
ယနေ့ခေတ်အခါမှာ ဆိုရှယ်မီဒီယာကို လူတိုင်းနီးပါး အသုံးပြုနေကြပြီး 'သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး' ဆိုသည့်အတိုင်း ဆိုရှယ်မီဒီယာကနေ ကောင်းကျိုးများစွာ ရှာဖွေနိုင်သလို ဆိုးကျိုးများကို ကြုံရသူများလည်း မနည်းတော့ပေ။ မသမာသူတွေက ဆိုရှယ်မီဒီယာပေါ်မှာ လိမ်ညာလှည့်ဖြားမှုတွေ လုပ်ကြပြီး ငွေကြေးလိမ်လည်မှု ဖြစ်ရပ်တွေလည်း များစွာ ရှိနေဆဲ ဖြစ်သည်။
အလုပ်အကိုင်ရရှိမှု ကြပ်တည်းသည့် ခေတ်ကာလဖြစ်သည့်တိုင် အလွယ်ရပေါက် ရလမ်းကနေ ငွေရှာဖွေလိုကြသည့် မသမာသူ အုပ်စုတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပေါချင်း၊ သောချင်း။
ငယ်စဥ်က ကျောင်းသင်ခန်းစာတွေမှာ ငွေရေးကြေးရေး အသိပညာ၊ ရင်းနှီးမြှုပ်နှံမှု ပညာတွေ သင်ယူခဲ့ရခြင်းမရှိတော့ အတိုးရာခိုင်နှုန်း ခပ်များများပေးသည် ဟူသည့် အခြေအမြစ်မရှိသော အလိမ်အညာသမားတွေက လုပ်ကိုင်လိမ်ညာလို့ ရနေသည်မှာ မဆန်းပေ။ မိမိတို့ကိုယ်တိုင် ၎င်းတို့ရဲ့ သားကောင် မဖြစ်စေရန် သတိထားသင့်ပေသည်။
မိတ်ဆွေသည် အဆင့်မြင့်ဘွဲ့ရှိထားသည့်သူ ဖြစ်စေ၊ သာမန်ဘွဲ့ ရရှိထားသူဖြစ်စေ၊ အထက်တန်းကျောင်း အဆင့်ပင်ဖြစ်စေ၊ အလယ်တန်း အထိသာ တက်ခဲ့ရသူဖြစ်စေ၊ အခြေခံမူလတန်းကျောင်းအဆင့်ဖြင့်သာ ပညာရေးဆုံးခန်းတိုင်ခဲ့သူဖြစ်စေ ငွေရေးကြေးရေး အသိပညာဆိုတာ မိတ်ဆွေတို့အားလုံးနှင့် သက်ဆိုင်ပါသည်။
(1) ငွေရေးကြေးရေး အသိပညာ၊ အတတ်ပညာ တို့နှင့် ပတ်သက်ရင် လေ့လာဆည်းပူးဖို့ မတွန့်ဆုတ်ပါနှင့်။
(2) လုပ်ငန်းကို ကျွမ်းကျင်အောင် အရင်ကြိုးစားပါ၊ ကျွမ်းကျင်မှုနောက်မှာ ငွေကြေးဟာ လိုက်ပါလာပေမည်။
(3) မိမိလက်ဝယ်ထားရှိသည့် ငွေကသာလျှင် မိမိရဲ့ငွေဖြစ်ပါသည်။
(4) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနဲ့ ပတ်သက်ရင် အရင်ဦးစွာ နားလည်အောင် လေ့လာသင့်သည်။
(5) ငွေရေးကြေးရေး နဲ့ ပတ်သက်ရင် မည်မျှပင် ခင်မင်ရင်းနှီးသူဖြစ်စေ အလွယ်မယုံသင့်။
(6) မိမိနားမလည်သည့် လုပ်ငန်းတွေမှာ ငွေကို ပုံအောပြီး ရင်းနှီးထည့်ဝင်တာတွေ မလုပ်သင့်။
(7) ဝင်ငွေ ရပေါက်ရလမ်းဟာ တမျိုးတည်းရှိတာမဟုတ်။ ဝင်ငွေ တမျိုးတည်းအပေါ် မှီခိုခြင်းထက် အပိုဝင်ငွေ passive income ရရှိနိုင်အောင်အားလပ်ချိန်မှာ ငွေရေးကြေးရေး ပညာတွေ ရှာဖွေလေ့လာသင့်သည်။
(8) ငွေကို သုံးစွဲရာမှာ အကျိုးရှိစေတဲ့ အရာတွေမှာ သုံးစွဲခြင်းနှင့် အကျိုးယုတ်လျော့စေတဲ့ အရာတွေမှာ သုံးစွဲခြင်း ဟူ၍ ခွဲခြားတတ်ပါစေ။
#NangKhamThiriOo
16. 3. 2023