
အသက် 92 နှစ် ရှိပြီ ဖြစ်သော စတော့ဂုရုကြီး ဝါရင်းဘတ်ဖက်က CNBC သတင်းဌာနမှ အင်တာဗျူးတခုမှာ သူ အကြောက်ဆုံးအရာကို ထုတ်ဖော်ပြောကြားခဲ့သည်။
1965 ခုနှစ်ကတည်းက Berkshire Hathaway ကုမ္ပဏီ ကြီးကို ဦးစီးခဲ့သော ဘတ်ဖက်ဟာ သူ၏ ပိုင်ဆိုင်မှု တန်ဖိုးစုစုပေါင်းရဲ့ 99% ကျော်ဟာ ၎င်းကုမ္ပဏီမှာပင် ရှိကြောင်းလည်း ဆိုထားသည်။
လက်ရှိအချိန်မှာ Berkshire ကုမ္ပဏီ ရဲ့ စျေးကွက်အရင်းပြုတန်ဖိုးဟာ ဒေါ်လာ 707 ဘီလီယံ ကျော် ရှိနေပြီး Geico, Dairy Queen, Duracell နှင့် Fruit of the Loom စသော ကုမ္ပဏီကြီးများကလည်း Berkshire မှာ ပါဝင် ရင်းနှီးမြှုပ်နှံမှု တွေ လုပ်ထားကြပါသည်။
ရင်းနှီးမြှုပ်နှံမှု နဲ့ ပတ်သက်ရင် ဆရာတဆူဖြစ်သော ဝါရင်းဘတ်ဖက်က စတော့ စျေးကွက်ရဲ့ အလှည့်အပြောင်း၊ အတက်အကျ ဒဏ်တွေကို စိုးရိမ် တုန်လှုပ်မှု မရှိကြောင်း ဆိုထားသည်။
Buy and Hold ဗျူဟာကို လက်ကိုင်ကျင့်သုံးသည့် အတွက်ကြောင့် ရေတိုကာလ စျေးကွက် ကသောင်းကနင်း ဖြစ်မှုတွေကို ဂရုစိုက်စရာ မလိုအပ်ပေ။ ဒါကြောင့်လည်း ဝါရင်းဘတ်ဖက်က စတော့စျေးကွက် ကို နေ့စဥ်အနီးကပ် သုံးသပ်တာတွေ မလုပ်ဘဲ ၊ ရေရှည် လားရာ အတွက်ကိုသာ အာရုံစိုက်ကြောင်းလည်း ဆိုထားသည်။
စျေးကွက်အပေါ် သက်ရောက်နိုင်သည့် အကြောင်းရင်းများနဲ့ ပတ်သက်ရင်တော့ ဝါရင်းဘတ်ဖက် ကြောက်သည့်အရာက "နျူကလီးယား လက်နက်နှင့် Covid-19 ကဲ့သို့ ကမ္ဘာ့ကပ်ရောဂါဖြစ်ရပ်မျိုး" ဟု ဆိုထားပါသည်။
အခြားသော အကြောင်းရင်းတွေကြောင့် စတော့စျေးကွက် ကမောက်ကမဖြစ်ရပ်တွေ ရှိပါက ဆုံးရှုံးနိုင်ခြေ Risk ကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း နျူကလီးယားလက်နက် သုံးသည့် စစ်ပွဲ ပဋိပက္ခ သို့မဟုတ် ကမ္ဘာ့ ကပ်ရောဂါ တို့ဖြစ်ပေါ်ပါက ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းလို့ မရနိုင်သောကြောင့်ဟု ဆိုထားပါသည်။
24. 4. 2023