလေးရှင်းနှုန်းဟာ 2023 ခုနှစ် မတ်လထဲ၌ ရှိခဲ့သည့် နှစ်အလိုက်အခြေခံနှုန်းမှာ 5% ရှိပါသည်။ 2023 ခုနှစ် နှစ်စကနေ လက်ရှိအချိန်ထိ Tesla စတော့ဆိုရင် ပြန်ရနှုန်း +48% အထိ ရှိနေပြီး အင်ဖလေးရှင်းဒဏ်ကို ကောင်းစွာ ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
 
     (2) ဘွန်းစာချုပ်
     အရင်းအနှီးစျေးကွက် (Capital market) ဖွံ့ဖြိုးပြီးသား နိုင်ငံများ၌ ဘွန်း ရင်းနှီးမြှုပ်နှံမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ကြသည်။ အမေရိကန် အစိုးရထုတ်ဘွန်း TIPS (Treasury Inflation - Protected Securities) နှင့် Series I ဘွန်းတို့က ထင်ရှားသော ဘွန်းအမျိုးအစားများ ဖြစ်ကြသည်။ TIPS ဘွန်းတွေက အင်ဖလေးရှင်းနှုန်းနှင့် ချိန်ညှိပြီး အတိုးနှုန်းကို အရှင်ထားသောကြောင့် risk ရှောင်သည့် investor များအတွက် အကာအကွယ်ပေးထားပြီးသား ဘွန်းအမျိုးအစားဖြစ်ပါသည်။ Seires I bond ၏ အတိုးနှုန်းမှ အကျိုးအမြတ်ထွက်နှုန်း (yield) ဆိုရင် လက်ရှိ 2023 ခုနှစ် ဧပြီလထဲမှာ 6.89% အထိ ရှိနေတာ ဖြစ်ပြီး အင်ဖလေးရှင်းဒဏ်ကို ကာကွယ်နိုင်ကြောင်း တွေ့မြင်နိုင်ပါသည်။
 
     (3) အိမ်ခြံမြေ
     အိမ်၊ ခြံ၊ မြေ ရင်းနှီးမြှုပ်နှံမှုကတော့ နှစ်ကာလ ကြာရှည်လေလေ တန်ဖိုးက မြင့်တက်စေနိုင်လေလေဖြစ်ကြောင်း လူတိုင်း ကြုံဖူးပြီးသားလည်း ဖြစ်သည်။ အင်ဖလေးရှင်း မြင့်တက်လေလေ ၊ အိမ်ခြံမြေစျေးနှုန်းတွေဟာလည်း လိုက်ပါ မြင့်တက်လေလေ ဖြစ်သောကြောင့် အင်ဖလေးရှင်း ဒဏ်ကို ကာကွယ်ပြီးသား ဖြစ်စေပါသည်။
 
     (4) ရွှေ နှင့် Silver
     သမိုင်းအဆက်ဆက် ရွှေနှင့် Silver တို့ဟာ အဖိုးတန် ရတနာ အဖြစ် အမြတ်တနိုး စုဆောင်း လက်ဝယ်ထားမှု လုပ်ကြသည်။ ရွှေ ၊ silver တို့ဟာ ပကတိတန်ဖိုးရှိသည့် အက်ဆက်အမျိုးအစားများ ဖြစ်ကြပြီး ရှားပါး အဖိုးတန် အက်ဆက်များလည်း ဖြစ်ကြသည်။ ကမ္ဘာ့ရွှေစျေးနှုန်းဆိုလျှင် လက်ရှိ 2023 ခုနှစ်ထဲမှာတင် အတက်နှုန်း +9% ကျော် ရှိထားပြီး ဖြစ်သည်။
 
     (5) Commodities
     ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကောက်ပဲသီးနှံ၊ ကော်ဖီ၊ ဝါချည်၊ ပဲပိစပ်၊ ကြေးနီ အစရှိသော အခြေခံ ကုန်စည် အမျိုးအစား တို့ဟာ လူတို့၏ နေ့စဥ်ဘဝမှာ မရှိမဖြစ် သုံးစွဲနေကြရသည်ဖြစ်ရာ အင်ဖလေးရှင်းဒဏ်ကို အထိုက်အလျောက် ကာကွယ်နိုင်လေ့ရှိပါသည်။ 2022 ခုနှစ်တုန်းက ရုရှား - ယူကရိန်း စစ် ဖြစ်ပွားခဲ့သည့်အချိန်၌ ကမ္ဘာ့ ရေနံစျေးဟာ တစည်ကို $126 အထိ မြင့်တက်ခဲ့ပြီး 14 နှစ်တာ အတွင်း အမြင့်ဆုံးစျေး အဖြစ် စံချိန်တင်ခဲ့ပါသည်။
 
     (6) Cryptocurrency
     ခရစ်တိုငွေကြေးတွေကတော့ Blockchain နည်းပညာကို အခြေခံသည့် အတွက်ကြောင့် Fiat ငွေကြေးတွေလို အလွယ်တကူ ရိုက်ထုတ်ခြင်း၊ အတုအပ ပြုလုပ်ခြင်းတို့လုပ်လို့မရသည့် အတွက်ကြောင့် အင်ဖလေးရှင်း ဖြစ်သည့်ဒဏ်ကို အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါသည်။ သို့သော် ခရစ်တိုငွေကြေးတွေထဲမှာ နံပါတ် 1 ဖြစ်သော Bitcoin တောင်မှ 2008 ခုနှစ်ကမှ စတင်ပေါ်ပေါက်လာခြင်း ဖြစ်သောကြောင့် အင်ဖလေးရှင်းဖြစ်သည့်ကာလများ၊ စီးပွားရေး ကျဆင်းကာလများ ကိုတော့ ကြုံတွေ့မှု နည်းပါးနေသေးသည်။ ဒါပေမယ့်လည်း အနီးဆုံးကာလဖြစ်သော Covid-19 အလွန်ကာလမှာ ကမ္ဘာ့နိုင်ငံ အရပ်ရပ်တို့၌ အင်ဖလေးရှင်း စံချိန်တက်မြင့်တက်မှု ရှိခဲ့သည့် 2021 နှစ်ထဲမှာတော့ Bitcoin ဟာ ၎င်းရဲ့ သက်တမ်းတလျှောက် အမြင့်ဆုံး စျေး $69,000 အထိ စံချိန်တင်မြင့်တက်ခဲ့ဖူးပါသည်။
 
     အထက်ပါ အက်ဆက် အမျိုးအစားများတို့ကို မည်သည့် အချိန်အခါမျိုးမှာ ရင်းနှီးမြှုပ်နှံသင့်ကြောင်း၊ risk နှင့် return တို့ရဲ့ သက်ရောက်မှုဟာ ဘယ်လိုရှိကြောင်း၊ မတူကွဲပြားသော စျေးကွက် အမျိုးအစားများ ဖြစ်သောကြောင့် ချိတ်ဆက်မိအောင် မည်သို့ လေ့လာသုံးသပ်သင့်ကြောင်း၊ စီးပွားရေး ကျဆင်းကာလ အင်ဖလေးရှင်း မြင့်တက်နေသည့် ကာလတို့အတွက် Asset allocation မည်သို့လုပ်ဆောင်သင့်ကြောင်း ဆိုတာမျိုးတွေ ကိုယ်တိုင်ကိုယ်ကျ ခရေစေ့တွင်းစေ့ နားလည် တတ်ကျွမ်းပြီး လက်တွေ့ အသုံးချနိုင်ဖို့ကတော့ မေလ 6 ရက်နေ့မှာ စတင်မယ့် Financial Market ( zoom class) သင်တန်း ကို တက်လို့ရနိုင်ပါကြောင်း နှင့် လူဦးရေ အကန့်အသတ် ရှိသောကြောင့် စောလျင်စွာ စာရင်းသွင်း အပ်နှံနိုင်ရန် သတင်းကောင်း ပါးလိုက်ပါသည်။
 
28. 4. 2023