
"ကျွန်တော့်အတွက်ကတော့ ငွေရှာခြင်းဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့ ကစားနည်းတမျိုးလိုပါဘဲ။ အောင်မြင်တဲ့ ဂေါက်ရိုက် ကစားသမားတွေဟာဆိုရင် သူတို့ရဲ့ ကစားပွဲအပေါ်မှာ အာရုံထည့်ထားနိုင်ကြသလိုဘဲ ကျွန်တော်လည်း ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် အာရုံစိုက်မှုတွေ လုပ်ခဲ့တယ်။ ဂေါက်ရိုက်အားကစားသမားတွေဟာ ငွေကြေးရဖို့ အတွက် အဓိက အာရုံထားလုပ်ကြတာ မဟုတ်ကြဘူး၊ အားကစားကို ချစ်မြတ်နိုးလို့သာ လုပ်ကြတာမျိုးပါ။"
— Warren Buffett
စတော့ဂုရုကြီး ဝါရင်းဘတ်ဖက်ကတော့ ဒီလိုပြောထားပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ကို ကျွမ်းကျင်အောင် အာရုံစူးစိုက်ထားပါ၊ ကျွမ်းကျင်မှုသာ ရှိနေရင် ငွေကို ရှာဖွေရတာ မခက်ခဲနိုင်တော့တဲ့ အနေအထားသို့လျှင်မြန်စွာနဲ့ ရှိနိုင်ပါတယ်။
ဘယ်အလုပ်တွေက ဝင်ငွေအကောင်းဆုံး ရနိုင်သလဲ? တဲ့ တချို့က ပြောကြတယ်။ တချို့က ဝင်ငွေကောင်းတဲ့ အလုပ်ကို ရှာဖွေရင်း အသက်တွေသာ ကြီးရင့်သွားတယ်၊ ဝင်ငွေကောင်းတဲ့အလုပ်ကို ရှာတွေ့မသွားရှာဘူး။
တကယ်တမ်းက ဝင်ငွေကောင်းတဲ့အလုပ်ဆိုတာ ကိုယ့်ရဲ့ ကျွမ်းကျင်မှုပေါ် များစွာ မူတည်ပါတယ်။ ဝင်ငွေကောင်းတဲ့အလုပ်ရယ်လို့ တကူးတက ရှာနေစရာမလိုဘူး။ ကိုယ်လုပ်တဲ့အလုပ်မှာ သေချာ အာရုံထည့်ထားနိုင်ပြီး ကျွမ်းကျင်မှုကို အမြဲအဆင့်မြှင့်ပေးနေရင် ဝင်ငွေလည်း ပိုပိုတိုးပွားလာစေနိုင်မှာ ဖြစ်တယ်။
ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ ကျွမ်းကျင်အောင် အာရုံမစူးစိုက်ဘဲ အချောင်ခိုနေရင်တော့ ဝင်ငွေကောင်းတဲ့ အလုပ်ကို ရှာတွေ့နိုင်တော့မှာ မဟုတ်ပါဘူး။
27. 7. 2023