
ယနေ့ခေတ်အခါမှာ အလိမ်အညာလုပ်ငန်းတွေ၊ လူလိမ်တွေက ကုမ္ပဏီ နာမည်အမျိုးမျိုးပြောင်းပြီး နည်းလမ်းပေါင်းစုံနဲ့ ငွေလိမ်ညာရယူဖို့ကို ကြိုးပမ်းနေကြတာ ပေါချင်းသောချင်းရှိလာပြီ။ ဗဟုသုတနည်းပါးသူတွေ၊ ငွေအလွယ်ရချင်တဲ့သူတွေ၊ လောဘကြီးတဲ့သူတွေ အများစုတို့ဟာ လူလိမ်တွေရဲ့ သားကောင်ဖြစ်ဖို့ လွယ်ကြတာကိုလည်း တွေ့ရပါတယ်။
! အချက် - ကိုယ်မသိ၊ နားမလည်တဲ့ အလုပ်တခုခုမှာ ငွေကြေးထည့်ဝင် ရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်တာမျိုးရှိရင် "လုံးဝ လုံးဝ လုံးဝ " ငွေ မထည့်လိုက်မိပါစေနဲ့။
လူလိမ်အားလုံးဟာ အပြောကောင်းတတ်ကြပါတယ်။ဟိတ်ဟန်ထုတ်တတ်ကြတယ်။ သူတို့လုပ်ငန်းတွေမှာ ငွေဘယ်လောက်ထည့်ရင် အတိုးဘယ်လောက်ရမယ်၊ ငွေပမာဏ များရင်များသလောက် အဆင့်တက်ပြီး ပိုရနိုင်မယ် စသဖြင့် ရွှမ်းရွှမ်းဝေအောင်ပြောပြီး မသိနားမလည်သူတွေရဲ့ အိတ်ကပ်ထဲကငွေတွေကို လုပ်ငန်းရလာဒ်မပြဘဲ အပြောလေးနဲ့တင် နိုက်ယူသွားတတ်ကြပါတယ်။
တချို့က ဝတ်ကောင်းစားလှတွေ ဝတ်ပြ၊ အသုံးအဆောင်အကောင်းတွေ သုံးပြ၊ စျေးကြီးတဲ့ ဆိုင်တွေမှာ ထိုင်ပြပြီး လူအထင်ကြီးအောင် အရင်ပြပြီးမှ "ငါတို့လိုဖြစ်ချင်ရင် ဒီအလုပ်ကိုလုပ်" ဆိုတာမျိုး ဆွဲဆောင်ကြတာတွေ ရှိပါတယ်။ တချို့က လူပိန်းကြိုက်တွေလုပ်ပြီး အွန်လိုင်းမှာ ဆယ်လီဖြစ်အောင် အရင်လုပ်ပြီးမှ အကွက်ကျကျလိမ်ညာတာတွေ ရှိကြတယ်။
သူတို့တွေပြောတဲ့ အလုပ်အကြောင်းကို သင့်အနေနဲ့ ဂဃနဏ နားလည်ရဲ့လား?
ငွေထည့်ဝင်ပြီးနောက်ဘယ်လို ဝင်ငွေရပေါက်ရလမ်းကနေ အတိုးပေးနိုင်တာလဲ?
အတိုးပေးနိုင်ဖို့ ဖြစ်နိုင်လောက်တဲ့ ဝင်ငွေရရှိမှု ရှိတဲ့လုပ်ငန်းမျိုးလား?
အဲဒီလူက ယုံကြည်စိတ်ချရလောက်အောင် အပြင်မှာရော အွန်လိုင်းပေါ်မှာရော အများလေးစားထိုက်တဲ့သူလား?
* ဒါတွေကို သင့်အနေနဲ့ မဆန်းစစ်နိုင်ဘူး၊ အကဲမဖြတ်နိုင်ဘူးဆိုရင်
! အချက် ကို သတိရလိုက်ပါ။
ဤပိုစ့်က အလိမ်ခံရသူများကိုယ်တိုင် စာရေးသူအား ပြောပြခဲ့တာတွေရှိလို့ နောက်လူတွေ အလိမ်မခံရအောင် မေတ္တာရှေ့ထားရေးခြင်း ဖြစ်ပါတယ်။
12. 8. 2023