လူတိုင်းသိထားသင့်သည့် ဗဟိုဘဏ်နှင့် ငွေကြေးပေါ်လစီ 

CBankM

စတော့စျေးကွက်၊ ခရစ်တိုငွေကြေးစျေးကွက်၊ Forex စျေးကွက်၊ ကမ္ဘာ့ရွှေစျေးကွက်တို့မှာ Trading,  Investing လုပ်နေသူတွေ အတွက် အမေရိကန် Fed ဗဟိုဘဏ်ရဲ့ ငွေကြေးပေါ်လစီ နှင့် အတိုးနှုန်း ဆုံးဖြတ်ချက်တို့ကို အခြေခံအားဖြင့် မဖြစ်မနေ နားလည်ထားဖို့ လိုအပ်ပါသည်။

အများစုက အမေရိကန် Fed ဗဟိုဘဏ်ရဲ့ အတိုးနှုန်း အတိုးအလျှော့နှင့်ပတ်သက်ပြီး စျေးကွက်တွင်း သက်ရောက်မှုကိုတော့ အတော်အသင့်နားလည်ထားကြမည်ဟု ယူဆရပါသည်။ သို့သော် ဗဟိုဘဏ်များ၏ Monetary Policy Tools တွေရဲ့ လုပ်ဆောင်ချက်တွေကို လုံးစေ့ပတ်စေ့ နားမလည်သူတွေ ရှိလိမ့်မည်။

စာရေးသူ အရင်နှစ်တွေကပိုစ့်တွေမှာ Fed နှင့် ငွေကြေးပေါ်လစီတွေ အကြောင်း ထည့်ရေးတာမျိုး ရှိပေမယ့် တစုတစည်းတည်း ဖတ်ရအောင် ပြန်လည်ရေးသား ဖော်ပြပါမည်။

ဗဟိုဘဏ်ကြီးတွေမှာ ငွေကြေးပေါ်လစီ အဆုံးအဖြတ်တွေလုပ်ဆောင်ရာ၌ အဓိက ပေါ်လစီ လက်နက် Tools သုံးမျိုး ရှိပါသည်။ အဲဒါတွေကတော့
(1) Policy Rate
(2) Reserve Requirement
(3) Open Market Operations တို့ ဖြစ်သည်။

(1)
Policy Rate အကြောင်းအရင်ကြည့်ကြမည်။ ဘဏ်တွေမှာ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ အရန်ငွေ   (Reserve) မဖြစ်မနေ ထားရှိရပါသည်။ အမေရိကန်မှာတော့ ဘဏ်တွေမှာ Reserve ထားရှိသည့် ပမာဏလျော့ကျသွားရင် Reserve ပိုလျှံမှု ရှိတဲ့ တခြားဘဏ်တွေ ဆီကနေ ချေးယူလို့ရသလို၊ Fed ဗဟိုဘဏ်ဆီကနေလည်း ချေးယူပြီး Reserve ကို သတ်မှတ် Level ရောက်အောင် ပြန်လည်ဖြည့်တင်းပေးရပါသည်။

ဘဏ်တခုမှာ Reserve ပမာဏလျော့သွားလို့ တခြားဘဏ်ကနေ ပိုလျှံနေတဲ့ Reserve ကိုချေးယူရတဲ့အခါမှာ ပေးရတဲ့ တညတာ အတိုးနှုန်းကို "Federal Funds Rate" ဟု ခေါ်ပြီး၊ ဘဏ်တခုဟာ Fed ဗဟိုဘဏ်ကနေ Reserve ချေးယူရတယ်ဆိုရင်တော့ ပေးရတဲ့အတိုးနှုန်းကို "Discount Rate" ဟု ခေါ်ပါသည်။ ဥရောပ ဗဟိုဘဏ် (ECB) မှာတော့ "Refinancing Rate" ဟု သုံးပါသည်။

အဲဒီလို Reserve ငွေတွေကို ချေးယူတဲ့အခါမှာ "Repo -  Repurchase Agreement" လို့ခေါ်တဲ့ ကာလတိုငွေချေးစာချုပ် အမျိုးအစားဖြင့် ချေးယူရတာမျိုးဖြစ်သည်။ ဥပမာ - ဘဏ်တခုက Reserve ချေးယူရန် ဒီကနေ့မှာ Repo ငွေချေးစာချုပ်ကို ထုတ်ရောင်းလိုက်ပြီး နှစ်ပတ်အကြာမှာ ပြန်ဝယ်ပေးပါမည်ဟု ကတိကဝတ် ပါရှိရသည်။ ပြန်ဝယ်ယူပေးတဲ့အခါမှာ ထုတ်ရောင်းထားတုန်းက မျက်နှာစာတန်ဖိုးထက် ပိုမြင့်တဲ့ စျေးဖြင့် ဝယ်ယူပေးရတာလည်း ဖြစ်သည်။

အမေရိကန်မှာဆိုရင်တော့ ဘဏ်တွေရဲ့ Daily Operations တွေ အတွက် ငွေ လိုအပ်ချက်တွေ ဖြည့်တင်းစဉ်၌ Reserve လျော့ကျသွားရင် 1 ရက်တာ Repo ယူလို့လည်း ရသည်။ ဒီကနေ့ Repo ထုတ်ချေးပြီး နောက်တနေ့ အဲဒီ Repo ကို ပြန်ဝယ်ပေးပြီး ပြန်ဆပ်တာမျိုး ဖြစ်သည်။ အဲဒါကို Overnight Repo / Daily Repo ဟု ခေါ်ဆိုကြပါသည်။

ဘဏ်တွေကနေ Repo တွေ ထုတ်ချေးတဲ့အခါ အက်ဆက်တခုခုကို အပေါင်ပြု (Collateral) ထားရပါသည်။ Collateral ထားတဲ့အခါမှာလည်း ဆုံးရှုံးနိုင်ခြေအလွန်နည်းပြီး အာမခံချက်အပြည့်ရှိသည့် US Treasury Bonds, T-Notes, T-Bills တွေ၊ MBS (Mortgage-backed Securities) တွေကို ထားကြရလေ့ရှိပါသည်။

Fed ဗဟိုဘဏ်က Policy Rate ကို လျှော့ချလိုက်ပါက ဘဏ်တွေအတွက် Reserve တွေကို Funding လုပ်ရတဲ့ စရိတ် သက်သာသွားစေတာကြောင့် ဘဏ်တွေဟာ Lending ပိုလုပ်လာနိုင်မယ်၊ ဘဏ်ချေးငွေတိုး/ အပ်ငွေတိုး တွေ လျော့ကျလာစေနိုင်မယ်၊ ကော်ပိုရေးရှင်း တွေကလည်း ချေးငွေတိုးနိမ့်နိမ့်ဖြင့် လုပ်ငန်းတွေချဲ့ထွင်ကြမှု ရှိလာစေနိုင်လို့ တိုင်းပြည်စီးပွားရေးကို Boost လုပ်ပေးရာ ရောက်စေပါသည်။ အကယ်၍ Fed က Policy Rate ကို တိုးမြှင့်လိုက်ပါက အထက်ကနှင့် ပြောင်းပြန်သက်ရောက်မှု အလားအလာ ရှိစေနိုင်ပါသည်။

(2) Reserve Requirement
ဘဏ်တွေမှာ အနည်းဆုံး ထိန်းသိမ်းထားရှိရမည့် Reserve ငွေ ပမာဏဖြစ်ပြီး သတ်မှတ် Level ထက် လျော့ကျသွားလို့မရပေ။ ဘဏ်တွေမှာ Reserve ငွေ ပမာဏဘယ်လောက်ထားရှိရမည်ဆိုတာကိုတော့ ဗဟိုဘဏ်က သတ်မှတ်ပေးရတာမျိုး ဖြစ်ပါသည်။ Reserve Requirement Ratio (RRR) အချိုး သတ်မှတ်ပေးခြင်း အားဖြင့်လည်း ဗဟိုဘဏ်တွေဟာ ငွေကြေးပေါ်လစီ ကို ကိုင်တွယ်ထိန်းကျောင်းနိုင်သည်။

ဥပမာ မကြာသေးခင်နှစ်တွေတုန်းက တရုတ်မှာ Deflation ဖြစ်သည့် ကာလကို ကြုံခဲ့ရစဉ် တရုတ်ဗဟိုဘဏ် PBoC မှ RRR အချိုးကို လျှော့ချပေးခြင်းအားဖြင့် ပြည်တွင်း ဘဏ်တွေ ငွေလည်အောင် လုပ်ဆောင်ပေးခဲ့သည်။ RRR အချိုးလျှော့ချပေးခြင်းဖြင့် ဘဏ်တွေမှာ Reserve ငွေထားရှိရသည့် ပမာဏလျော့သွားစေတာကြောင့် Daily operations တွေမှာ ပိုလျှံငွေထွက်လာစေမည်။ လုပ်ငန်းတွေနှင့် ဘဏ် user တွေအတွက် Lending ပိုလုပ်ပေးလာနိုင်ပြီး စျေးကွက်တွင်းမှာ Money Supply ကို တိုးမြှင့်လာစေနိုင်သည်။ နောက်ဆက်တွဲ သက်ရောက်မှုအနေဖြင့် Consumer Spending ကို ပြန်မြင့်တက်လာစေနိုင်ပြီး Deflation ဖြစ်ရပ်ကို ကုစားနိုင်မည် ဖြစ်သည်။


RRR အချိုးကို မြှင့်လိုက်ရင်တော့ ဘဏ်တွေမှာ Reserve ငွေထားရှိရသည့် ပမာဏတိုးသွားစေတာကြောင့် Lending သိပ်မလုပ်ပေး နိုင်တော့ဘဲ စျေးကွက်တွင်းမှာ Money Supply ကို လျော့ကျသွားစေနိုင်ပါသည်။ RRR အချိုးကို အလွန်အကျွံမြှင့်ထားရင် ကော်ပိုရိတ် Lending တွေ လျော့ကျသွားစေတာကြောင့် စီးပွားရေး ကျုံ့ဝင်ကျဆင်းသည့် ကွင်းဆက်လိုက်မှုမျိုးကို ဖြစ်ပေါ်လာစေနိုင်ပါသည်။

(3) OMO (Open Market Operations)
ဒီလုပ်ငန်းစဉ်မှာတော့ Fed ဗဟိုဘဏ်ဟာ စျေးကွက်ထဲမှာ ထုတ်ရောင်းထားပြီးသား အမေရိကန်အစိုးငွေတိုက်ဘွန်းစာချုပ်တွေကို ပြန်လည်ဝယ်ယူပေးခြင်း / ရောင်းထုတ်ခြင်း စသဖြင့် လုပ်ဆောင်ပြီး ငွေကြေးပေါ်လစီကို ကိုင်တွယ်တာမျိုး ဖြစ်ပါသည်။

အဲဒီအချက်ကို နားလည်လွယ်အောင် ကြားဖြတ်ရှင်းပြလိုပါသည်။

အစိုးရတွေဆိုတာ ကော်ပိုရေးရှင်းတွေလို စီးပွားရေးလုပ်ခြင်းကနေ ဝင်ငွေရတာမျိုး မဟုတ်ဘဲ အခွန်ကောက်ခံရရှိမှုက အဓိက ဝင်ငွေအဖြစ် ရှိပါသည်။ အစိုးရတွေက တိုင်းပြည်အတွင်းမှာ လိုအပ်သည့် Infrastucture တည်ဆောက်ရသည့်အခါ ဘဏ္ဍာငွေကြေး လိုအပ်မှု ရှိလာပါက ငွေချေးစာချုပ် Bond တွေ ထုတ်ရောင်းရပါသည်။ အဲဒီလို ရောင်းချတဲ့အခါ ပြည်တွင်းမှာ ရှိတဲ့ ဘဏ်တွေ၊ ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းကြီးတွေ (Financial Institutions) ၊ ရင်းနှီးမြှုပ်နှံမှု ဘဏ်ကြီးတွေ (Investment Bank) ၊  ကော်ပိုရေးရှင်းတွေ နှင့် Investor တွေက ဝယ်ယူကြပါသည်။

အမေရိကန် အစိုးရရဲ့ ငွေချေးစာချုပ် Treasury တွေမှာဆိုရင် T-Bills,  T-Notes, T-Bonds ဆိုပြီး အုပ်စု သုံးမျိုး ခွဲနိုင်သည်။ 1 နှစ် နှင့် 1 နှစ် သက်တမ်းအောက် ငွေချေးစာချုပ်ဆိုရင် ကာလတိုငွေချေးစာချုပ် T-Bills ၊ 1 နှစ်မှ 10 နှစ်အတွင်း ဆိုရင် ကာလလတ် ငွေချေးစာချုပ် T-Notes၊ 10 နှစ်မှ အနှစ် 30 အထိ ဆိုရင် T-Bonds စသဖြင့် သက်တမ်း (Tenor) သတ်မှတ်ထားရှိပါသည်။ ၎င်း Treasury တွေကို ဝယ်ယူထားပါက အစိုးရရဲ့ ကြွေးရှင် အဖြစ်ရှိမည်။ သက်တမ်းပြည့်သည့်ရက် (Maturity date) ကို ရောက်မှ အစိုးရဆီကနေ ပြန်ဆပ်ငွေရရှိမည် ဖြစ်သည်။

"Fixed Income Securities" တွေအကြောင်း ပြောနေတာ မဟုတ်သည့်အတွက်ကြောင့် အသေးစိတ်မဖော်ပြတော့ဘဲ လိုရင်းဆက်ရသော်..။

ဘဏ်တွေမှာ ၎င်း Treasury တွေ လက်ကိုင်ထားခြင်းဟာ Maturity ရောက်မှ ငွေပြန်ရရှိမည် ဖြစ်သောကြောင့် Maturity မရောက်ခင်ကာလတွေမှာ စီးပွားရေး ကျဆင်းကာလရောက်သွားပါက ကော်ပိုရေးရှင်းတွေ ၊ ဘဏ် user တွေရဲ့ Lending လုပ်မှုတွေများလာမည်၊ ဘဏ်တွေမှာ ငွေအကြပ်အတည်း ဖြစ်လာနိုင်သည်။ ဘဏ်တွေ ငွေလည်အောင် ဗဟိုဘဏ်တွေဟာ ၎င်း ဘွန်းတွေကို ဘဏ်တွေဆီ ပြန်လည်ဝယ်ယူပေးခြင်းအားဖြင့် ဘဏ်တွေလက်ထဲ ငွေပေါ်လာစေမည်။ Money supply ကို တိုးမြှင့်ပေးရာ ရောက်စေပါသည်။

အဲဒီ အချက်ကို တချို့သော စျေးကွက်သုံးသပ်သူတွေက Money Printing လုပ်သည်ဟု ခေါ်ဝေါ်ကြတာမျိုး ဖြစ်သည်။ ဗဟိုဘဏ်တွေက ငွေစက္ကူ ရိုက်ထုတ်ပြီး ဘဏ်တွေကို ရော့အင့်ဆိုပြီး ပေးတာမျိုး မဟုတ်ပေ။ တနည်းအားဖြင့် ဆိုသော် ဗဟိုဘဏ်ရဲ့ Balance Sheet ကို ချိန်ညှိခြင်း လုပ်ဆောင်ပြီး ဘဏ်တွေမှာ ငွေလည်အောင် ဆောင်ရွက်ပေးခြင်းသာ ဖြစ်သည်။ Fed ဗဟိုဘဏ်က ဘွန်းတွေ Repurchase ပြန်လုပ်ပေးရာ၌ Fed ဗဟိုဘဏ် ရဲ့ Balance Sheet ထဲမှာ Assets တန်ဖိုး ရော Liabilities တန်ဖိုးရော မြင့်တက်သွားစေနိုင်သည်။

စီးပွားရေး ပြန်ကောင်းလာချိန်ရောက်သော် ဘဏ်တွေမှာ ငွေပြန်လည်လာပြီ Reserve ငွေတွေလည်း ပိုလျှံလာလောက်ပြီဆိုတဲ့ အနေအထားရောက်မှ ဗဟိုဘဏ်တွေ ဟာ ၎င်းတို့ လက်ကိုင်ထားရှိတဲ့ ဘွန်းတွေကို စျေးကွက်ထဲ ပြန်ထိုးရောင်းတာမျိုး လုပ်ပေးလေ့ရှိပါသည်။ အဲဒါကို Balance Sheet လျှော့ချသည်ဟုလည်း ခေါ်ဆိုကြပါသည်။

အမေရိကန် Fed ဗဟိုဘဏ်ကတော့ ငွေကြေးပေါ်လစီကို ကိုင်တွယ်တဲ့အခါမှာ ကာလလတ်ဘွန်းတွေကို ဝယ်ခြင်း/ရောင်းခြင်းတို့ လုပ်ဆောင်ပေးပါသည်။

2020 ခုနှစ် ကိုဗစ်ကာလစတင်ခဲ့စဉ် မတ်လထဲမှာ Fed ဗဟိုဘဏ်ဟာ Emergency Rate Cut ကို နှစ်ကြိမ်တိုင် လုပ်ဆောင်ခဲ့ပြီးနောက် QE ငွေကြေးပေါ်လစီ ဖြေလျှော့ရေးဘက် ကျင့်သုံးခဲ့သည်။ 2020 ခုနှစ် ဧပြီလ တလတည်းမှာတင် Fed ဗဟိုဘဏ်ဟာ စျေးကွက်ထဲမှ ဘွန်းတွေကို ပြန်လည်ဝယ်ယူပေးခဲ့တဲ့ တန်ဖိုး $1.2 ထရီလီယံ အထိ ရှိခဲ့ပါသည်။

Fed က 2020 ခုနှစ်ကနေ ဘွန်းတွေပြန်ဝယ်ယူပေးခဲ့ရာ 2022 ခုနှစ်မှာတော့ Fed ဗဟိုဘဏ်ရဲ့ Balance Sheet ထဲမှာ စိုက်ထုတ်ငွေတန်ဖိုး $9 ထရီလီယံ နီးပါးအထိ စံချိန်တင် မြင့်တက်သွားခဲ့ပါသည်။ 2020 နှစ်စတုန်းက $4.7 ထရီလီယံသာ ရှိခဲ့ရာကနေ အချိန်တိုအတွင်း၌ နှစ်ဆနီးပါး မြင့်တက်ခဲ့တာလည်း ဖြစ်သည်။

2022 ခုနှစ်နောက်ပိုင်း အမေရိကန်စီးပွားရေး ပြန်နာလန်ထူလာတော့ Fed ဗဟိုဘဏ် ဟာ Fed Funds Rate တွေ ပြန်တိုးမြှင့်ပြီး Balance Sheet ကိုလည်း ပြန်လျှော့ချမှု လုပ်လာခဲ့သည်။ လက်ရှိ 2025 ခုနှစ်မှာတော့ Fed ရဲ့ Balance Sheet တန်ဖိုးက $6.6 ထရီလီယံအထိ ပြန်လျော့ကျလာခဲ့ပြီလည်း ဖြစ်သည်။


သို့သော် 2025 လက်ကျန် ဒီဇင်ဘာလထဲမှာ Fed ဟာ $40 ဘီလီယံဖိုးလောက် စျေးကွက်ထဲက ဘွန်းတွေကို repurchase ပြန်လုပ်ပေးဖို့ ရှိကြောင်းသိရှိရပါသည်။ အဲဒါကို OMO (Open Market Operation) လုပ်ဆောင်ပြီး စျေးကွက်စီးပွားရေး အနေအထားနှင့် ကိုက်ညီအောင် ဘဏ်တွေလက်ထဲ ငွေအကြပ်အတည်းမစိုက်အောင် Fed က Monetary Policy Tools ဖြင့် လိုတိုးပိုလျှော့ ချိန်ညှိပေးရတာမျိုး ဖြစ်ပါသည်။

#NangKhamThiriOo
14. 12. 2025