Elon Musk ဆီက အတုယူ ကျင့်သုံးသင့်တဲ့ အချက်များ 

e

 
ယနေ့ခေတ် ကမ္ဘာလောကကြီးထဲမှာ ဆန်းသစ် တီထွင်မှုလုပ်ငန်းတွေကို အလုပ်နိုင်ဆုံး၊ စီးပွားရေးမှာ အောင်မြင်မှု အရဆုံး၊ ကမ္ဘာ့အချမ်းသာဆုံးဆိုတဲ့ အကောင်းတကာ့အကောင်းဆုံးတွေကို တပွေ့တပိုက် ရရှိပိုင်ဆိုင်ထားသူလို့ ဆိုလိုက်ရင် Elon Musk ကိုသာ ပြေးမြင်ကြပါလိမ့်မည်။
 
Elon Musk တယောက် အောင်မြင်တဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင် ဘီလျံနာကြီး ဖြစ်လာတာဟာ အခါအခွင့် တိုက်ဆိုင်လို့၊ ကံကောင်းလို့၊ ယတြာချေလို့ ဖြစ်လာတာ မဟုတ်ပေ။
သူစိတ်ဝင်စားတဲ့အရာ၊ သူနှစ်သက်တဲ့ အရာတွေကို တစိုက်မတ်မတ် လုပ်တတ်တဲ့ ဇွဲ လုံ့လ တို့ရှိသည်။ သူစိတ်ဝင်စားတဲ့ အရာ အတွက်ဆို စိတ်ရောကိုယ်ပါ နှစ်ပြီးလုပ်ဆောင်နိုင်သူလည်းဖြစ်ပါသည်။ Elon Musk လူငယ် အရွယ်တုန်းက အင်ဂျင်နီယာ နှင့် နည်းပညာကို လေ့လာခဲ့ပေမယ့် သက်လတ်ပိုင်းအရွယ်မှာ အာကာသစူးစမ်းလေ့လာရေးနဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို အလွတ်တန်း လေ့လာမှုတွေ လုပ်ဆောင်ပြီး ပညာရပ်အသစ်အသစ် လေ့လာမှုတွေကိုလည်း အဆက်မပြတ် လုပ်လေ့ရှိသည်။
 
လူငယ်တွေ အနေနဲ့ ကိုယ်စိတ်ပါဝင်စားတဲ့ ပညာရပ် ၊ အလုပ်အကိုင်၊ အသက်မွေး ဝမ်းကျောင်းပညာ တို့က ဘာလဲ ဆိုတာ သိအောင် အရင်ကြိုးစားရှာဖွေပြီးတော့ Elon Musk လို၊ ဇွဲ လုံ့လ အားထည့်ပြီး တစိုက်မတ်မတ် ကြိုးစား လုပ်ဆောင်သင့်ပါသည်။
 
Elon Musk ရဲ့ ဘဝ ခရီးလမ်းဟာ မချောမွေ့ခဲ့ပေ။ မိဘက ချမ်းသာလို့ အမွေဆက်ဆံယူတဲ့ Rich kid လည်း မဟုတ်ခဲ့ပေ။ သူကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် အောင်မြင်ချမ်းသာမှုကို ရထားသည့် ကိုယ်ထူးကိုယ်ချွန် (Self-made) ဆိုတဲ့ ဂုဏ်ရည်နဲ့ ပြည့်စုံသူ ဖြစ်သည်။ Elon Musk ဟာ လုပ်ငန်းစတင်ရာကနေ လက်ရှိအချိန်ထိ ကုမ္ပဏီ ဒေဝါလီခံရလု ဆဲဆဲ အခြေအနေတွေ၊ အာကာသယာဥ် စမ်းသပ်မှုတွေ ကျရှုံးတဲ့ ဖြစ်ရပ်တွေ၊ စီးပွားရေး ပျက်ကပ်ဒဏ်တွေ များစွာ ကြုံခဲ့ဖူးသည်။ ဒါပေမယ့် အရှုံးမပေးခဲ့လို့ ယနေ့အချိန်အခါမှာ Elon Musk ဆိုတာ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် 1 နေရာမှာ မြင်တွေ့နေ ရတာ မဟုတ်လော။
 
ဘယ်လိုအခက်အခဲပဲ ရှိလာပါစေ ဇွဲမလျှော့လိုက်မိပါစေနဲ့။ အခက်အခဲတွေ၊ အကြပ်အတည်းတွေကို ရင်ဆိုင်ကျော်လွှားနိုင်လာလေလေ ၊ အခက်အခဲကြားမှာ ဒူပေနာပေ ခံနိုင်ရည်ရှိလာလေလေ၊ ကိုယ့်ရဲ့ ဘဝ အချိုးအကွေ့တွေဟာ တဆင့်ထက် တဆင့် ပိုပို မြင့်လာလေလေပဲ ဖြစ်ကြောင်း Elon Musk က စံနမူနာ ပြထားပြီလည်း ဖြစ်ပါသည်။
Elon Musk ဟာ ချမ်းသာကြွယ်ဝမှုကို လိုလားပြီး သူ့ရဲ့ ချမ်းသာကြွယ်ဝမှုကိုလည်း အများသူငှာအတွက် အကျိုးရှိတဲ့နေရာတွေမှာ အထောက်အပံ့ကောင်းဖြစ်စေနိုင်ဖို့ ကြိုးစားနေသူလည်း ဖြစ်ပါသည်။
 
ပညာရေးနှင့် clean energy လှုပ်ရှားမှုတွေမှာ ဒေါ်လာသန်းချီ လှူဒါန်းခြင်း၊ ယူကရိန်းအရေးမှာ စွမ်းစွမ်းတမံ ကူညီပေးခြင်း၊ ကိုယ်တိုင် foundation ထောင်ပြီး ပရဟိတတွေ လုပ်ခြင်း၊ ကမ္ဘာ ကြီးရဲ့ မည်သည့်နေရာမဆို အင်တာနက် ရှိစေဖို့ Starlink အင်တာနက်ကို တည်ထောင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် လျှပ်စစ်ကား ထုတ်လုပ်ခြင်း စတဲ့ သူရဲ့ လုပ်ရပ်တိုင်းဟာ အများအကျိုးကို ကြည့်တဲ့၊ အများအတွက် အထောက်အပံ့ကောင်း ပေးစွမ်းနိုင်တဲ့ လုပ်ဆောင်မှုမျိုးတွေ ဆိုတာ ငြင်းချက်မထွက်နိုင်ပေ။
 
ယနေ့လူငယ်တွေ လုပ်ငန်းတခု စတင်မည် ဖြစ်စေ၊ ပညာရပ်တခုကို စတင် လေ့လာမည် ဖြစ်စေ ကိုယ့်တယောက်တည်း အကျိုးထက် အများအကျိုးအတွက်ပါ ထောက်ရှူပြီး မျှဝေ ခံစားနိုင်အောင် ကြိုးပမ်း လုပ်ဆောင်သင့်ကြောင်း Elon Musk ကို စံနမူနာ ထားပြီး ရေးသားမျှဝေလိုက်ပါသည်။
 
28. 6. 2023
Photo - Google