
"ကျွန်တော်ကတော့ ကိုယ့်လက်ထဲမှာ ရှိပြီးသားငွေကို တိုးပွားအောင် ငွေပြန်ရှာခိုင်းတဲ့ နည်းတွေထက် အဲဒီငွေကို ဆုံးရှုံးမှု ရှိမသွားအောင် လုပ်ဖို့ကိုဘဲ အရင်ဆုံးတွေးပါတယ်။ ကျွန်တော့အနေနဲ့ ငွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ရှာရမလဲဆိုတာကို အရင်ဆုံးတွေးတာထက်၊ ကိုယ့်မှာ ရှိပြီးသား ငွေကို မပျောက်ပျက်သွားအောင် ဘယ်လို ထိန်းသိမ်းစီမံထားရမလဲ ဆိုတာက အရေးကြီးဆုံးလို့ ထင်မြင်ယူဆထားပါတယ်" လို့
Stock Trader ကြီးလည်းဖြစ်သူ၊ Hedge Fund Manager ကြီးလည်း ဖြစ်သူ ဘီလျံနာကြီး Paul Tudor Jones က ဆိုထားပါတယ်။
ကျွန်မတို့ ပတ်ဝန်းကျင်မှာ get-rich-quick-scheme (ဖြတ်လမ်းနည်းနဲ့ အမြန် ချမ်းသာနည်း) တွေကို စိတ်ဝင်စားသူအချို့ကို မကြာခဏ တွေ့ရလေ့ရှိပါတယ်။ အဲဒီလိုလူတွေဟာ လူလိမ်တွေရဲ့ သားကောင်ဖြစ်ဖို့ လွယ်တယ်။
ဒီတပတ်ထဲမှာတင် ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ငွေထည့်ခိုင်းပြီး ရာခိုင်နှုန်း ဘယ်လောက်ပေးမယ် ဆိုပြီးတော့ လိမ်ဆင်လုပ်သွားတဲ့ လူတွေရဲ့အကြောင်းကို အလိမ်ခံရသူတွေက လာပြောပြကြလို့ သိလိုက်ရပါတယ်။ အလိမ်ခံရသူတွေက အလိမ်ခံရပြီးမှ ဘယ်လိုလုပ်သင့် သလဲဆိုပြီးတော့ ငွေပမာဏ များစွာပါသွားခဲ့ပြီးမှ အကြံလာတောင်းကြတာတွေ ရှိပါတယ်။ အလိမ်မခံရခင်တုန်းက 'လုပ်သင့်လား၊ မလုပ်သင့်ဘူးလား' ဆိုပြီးတော့ လာမေးရင်ခဲ့တော့ အကောင်းသား။
ဒါကြောင့် ဘီလျီနာကြီး Paul Tudor ဆိုသလို ကိုယ့်ငွေကိုကိုယ်ထိန်းသိမ်းတတ်အောင် အရင်လုပ်သင့်ပါတယ်။ ငွေရေးကြေးရေး ပညာရပ်တွေကို အမြဲလေ့လာဆည်းပူးနေဖို့လိုအပ်တယ်။
Trading ၊ Investing တွေ မလုပ်ဘူးဆိုရင်တောင်မှ အနည်းဆုံးတော့ အလိမ်မခံရအောင် Financial knowledge ရှိထားဖို့ ကြိုးစားသင်ယူထား သင့်ပါတယ်။
9. 8. 2023