နိုင်ငံတကာနှင့်ငွေပေးငွေယူ လုပ်ဆောင်မှုများ၌ ခရစ်တိုငွေကြေးတွေကို တရားဝင် သုံးဖို့ ရှိလာတဲ့ ရုရှား

 

ရုရှားနိုင်ငံက နိုင်ငံတကာငွေပေးငွေယူ ကိစ္စရပ်တွေမှာ ခရစ်တိုငွေကြေးများကို အသုံးပြုဖို့ ရှိကြောင်း မနေ့တုန်းက ရုရှားဗဟိုဘဏ်က တရားဝင် အတည်ပြုပြောကြားခဲ့ပါသည်။ ဒစ်ဂျစ်တယ် ငွေကြေး ဥပဒေသစ်ကို ပြင်ဆင်ရေးဆွဲပြီး အတည်ပြု ကြေညာခဲ့ခြင်းလည်း ဖြစ်ပါသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့ပြီးသည့် နောက်ပိုင်း အနောက်နိုင်ငံများတို့က ရုရှားနိုင်ငံအပေါ်၌ sanction (ဒဏ်ခတ်ပိတ်ဆို့မှု) တွေ များစွာ လုပ်ခဲ့ကြပါသည်။ အထူးသဖြင့် နိုင်ငံတကာနှင့် ငွေပေးငွေယူစနစ်ကို အသုံးပြုခွင့် တင်းကြပ်လိုက်ခြင်းက ရုရှားနိုင်ငံ အတွက် များစွာ အခက်တွေ့ သွားစေခဲ့သည်။

ထို့ကြောင့် cross-border payment အတွက် ဒေါ်လာ နှင့် ယူရို အသုံးပြုရန် မလိုသည့် နည်းလမ်းကို ရုရှားအစိုးရက ရှာဖွေနေခဲ့သည်။ စစ်ဖြစ်ခဲ့ပြီးတဲ့နောက် ရုရှားက ၎င်းတို့နှင့် ရင်းနှီးသော ကုန်သွယ်ဘက်နိုင်ငံများတို့ အကြား cross-border payment များကို ရွှေဖြင့် သော်လည်းကောင်း၊ ရူဘယ်လ်ငွေကြေးဖြင့် သော်လည်းကောင်း အသုံးပြုဖြေရှင်းဖို့ လုပ်ခဲ့သည်။

ခရစ်တိုငွေကြေး များကို သုံးခြင်းကတော့ ရွှေတို့ ရူဘယ်လ်တို့လို reserve အနေဖြင့် သီးသန့်ထားရှိစရာ မလိုတော့ဘဲ၊ သယ်ယူပို့ဆောင် စရာလည်း မလိုတော့ပေ။ ငွေအလွှဲအပြောင်း လုပ်ရာ၌လည်း စရိတ်စကသက်သာပြီး အချိန်မြန်ဆန်မှုလည်း ရှိမည် ဖြစ်သောကြောင့် ရုရှားအစိုးရက ယခုအခါ ခရစ်တိုငွေကြေးတွေ သုံးဖို့ရာ လုံးပမ်းလာခြင်းလည်း ဖြစ်ပါသည်။

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ရုရှားပါလီမန်မှ Head of Energy Committee ဝင် တဦးဖြစ်သူ Pavel Zavalny က ရုရှားရဲ့ စွမ်းအင်ပို့ကုန်တွေကို Bitcoin ခရစ်တိုငွေကြေးဖြင့် ငွေပေးချေရန် လက်ခံ ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြောခဲ့ဖူးပါသည်။

NangKhamThiriOo
1. 6. 2022

Category: