
MBS (Mortgage-Backed Securities)
အပေါင်ပြုပစ္စည်း ကျောထောက် နောက်ခံထားသည့် ငွေချေးစာချုပ် အမျိုးအစားဖြစ်သည်။ ဥပမာ - အိမ်ယာတွေကို ဘဏ်ချေးငွေဖြင့် ဝယ်ယူကြသည်ဆိုပါစို့။ ဘဏ်တခုဟာ အိမ်ယာ အလုံးရေ 1,000 အတွက် ချေးငွေထုတ်ပေးပြီး အကြွေးဖြင့်ဝယ်ထားကြသည့် အိမ်ယာပိုင်ရှင်တွေဆီကနေ သတ်မှတ်ကာလရောက်မှ ကြွေးပြန်ရမည် ဖြစ်သည်။
ဘဏ်ဆိုသည်မှာလည်း လည်ပတ်ငွေအမြဲ လိုအပ်သည့် အဖွဲ့အစည်းဖြစ်သည်။ ၎င်းအိမ်ယာအလုံး 1,000 ကနေ ရရန်ရှိသည့် အရစ်ကျဝင်ငွေကို အချိန်အကြာကြီး စောင့်ပြီး ငွေအမြှုပ်ခံနေမည့်အစား အဲဒီ အိမ်ယာ တွေကို အပေါင်ပြုကျောထောက်နောက်ခံ ပစ္စည်းအဖြစ်ထားကာ Maturity သက်တမ်း 10 နှစ်ဖြင့် ငွေချေးစာချုပ် ( Mortgage Backed Bond) ထုတ်ရောင်းလိုက်မည်ဆိုလျှင် ငွေမြန်မြန်ပေါ်မည်။
ဘဏ္ဍာရေးစျေးကွက်ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ SPV (Special Purpose Vehicle) ဆိုသည့် အဖွဲ့အစည်းတွေ ရှိကြသည်။ ဘဏ်သည် ဘွန်းတွေထုတ်ရောင်းရာ၌ ကိုယ်တိုင်ထုတ်စရာမလို၊ SPV တွေကို ထိုးအပ်လိုက်လို့ရပါသည်။ ဘဏ်က စိုက်ထုတ်ပေးထားရသည့် အိမ်ယာချေးငွေတွေရဲ့ စာရင်းကို SPV ကို ရောင်းပေးလိုက်ရပါသည်။
ထိုအခါ ဘဏ်ကနေ ပြန်ရရန်ရှိသည့် အိမ်ယာချေးငွေတွေရဲ့ Balance Sheet စာရင်းသည် SPV ရဲ့ လက်ထဲ ရောက်ရှိသွားမည်။ ထိုအခါ ဘဏ်က အိမ်ယာချေးငွေတွေကို အချိန်အကြာကြီး စောင့်ပြီး ကောက်ခံနေစရာမလိုဘဲ SPV ကို ထိုးရောင်းပေးလိုက်ခြင်းအားဖြင့် ငွေမြန်မြန်ပေါ်မည်။ SPV တွေက ၎င်းအိမ်ယာချေးငွေတွေကို နောက်ခံပြုပြီး ဘွန်းတွေ ထုတ်ရောင်းမည်။ ဘွန်းဝယ်ယူသူတွေကနေ ရရှိသည့် ငွေဖြင့် ဘဏ်ကို ပေးချေမည်။ အိမ်ယာချေးငွေတွေ အကုန်ပြန်ရသည့် ကာလရောက်သော် ဘွန်း holder တွေကို Principal ပြန်ပေးမည့် ပုံစံ ဖြစ်ပါသည်။
အိမ်ယာတွေကို ဘဏ်အရစ်ကျချေးငွေ ဝယ်ထားသူတွေဆီကနေ အရစ်ကျ ပြန်ဆပ်ငွေတွေ၊ အတိုးတွေဖြင့် တဖက်က Bond Holder တွေကို Coupon နှင့် Principal ပြန်ပေးတာမျိုး ဖြစ်သည်။
အကယ်၍ အိမ်ယာအရစ်ကျချေးငွေဖြင့် ဝယ်ထားသူတွေက သတ်မှတ်ကာလအတွင်း အိမ်တန်ဖိုးအပြည့်အဝ ပြန်မဆပ်နိုင်တော့ပါက Bond Holder တွေကို Maturity ရောက်တဲ့အခါမှာ Principal ပြန်မပေးနိုင်တော့လျှင် ဘွန်းသည် Default ဖြစ်သွားမည် ဖြစ်သည်။ (သို့မဟုတ်) ၎င်းကြွေးဆုံး အိမ်ယာတွေကို ထုခွဲရောင်းချပြီး Bond holder တွေကို ပေးဖို့အတွက် Claim လုပ်ပိုင်ခွင့်ရှိသည့် Mortgage ဘွန်းအမျိုးအစားတွေလည်း ရှိပါသည်။
Mortgage bond တခု Default ဖြစ်သွားခဲ့ပါက အပေါင်ပြုကျောထောက်နောက်ခံ ထားသည့် အိမ်ယာတွေ (သို့မဟုတ်) အက်ဆက်တွေ ကို အခိုင်အမာ တောင်းယူပိုင်ခွင့်ရှိသည့် အမျိုးအစားကတော့ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ရာ လုံခြုံစိတ်ချရမှုရှိသည့် အဆင့်ဖြစ်သည်။ ၎င်းအမျိုးအစားကို Prime Loan တွေ အဆင့်မြင့်ဘွန်းတွေဟု ခေါ်ဆိုပါသည်။
Default ဖြစ်သွားပါက နောက်ခံ အပေါင်ပြုပစ္စည်းတို့ကို တောင်းယူပိုင်ခွင့် မပါသော (သို့မဟုတ်) အစိတ်အပိုင်း အနည်းငယ်သာ တောင်းယူပိုင်ခွင့် ရှိသည့် ဘွန်း အမျိုးအစားကတော့ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ရာ Risk များသည်။ ၎င်းအမျိုးအစားတွေကို အဆင့်နိမ့်ဘွန်း Subprime Loan (or) Subprime Mortgage တွေ ဟု ခေါ်ဆိုပါသည်။
ABS (Asset-Backed Securities)
MBS တွေနှင့် ပုံစံတူပါသည်။ ABS မှာကြတော့ နောက်ခံ အပေါင်ပြု ပစ္စည်းတွေဟာ အက်ဆက်အမျိုးအစားစုံ ဖြစ်နိုင်သည်။ တချို့က ကားအရစ်ကျချေးငွေတွေ၊ စီးပွားရေးလုပ်ငန်းတွေမှာဆိုရင်ရှိထားသည့် Account Receivable တွေ ၊ မူပိုင်ခွင့်လိုမျိုးတွေ ၊ Franchise လိုင်စင်တွေ စသဖြင့် အက်ဆက်အမျိုးအစားစုံကို ကျောထောက်နောက်ခံပြုပြီး ဘွန်းတွေ ထုတ်ရောင်းလို့ရသည်။ အဲဒီဘွန်းတွေကို ABS တွေဟု ခေါ်ပါသည်။ ABS တွေကိုလည်း အထက်ပါ MBS တွေလိုပဲ SPV တွေကနေ တဆင့်ထုတ်ပြီး Risk ရှိနိုင်မှု အရည်အသွေး အဆင့်အလိုက် ဘွန်း အမျိုးအစား များစွာ ရှိနိုင်သည်။
CDO (Colletralized Debt Obligation)
CDO တွေကတော့ အရည်အသွေးနိမ့်တာရော၊ မြင့်တာရော စသဖြင့် ရောနှောထားသည့် အက်ဆက်အမျိုးအစားစုံကို အစုအပေါင်းတို့ကို ကျောထောက်နောက်ခံထားပြီး ထုတ်သည့် ဘွန်း အမျိုးအစားဖြစ်သည်။ CDO အမျိုးအမျိုး ရှိကြသည်။
ABS တွေအစုအပေါင်းကို Colletral အဖြစ်ထားပြီး ထုတ်သည့် CDO တွေလည်း ရှိသည်။ ကော်ပိုရေးရှင်းကြီးတွေက ထုတ်သည့် Corporate Bond တွေအစုအပေါင်းကို ကျောထောက်နောက်ခံထားသည့် CDO တွေလည်း ရှိသည်။ ဘဏ်ချေးငွေတွေ (Leveraged Bank Loan) ကို ကျောထောက်နောက်ခံထားသည့် CDO တွေလည်း ရှိကြပါသည်။
Credit Default Swap (CDS) တို့လို Credit Derivative Contract တွေကို ကျောထောက်နောက်ခံထားပြီးထုတ်သည့် CDO တွေလည်း ရှိပြီး၊ ၎င်းအမျိုးအစားကိုတော့ Synthetic CDO တွေဟု ခေါ်ပါသည်။
CDO တွေမှာ အရည်အသွေး အဆင့်သတ်မှတ်ချက် 3 မျိုး ခွဲနိုင်သည်။ အမြင့်ဆုံးက Senior Tranches, အလယ်အလတ်က Mezzanine Tranches, နှင့် အဆင့်အနိမ့်ဆုံးက Subodinated Tranches / Equity Tranches ဆိုပြီး ရှိကြပါသည်။
Na, [12/22/2025 1:04 PM]
Senior Tranches ကတော့ Default Risk အနည်းဆုံး ဖြစ်ပြီး အကယ်၍ Default ဖြစ်သွားမည်ဆိုရင်တော့ Par နှင့် Coupon တို့ကို ပြန် Claim လုပ်ပိုင်ခွင့် အခိုင်အမာရှိသည်။ Equity Tranches အမျိုးအစားက Default Risk အမြင့်ဆုံးဖြစ်သည်။
CDS (Credit Default Swap)
CDS ကတော့ အရှေ့က ပြောခဲ့တဲ့ ငွေချေးစာချုပ် အမျိုးအစားမဟုတ်ဘဲ Derivative contract အုပ်စုတွေထဲက Swap အမျိုးအစား ဖြစ်ပါသည်။ CDS တွေကို အလွယ်ကူဆုံး မြင်သာအောင် ဆိုရရင် ကျန်းမာရေး အာမခံ၊ ကားအာမခံ၊ အိမ်အာမခံ စသဖြင့် အာမခံ (Insurance) ဝယ်သည့် ပုံစံနှင့်တူပါသည်။ CDS ကို ဝယ်ယူရာမှာ အာမခံကြေး သွင်းသလိုမျိုး လစဉ် (သို့မဟုတ်) သတ်မှတ်ကာလ တခုစီတိုင်းမှာ Premium ကြေးဆောင်သွားရသည့် ပုံစံမျိုးဖြစ်သည်။
ဥပမာ - Investor တယောက်ဟာ Yield (အကျိုးအမြတ်ထွက်နှုန်း) မြင့်သလို၊ Default Risk လည်း မြင့်သည့် 10 နှစ်သက်တမ်းရှိ ကော်ပိုရိတ်ဘွန်း၌ ဝယ်ယူရင်းနှီးမြှုပ်နှံထားသည်။ အဲဒီ Investor ဟာ Yield နှုန်း မြင့်တာကို မက်ပေမယ့် တဖက်မှာ Maturity ရောက်ချိန်၌ Default ဖြစ်မှာကိုလည်း စိုးရိမ်သည်။
ထိုအခါ CDS ကို ဝယ်ယူထားနိုင်သည်။ CDS ကို နှစ်စဉ် ပရီမီယမ်ကြေး ပေးသွင်းထားပြီး 10 နှစ်ပြည့်သော် မပြောကောင်းမဆိုကောင်း ဘွန်းကိုထုတ်ရောင်းထားသည့် Issuer က Default ဖြစ်သွားပါက CDS ကို ရောင်းထားသည့် Investment Bank မှ ၎င်း Investor ကို တန်ရာတန်ကြေး လျော်ပေးမှာမျိုးဖြစ်သည်။ တနည်းအားဖြင့် ဆိုသော် ဘွန်းအာမခံ ဝယ်ထားသည့် သဘောဖြစ်သည်။
အကယ်၍ Issuer သည် Default မဖြစ်ဘူးဆိုရင်တော့ CDS ကို ထုတ်ရောင်းသူ (Investment Bank) မှ ပရီမီယမ်ကြေး မြတ်သွားမည်။ Bond Holder ကတော့ ပရီမီယမ်ကြေးအနည်းငယ်ကုန်တာလောက်ပဲ ရှိပြီး Default risk မကြုံရတော့ပေ။
2007/ 2008 Financial Crisis မဖြစ်ခင် 2005/ 2006 လောက်ကတည်းက Micheal Burry က အမေရိကန် Mortgage Bond စျေးကွက် crash ဖြစ်တော့မည်ဆိုတာကို ကြိုတင် သုံးသပ်နိုင်ခဲ့သည်။ ၎င်းကာလတုန်းက အမေရိကန်မှာ အိမ်ယာချေးငွေတွေ အလွန်အကျွံ ထုတ်ချေးတာတွေ ရှိခဲ့သောကြောင့် အလုပ်လက်မဲ့ တယောက်တောင်မှ အိမ်ယာတွေကို ဘဏ်ချေးငွေ အကြွေးဖြင့် ဝယ်ယူလို့ ရခဲ့သည်။ ဘားမှာ အလုပ်လုပ်သည့် ဘားမယ်တောင် ချေးငွေဖြင့် ဝယ်ထားသည့် အိမ် 5 လုံးလောက် ပိုင်ထားသည်ဟူ၍ ဇာတ်ကားထဲမှာ ထည့်ရိုက်ရသည် အထိ အိမ်ယာစျေးကွက် ပူဖောင်း ၊ ဖောင်းပွမှု ဖြစ်ခဲ့သည်။
Home owner တွေ အချိန်မီ ကြွေးပြန်မဆပ်နိုင်ပါက ဘဏ်တွေလည်း အကြီးအကျယ် အကြပ်ရိုက်ကုန်မည်၊ Subprime Mortgage Bond တွေ Default ဖြစ်ကုန်မည် ဆိုတာကို Micheal Burry က ကြိုသုံးသပ်နိုင်ခဲ့သည်။
ထို့ကြောင့် Dr.Burry သည် Subprime Mortgage တွေကို Short position ယူချင်ခဲ့သည်။ သို့သော် Mortgage bond တွေကို တိုက်ရိုက် Short ယူလို့မရပေ။ ဒါကြောင့်လည်း Subprime Mortgage တွေကို အာမခံထားသည့် CDS တွေကို ဝယ်ချင်းအားဖြင့် Short ယူသည့်သဘော လုပ်ခဲ့တာလည်း ဖြစ်သည်။
2006 ခုနှစ်အထိ အမေရိကန် Fed ဗဟိုဘဏ် ဥက္ကဋ္ဌ ဖြစ်ခဲ့သူ Alan Greenspan ကတောင် Micheal Burry လိုမျိုး မသုံးသပ်နိုင်ခဲ့ပေ။ Fed နှင့်တကွ ဘဏ်တွေအများစုကလည်း အိမ်ယာအပေါင်ပြု Mortgage စျေးကွက်ကို ခိုင်မာသည်ဟုသာ ယုံကြည်ခဲ့ကြသည်။
Micheal Burry ကတော့ Subprime Mortgage တွေ Default ဖြစ်ကိုဖြစ်မည်ဟု အခိုင်အမာ သုံးသပ်နိုင်ခဲ့သည်။
Subprime Mortgage တွေ Default ဖြစ်ရာကနေ ဘဏ်တွေအကြပ်အတည်းစိုက်ကာ Lehman Brothers ဘဏ်ကြီး ဒေဝါလီခံခဲ့ရသည်။ Lehman Brothers ဘဏ်ကြီး ဒေဝါလီခံခွင့် စာရင်းတင်ခဲ့သည့်အခါမှာ Asset တန်ဖိုး $639 ဘီလီယံတွင် Debt က $619 ဘီလီယံ အထိ ရှိခဲ့တာကို တွေ့ခဲ့ရသည်။ $600 ဘီလီယံကျော် အကြွေးတင်ပြီး အမေရိကန် သမိုင်းမှာ အကြီးမားဆုံး Corporate Bankruptcy ဖြစ်ရပ်ကြီး အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါသည်။
Lehman Brothers ဒေဝါလီခံသည့်နေ့မှာ အမေရိကန် အဓိက စတော့ညွှန်းကိန်း Dow Jones က တရက်တည်းအတွင်း ပွိုင့် 500 ကျော် ထိုးကျခဲ့ပါသည်။ ၎င်းနောက် 2008 အောက်တိုဘာ 15 ရက်နေ့မှာ Dow Jones က တနေ့တာ အကျ -7.8% အထိ စံချိန်တင် ကျဆင်းခဲ့ပြီး 1987 ခုနှစ် Black Monday နောက်ပိုင်း အကျအများဆုံး နေ့ ရက်ဖြစ်ခဲ့ပါသည်။
2007 ခုနှစ်မှ 2009 ခုနှစ်အထိ အမေရိကန်စတော့စျေးကွက်လည်း Bear Market ထဲ ကျရောက်ခဲ့ပြီး Dow Jones စတော့ညွှန်းကိန်းက -53% ကျော် အထိ အကျရှိခဲ့ပါသည်။ တချိန်တည်းသော ကာလမှာ S& P 500 စတော့ညွှန်းကိန်း ကလည်း -57% အထိ ကျဆင်းမှု ရှိခဲ့သည်။
2008 Financial crisis ကာလမှာ ကမ္ဘာအနှံ့ကွင်းဆက်လိုက်မှု ဖြစ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စတော့စျေးကွက်အားလုံးရဲ့ စျေးကွက်အရင်းပြုတန်ဖိုးထဲမှ $10 ထရီလီယံ ကျော် အငွေ့ပျံ ဆုံးရှုံး နစ်နာမှုတွေ ရှိခဲ့ပါသည်။
Na, [12/22/2025 1:04 PM]
အဲဒီလို အခင်းအကျင်းကို Micheal Burry က ကြိုမြင်ခဲ့သည်။ Subprime MBS တွေ Default ဖြစ်တော့မည်ဟု ပြောခဲ့ပေမယ့် အများစုက သူ့ကို ဟားတိုက်ခဲ့ကြသည်။ နောက်ဆုံးမှာတော့ သူ့ကို ဟားတိုက်ခဲ့ကြသူတွေ ဒူးနှင့် မျက်ရည်သုတ်နေရချိန်မှာတော့ Micheal Burry ရဲ့ Scion Hedge Fund ကြီးက သန်း $700 ကျော် မြတ်ပြီး Burry ကိုယ်တိုင်လည်း သန်း $100 မြတ်ခဲ့ပါသည်။
2000 ခုနှစ် နှစ်ကုန်ပိုင်းကနေ 2008 ဇွန်လအထိ ကာလအတွင်းကို ကြည့်မည်ဆိုလျှင် S&P 500 ရဲ့ ပြန်ရနှုန်းက +2% ပဲ ရှိခဲ့ချိန်၌ Micheal Burry ရဲ့ Hedge Fund ကြီးကတော့ ပြန်ရနှုန်း +489% (net of fee) အထိ ရှိခဲ့ပါသည်။ (Hedge Fund တွေမှာ Management fee, Performance fee စသဖြင့်ရှိသည်၊ ၎င်း fee တွေ ဖြတ်ပြီးနောက် Return ကို Net of fee return ဟုခေါ်သည်။)
Micheal Burry ရဲ့ စျေးကွက်ပါးဝမှုက သူကိုယ်တိုင်တင်မက သူ့ရဲ့ Fund မှာ ထည့်ဝင်ရင်းနှီးမြှုပ်နှံထားသည့် Investor တွေကိုပါ ကောင်းကျိုး ခံစားရစေခဲ့သည်။
နိုင်ငံတနိုင်ငံမှာ Financial System ဟာ ဘယ်လောက်အရေးပါကြောင်း၊ Financial System မှာ ယိုပေါက်ရှိနေရင် ပတ်ဝန်းကျင် စီးပွားရေး အားလုံးကို ဂယက်ရိုက်စေနိုင်ကြောင်း 2008 Financial Crisis ဖြစ်ရပ် က လက်တွေ့ ဥပမာ ပေးထားပါသည်။ ဒါတောင် အဲဒီခေတ်တုန်းက ခရစ်တိုငွေကြေးစျေးကွက် မရှိသေးပေ။
Investor တွေ Trader တွေ အနေဖြင့်သာမက စီးပွားရေး လုပ်ငန်းရှင်တွေ၊ ဘဏ်လုပ်ငန်းတွေ ၊ အစိုးရအဖွဲ့တွေကပါ ဘဏ္ဍာရေးစျေးကွက်ကို လေ့လာသည့်အခါမှာ ကွက်တိကွက်ကြားလောက် လေ့လာလို့မလုံလောက်ပေ။ စျေးကွက်ရေးရာ အစုံအလင်ကို လုံးစေ့ပတ်စေ့ လိုက်လံဖြန့်ကျက်သုံးသပ်နိုင်ဖို့ရာ လွန်စွာ အရေးကြီးပါသည်။
#NangKhamThiriOo
21. 12. 2025
Disclaimer: All content on this account is for educational and informational purposes only. Nothing here is investment advice, trading signals, financial recommendations, or promises of profit.
Source; Wikipedia, Investopia