Inflation နှင့် Stagflation တို့အကြောင်း

ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ တို့အတွက် ကုန်ကျစရိတ်မြင့်တက်လာသည့် အခြေအနေ၊ ကာလမျိုး၌ ငွေကြေးဖောင်းပွမှုနှုန်းက မြင့်တက်မှုရှိနိုင်တာကို လူအများတို့က သိထားကြပြီးလည်း ဖြစ်ပါသည်။ ထို့ကြောင့် Inflation မြင့်တက်နေသည့် ကာလ၏ လက္ခဏာရပ်များဟာ ကုန်စည်နှင့် ဝန်ဆောင်မှု စရိတ်များမြင့်တက်နေခြင်းဟု သတ်မှတ်ယူဆထားကြတာလည်း ဖြစ်ပါသည်။ ဤသို့ဆိုလျှင် Stagflation ဖြစ်ရပ်ကရော ဘယ်လို လက္ခဏာမျိုး ဖြစ်မည်နည်း?
 
စီးပွားရေး တန့်ရပ်ကျဆင်းခြင်း (Stagflation) ဖြစ်ရပ်ဟာ ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်း (Inflation) ပုံစံနှင့်ကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ 
 
Inflation နှုန်း မြင့်တက်နေသည့် ကာလ၌ ကုန်စည်နှင့် ဝန်ဆောင်မှုစျေးနှုန်းတွေ မြင့်တက်သောကြောင့် စရိတ်စက မြင့်တက်သည့် ကာလမျိုး ဖြစ်ပြီး အလုပ်လက်မဲ့နှုန်းဟာလည်း မြင့်တက်နိုင်
သည့် အနေအထားမျိုး ဖြစ်သည်။ ဗဟ်ိုဘဏ်အတိုးနှုန်းကလည်း မနိမ့်၊မမြင့်နိုင်သည့် ကြားအဆင့်နှုန်း၌ ရှိနေပြီး Capital မားကတ်ထဲ၌ ရင်းနှီးမြှုပ်နှံမှုတွေမှာ အတက်အကျ ရောပြွမ်းနေသည့် ကာလမျိုး ဖြစ်ပါသည်။ 
 
Stagflation ဖြစ်သည့် ကာလမှာတော့ ငွေကြေးဖောင်းပွမှုနှုန်းဟာ အလွန်မြင့်တက်မှု ရှိနေပြီး အလုပ်လက်မဲ့နှုန်းလည်း အလွန်မြင့်တက်နေသည့် အနေအထားမျိုး၌ ရှိကာ စီးပွားရေးသည်လည်း တန့်ရပ် အနေအထားသို့ ရောက်ရှိနေတာမျိုး ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု အက်ဆက်တွေ အကျဘက်ရောက်နေပြီး ကော်ပိုရေးရှင်းကြီးတွေ အမြတ်ဝင်ငွေနည်းပါးခြင်း သို့မဟုတ် အရှုံးပေါ်နေခြင်း စသည့် ဆိုးကျိုးတွေကို စုပြုံကြုံတွေ့နေရသော ကာလလည်း ဖြစ်ပါသည်။ 
 
Inflation ဖြစ်စေနိုင်သည့် အခြေခံ အချက်များ ကတော့ -
     အစိုးရဟာ တိုင်းပြည် GDP တန်ဖိုးထက် ပိုများသော ငွေကြေးရိုက်ထုတ်မှုများ လုပ်သည့် အခါ၌ ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ် စေနိုင်ပါသည်။ ကုန်စည်နှင့် ဝန်ဆောင်မှု စရိတ်တို့ မြင့်တက်ပါက ငွေကြေးဖောင်းပွမှုနှုန်းကို မြင့်တက်စေနိုင်ပါသည်။ အခြေခံလိုအပ်ချက်ဖြစ်သော စွမ်းအင်စျေးတွေ မြင့်တက်ခြင်းကလည်း ငွေကြေးဖောင်းပွမှုနှုန်းကို မြင့်တက်စေနိုင်ပါသည်။ 2022 ခုနှစ် ဖေဖော်ဝါရီလ၌ ရုရှားနိုင်ငံမှ ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲခဲ့ပြီးသည့် နောက်ပိုင်း အနောက်နိုင်ငံများက ရုရှားကို စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ခဲ့ကြသည်။ ရေနံစျေးနှုန်းမြင့်တက်သည့် အကျိုးဆက်ဖြစ်လာစေခဲ့ပြီး အမေရိကန်၊ ဗြိတိန်၊ ဥရောပနိုင်ငံများတို့၌ ငွေကြေးဖောင်းပွမှုနှုန်းတွေ စံချိန်တင် မြင့်တက်မှု ရှိနေပြီး နိုင်ငံအများစုတို့မှာလည်း inflation မြင့်တက်သည့် အနေအထားကို ကြုံတွေ့နေရပါသည်။ 
 
Inflation မြင့်တက်ခြင်းဟာ လူတဦးချင်းစီအပေါ်၌ ဆိုးကျိုးများစွာ သက်ရောက်မှု ရှိနိုင်ပါသည်။  ပင်စင်ယူပြီးသွားသော သက်ကြီးရွယ်အိုများ၊ လစာဝင်ငွေ အကန့်အသတ်ဖြင့်သာ ရှိကြသော ဝန်ထမ်းများ၊ ကာလရှည်ဘွန်းတွေကို ရင်းနှီးမြှုပ်နှံထားသူများ၊ ငွေချေးငှားပေးသူများ၊ ပေါင်နှံလုပ်ငန်းလုပ်ကိုင်ကြသူများ၊ ခရစ်ဒစ်ကဒ် သုံးသူများ စသည့် လူအုပ်စုများအပြင် တဦးချင်းတို့ရဲ့ နေ့စဉ် ငွေသုံးစွဲနိုင်အား ကျဆင်းသွားမည် ဖြစ်သည်။ 
 
Inflation ဖြစ်ရပ်၌ အဓိကအားဖြင့် ပုံစံနှစ်မျိုး ခွဲခြားထားကြသည်။ Demand-Pull နှင့် Cost-push ဟူ၍ ဖြစ်ပါသည်။
 
Demand-Pull inflation - စျေးကွက်ထဲမှာ supply အားက ပုံမှန်အနေအထား၌ ရှိနေစဉ်ကာလတွင် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတို့မှာ  demand အားမြင့်တက်ခြင်းကြောင့် စျေးနှုန်းတွေ မြင့်တက်ခြင်းကို ဖြစ်စေပြီး ၊၎င်းကနေ‎ ငွေကြေးဖောင်းပွမှုနှုန်းကိုလည်း လိုက်ပါမြင့်တက်စေတဲ့ ပုံစံမျိုးကို ရှိစေနိုင်ပါသည်။ 
 
Cost-push inflation - ကုန်စည်ထုတ်လုပ်ရေးပိုင်း၌ ထုတ်လုပ်ရသည့် ကုန်ကျစရိတ်တွေ စျေးကြီးလာပါက ကုန်စည်စျေးနှုန်းများကို မြင့်တက်လာစေနိုင်ပြီး inflation မြင့်တက်အောင် တွန်းတင်သကဲ့သို့သော ဖြစ်စဉ်မျိုးကို ရှိစေနိုင်ပါသည်။  
 
Inflation ဖြစ်ခြင်း၏ ဆိုးကျိုးတွေကတော့ များစွာ ရှိနိုင်ပါသည်။ အဓိက အချက်အနေဖြင့်ကတော့ ကုန်ပစ္စည်းတွေ ဝယ်ယူရာမှာ စျေးကြီးနေသည့်အတွက်ကြောင့် လူအများတို့၏ သုံးစွဲနိုင်အားကို ကျဆင်းစေနိုင်ပါသည်။ ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းရန် ဗဟိုဘဏ်တွေက အတိုးနှုန်းတိုးခြင်းကို လုပ်ဆောင်ကြသောကြောင့် ခရစ်ဒစ်ကဒ် သုံးသည့်အခါ အတိုးနှုန်းများသည့် ဆိုးကျိုး၊ ပေါင်နှံချေးငှားမှုတွေမှာ အတိုးများလာသည့် ဆိုကျိုးတို့ ရှိလာစေနိုင်သည်။ ဘွန်းစာချုပ် (ငွေချေးစာချုပ်) စျေးကျဆင်းသည့် risk မျိုး ရှိလာတတ်သည်။ Inflation မြင့်တက်သည့် ကာလ၌ ကုန်ပစ္စည်းတွေကို စျေးကြီးပေး သုံးစွဲကြရပြီး စျေးတွေ တက်သထက် တက်ကာ inflation ပိုဖြစ်ဖို့ မီးစာထိုးပေးသလို ဆိုးကျိုးတွေ ပို၍ ဖြစ်လာစေနိုင်ပါသည်။ 
 
 
Stagflation ဖြစ်ပေါ်သည့် ကာလ ကတော့ inflation ဖြစ်ပေါ်နေသည့်  တချိန်တည်းမှာပင် စီးပွားရေး တန့်ရပ်မှုလည်း ဖြစ်နေသော ကာလမျိုးဖြစ်သည်။ Stagflation ဖြစ်လျှင် ကုန်စည်နှင့် ဝန်ဆောင်မှု စျေးနှုန်းများမြင့်တက်မည်၊ အတိုးနှုန်းများ မြင့်တက်မည်၊ အလုပ်လက်မဲ့နှုန်းများ လွန်စွာ မြင့်တက်မှု ရှိမည်၊  စီးပွားရေး တိုးတက်မှုနှုန်းဟာ သိသာစွာ နှေးကွေးပြီး ကျဆင်းမှုဘက်သို့ ရောက်နေသည့် အခြေအနေမျိုး ဖြစ်ပေသည်။ 
 
Stagflation ဖြစ်ရပ်ကို ဖြစ်စေနိုင်သော အခြေခံအချက်များကတော့ - inflation မြင့်တက်နေတာကို ထိန်းဖို့ရန် ဗဟိုဘဏ်က ငွေကြေးပေါ်လစီ တင်းကြပ်ရေးကို အရှိန်တိုးမြှင့် လုပ်ဆောင်ပြီး အတိုးနှုန်းခပ်များများနှင့် မြန်မြန် တိုးခြင်းတို့ကြောင့် စီးပွားရေးအကျဘက်သို့ ရောက်စေနိုင်ပြီး Stagflation  ဖြစ်ပေါ်လာစေနိုင်ပါသည်။ 
 
Stagflation ဖြစ်လျှင် လုပ်ငန်းတွေ ဝင်ငွေကျဆင်းပြီး လုပ်သားအင်အား လျှော့ချမှုတွေ ရှိလာနိုင်ကာ အလုပ်လက်မဲ့နှုန်း များစွာ မြင့်တက်လာနိုင်သည်။ လူတဦးချင်း သာမက စီးပွားရေး လုပ်ငန်းကြီးတွေကပါ ကုန်စည်စျေးကြီးသည့် ဒဏ်ကို ခံရပြီး ရောင်းအားကျဆင်းသည့် အန္တရာယ်ကိုလည်း ကြုံရနိုင်ပါသည်။ ကော်ပိုရိတ်ဝင်ငွေ ကျဆင်းသောကြောင့် စတော့စျေးကွက် ကျဆင်းမှုမျိုး တွေကိုလည်း ဖြစ်လာစေနိုင်ပါသည်။ 
 
#NangKhamThiriOo
23. 7. 2022