အခက်အခဲဆိုတာက ရှောင်ရင် ပိုခက်ပါတယ် 

farmer1

 
     တချိန်တုန်းက လယ်သမားကြီး တယောက်ဟာ မနက်အစောကြီး ထပြီး ကျွဲကြီးနဲ့ သူ့ရဲ့ လယ်ကွင်းတွေဆီကို သွားကာ လယ်ထွန်ယက်လေ့ရှိပါတယ်။ လယ်ကွင်းဆိုတာမျိုးဟာ လမ်းတွေ မညီမညာနဲ့ ရွံ့တွေ အလိမ်းလိမ်းဖြစ်ကာ လမ်းလျှောက် ရတာတောင် ခက်ခဲကြောင်း လယ်ကွင်းထဲရောက်ဖူးသူတိုင်း သိပါတယ်။ မရောက်ဖူးလည်း မှန်းကြည့်လို့ ရနိုင်ပါတယ်။
 
     ဒါပေမယ့် လယ်သမားကြီးဟာ ကျွမ်းကျင်စွာပဲ လယ်မြေဧရိယာ တနေရာပြီး တနေရာ ထွန်ယက် စိုက်ပျိုးနိုင်ခဲ့တယ်။ ဘေးကနေကြည့်နေတဲ့သူတွေ အဖို့တော့ လယ်သမားကြီး လယ်ထွန်နေတာ လွယ်ကူချောမွေ့နေသယောင် ထင်ရမှာပါပဲ။
 
     ဘယ်လောက်ကြမ်းတမ်းတဲ့ လမ်းဖြစ်နေပါစေ ကျွမ်းကျင်မှု ရှိနေရင် အလုပ်ပြီးမြောက်အောင်မြင်နိုင်ကြောင်း လယ်သမားကြီးကို စံပြ နမူနာ ယူနိုင်ပါတယ်။
 
     လယ်သမားကြီးသည်လည်း ကြမ်းတမ်းတဲ့ လယ်မြေမှာ လွယ်ကူချောမွေ့စွာ ထွန်ယက်စိုက်ပျိုးမှုတွေ လုပ်နိုင်ဖို့ရာ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ခက်ခဲတဲ့ အနေအထားကို ကျော်ဖြတ်ခဲ့ရမှာပါ။ ခက်ခဲမှုကို ဇွဲ၊ လုံ့လ၊ ဝီရိယ တို့နဲ့ ကျော်ဖြတ်ခဲ့လို့သာလျှင် သူ့အတွက် မခက်ခဲတော့တဲ့ ပတ်ဝန်းကျင်၊ ကျွမ်းကျင်တဲ့ အတတ်ပညာကို အသုံးချနိုင်ပြီး သီးနှံတွေ ဖြစ်ထွန်း အောင်မြင်ကာ အများအကျိုး ဖြစ်ထွန်းစေတာ မဟုတ်လား။
 
     ကျွန်မတို့ ပတ်ဝန်းကျင်မှာ လူတိုင်းလူတိုင်းဟာ အနည်းနဲ့ အများတော့ အခက်အခဲတွေ ကြုံတွေ့ရသူတွေ ချည်းပါပဲ။ အခက်အခဲကနေ ရှောင်ထွက်ဖို့ ကြိုးစားရင် အဲဒီအခက်အခဲက ကိုယ့်အတွက် တသက်လုံးခက်ခဲစေနိုင်အုံးမှာပဲ ဖြစ်ပါတယ်။ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းနိုင်အောင် ကြိုးစား ကျော်ဖြတ်ရင်တော့ ဘဝမှာ ခက်ခဲတဲ့ အရာဆိုတာတွေကို လွယ်ကူတဲ့ အရာ အဖြစ် ပြောင်းလဲသွားစေနိုင်ပါတယ်။
 
18. 6. 2023
Photo - Google