
Canva အမည်ရှိ ဓာတ်ပုံပြင်တဲ့ အက်ပလီကေးရှင်းကို အသက် 19 နှစ်အရွယ် မိန်းကလေး တဦးက စတင် တီထွင်ခဲ့တာ ဖြစ်ပါတယ်။ 2006/2007 ခုနှစ်လောက်တုန်းက Melanie Perkins ဆိုတဲ့ မိန်းကလေးဟာ သူမရဲ့ သူငယ်ချင်းတွေကို Photoshop သင်ပေးရာကနေ စပြီး Canva ကို ဖန်တီးဖို့ စိတ်ကူးရခဲ့တာလည်း ဖြစ်ပါတယ်။
Melanie ဟာ သြစတေးလျနိုင်ငံ Perth မြို့သူလေးဖြစ်ပြီး သူမရဲ့ အိုင်ဒီယာကို စတင်အကောင်အထည်ဖော်ဖို့ ရင်းနှီးမြှုပ်နှံသူ ရှာဖွေခဲ့ရာ အစောပိုင်းမှာ Perth မြို့က investor အယောက် 100 ကျော်တို့ရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်။
2013 ခုနှစ်မှာတော့ Canva ကို တည်ထောင် အကောင်အထည် ဖော်နိုင်ခဲ့ပြီး ဆယ်နှစ်အကြာ 2023 ခုနှစ် မှာတော့ သူမရဲ့ Canva ဓာတ်ပုံပြင် App ဟာ လစဥ်အသုံးပြုသူ အရေအတွက် သန်း 100 ကျော် ရှိလာတဲ့အထိ အောင်မြင်မှု ရရှိနေပြီလည်း ဖြစ်ပါတယ်။
Canva ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုးဟာလည်း ဒေါ်လာ 26 ဘီလီယံ အထိရှိလာခဲ့ပါပြီ။ Melanie ကိုယ်တိုင်လည်း လက်ရှိမှာ ချမ်းသာကြွယ်ဝမှုတန်ဖိုး ဒေါ်လာ 3.6 ဘီလီယံ အထိ ပိုင်ဆိုင်တဲ့ ကိုယ်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးတဦး အဖြစ် ရှိနေပါတယ်။ လက်ရှိအချိန်မှာ သူမဟာ အသက် 36 နှစ် ရှိနေပြီဖြစ်ပြီးသြစတြေးလျ နိုင်ငံမှ အချမ်းသာဆုံး လူငယ်အမျိုးသမီး ဘီလျံနာ စာရင်းဝင် တယောက် အဖြစ် ရှိနေပါတယ်။
Photoshop ဆော့ဖ်ဝဲလ်တွေဟာ လူတိုင်း အသုံးပြုနိုင်ဖို့ ခက်ခဲပါတယ်။ Photoshop နဲ့ အသုံးပြုသူ (user) တွေအတွက်ခက်ခဲမှု ပြဿနာ ကို Melanie က တွေ့ရှိခဲ့ပြီး Canva ကို ဖန်တီးခဲ့တာဖြစ်ပြီး ယခုအခါမှာဆိုရင် ဖုန်းထဲမှာတင် Canva app ကို အလွယ်တကူ သုံးစွဲ နိုင်ပြီ လည်းဖြစ်ပါတယ်။
အထူးသဖြင့် Melanie ဟာ လူတွေ ခက်ခဲနေတဲ့အရာကို လွယ်ကူအောင် ဖန်တီးပေးတဲ့ Creator လည်း ဖြစ်သလို၊ ဆန်းသစ်တဲ့ လုပ်ငန်းကို တည်ထောင်သူ Entrepreneur တဦး လည်း ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာသုံး၊ ပညာရေးသုံး၊ လုပ်ငန်းခွင်သုံး ဓာတ်ပုံ၊ video၊ presentation တွေ အတွက် ပြုပြင် အသုံးပြုလို့ လွယ်တဲ့ Tools တွေ Template တွေ အများကြီးကို အခမဲ့ ပေးသုံးခြင်းက Canva ကို အချိန်တိုတိုနဲ့ အောင်မြင်လာစေရတဲ့ အကြောင်းရင်း တချက်အဖြစ် ရှိနေပါတယ်။
ကျွန်မကတော့ Melanie အကြောင်းကို google မှာ ဝင်ဖတ် စပ်စုရင်းနဲ့ Jack Ma ပြောတဲ့ စကားတခွန်းကို သတိရမိသွားပါတယ်။
အဲဒါကတော့ ယနေ့ခေတ်အခါမှာ AI လို ဥာဏ်ရည်တု စွမ်းရည်မြင့်နည်းပညာတွေဟာ လူသားဝန်ထမ်းနေရာတွေကို အခြိမ်းအခြောက်အဖြစ် ရှိလာပြီ၊ ဒါဟာ အားလုံးကြုံရမယ့် ခေတ်ရေစီးကြောင်း အလှည့်အပြောင်းကြီး ဖြစ်တယ်၊ ရှောင်လွှဲလို့မရနိုင်ဘူး၊ သို့သော် နည်းပညာနဲ့ လုပ်သား အစားထိုးတာဟာ ခပ်တုံးတုံး လုပ်သားတွေ နေရာမှာပဲ အစားထိုးနိုင်မှာပါ၊ နည်းပညာနဲ့ စက်ကိရိယာတွေဟာ လူတွေထက် သန်မာရင် သန်မာမယ်၊ လူတွေထက် ပိုမြန်ရင် ပိုမြန်မယ်၊ လူတွေထက်မှတ်ဥာဏ် ပိုကောင်းရင်ကောင်းမယ်၊ ဒါပေမယ့် လူတွေလောက် Creative ပါဝါမရှိနိုင်သလို Innovation ပိုင်းမှာလည်း လူတွေလောက် မစွမ်းဆောင်နိုင်ကြပေ။ ဒါကြောင့် ယနေ့ လူငယ်တွေ Creator ဖြစ်အောင် Innovator ဖြစ်အောင်သာ ကြိုးစားကြပါ၊ ဒါဆိုရင် ဘယ်အရာနဲ့မှ အစားထိုးလို့မရတဲ့ လူသား တယောက်အဖြစ် ရေရှည်မှာ အောင်မြင်စွာ ရှင်သန်ရပ်တည်နိုင်မှာ ဖြစ်ကြောင်း Jack Ma ရဲ့ အဖိုးတန် မှတ်ချက်ပြုစကားလေးနဲ့ နိဂုံးချုပ် မျှဝေလိုက်ပါတယ်။
11. 6. 2023
Photo - Google