တရုတ်နိုင်ငံက အမေရိကန် ငွေတိုက်စာချုပ်တွေကို ဘာကြောင့် အသည်းအသန် လျှော့ချနေတာလဲ? 

ChinaTreasury

တရုတ်အစိုးရရဲ့ အမေရိကန် ငွေတိုက်ဘွန်း လက်ဝယ်ကိုင်ဆောင်ထားရှိမှု ပမာဏ ရုတ်တရက် လျှော့ချမှုတွေ ရှိလာခဲ့ပါသည်။ ပြီးခဲ့တဲ့ ဧပြီလ ကနေ ကြည့်ရင် လက်ရှိအချိန်အထိ တရုတ်ရဲ့ US Treasury ဘွန်းတွေ လက်ခါမှုတန်ဖိုး စုစုပေါင်း ဒေါ်လာ 40 ဘီလီယံ ဖိုး အထိ ရှိနေပြီလည်း ဖြစ်သည်။
 
လွန်ခဲ့တဲ့ ဆယ်စုနှစ်အကြာ 2013 ခုနှစ်၌ တရုတ်ရဲ့ အမေရိကန် အစိုးရ treasury bond တွေ လက်ဝယ်ကိုင်ဆောင်မှု တန်ဖိုး ဒေါ်လာ 1.3 ထရီလီယံ ကျော်ရှိခဲ့ပြီး ၎င်း ပမာဏဟာ သမိုင်းတလျှောက် အမြင့်ဆုံးပမာဏအဖြစ် လည်း စံချိန်တင်ခဲ့ပါသည်။ 2023 ခုနှစ် နောက်ဆုံးထွက် စာရင်းအရ တရုတ်ရဲ့ အမေရိကန် အစိုးရ treasury တွေ လက်ဝယ်ကိုင်ဆောင်မှု တန်ဖိုး ဒေါ်လာ 821.8 ဘီလီယံ ခန့် သာ ရှိတော့သည်။
 
လက်ရှိမှာ အမေရိကန် Treasury Bond တွေကနေ အကျိုးအမြတ်ထွက်နှုန်း Treasury Yield တွေဟာ 16 နှစ်အတွင်း အမြင့်ဆုံး အဆင့် အသီးသီးမှာ ရှိနေကြသည်။
တရုတ်အစိုးရဟာ ဘာကြောင့် အမေရိကန် Treasury တွေကို ဘာကြောင့် စျေးကွက်ထဲ အသည်းအသန်ထိုးရောင်းနေရသလဲ ဆိုတာ ရည်ရွယ်ချက် အမျိုးမျိုး ရှိနိုင်သော်လည်း အဓိက ဖြစ်နိုင်ခြေ အကြောင်းအချက်တို့ကတော့...
 
- တရုတ်စီးပွားရေးဟာ လက်ရှိမှာ Deflation ဘက်ရောက်နေပြီး အိမ်ခြံမြေလုပ်ငန်းတွေ ပြိုလဲမှု ရှိနေတာတွေကြောင့် အမေရိကန် နဲ့ စီးပွားရေး အင်အားခြင်း ယှဥ်ရာမှာ ကွာဟမှုကြီး ဖြစ်မှာ စိုးရိမ်လာတဲ့ အတွက်ကြောင့် အမေရိကန် စီးပွားရေး အပေါ် Global investor တွေ ယုံကြည်မှု ကျဆင်းအောင်၊ အမေရိကန် စီးပွားရေးအပေါ် ထိခိုက်မှု ဖြစ်စေအောင် US Treasury တွေကို လက်ခါနေခြင်း ဖြစ်သည်။
 
- ဒေါ်လာ အပေါ် မှီခိုအားထားရမှု လောင်းရိပ်အောက်ကနေ လွတ်ကင်းနိုင်အောင် Reserve asset တွေ ထဲကနေ US Treasury တွေနဲ့ ဒေါ်လာ reserve ကိုင်ဆောင် ထားရှိမှုကို လျှော့ချနေခြင်း ဖြစ်သည်။
 
- မကြာသေးခင်နှစ်တွေတုန်းက တရုတ်ဟာ ကိုဗစ်ကပ်ရောဂါ ၊ အိမ်ခြံမြေ စျေးကွက်ပြိုလဲမှုဖြစ်စဥ်တွေနဲ့ ဇီးရိုး ကိုဗစ် ပေါ်လစီတွေ အချိန်ကြာ ကျင့်သုံးခဲ့မှုကြောင့် Capital outflow ဖြစ်မှု များစွာ ရှိခဲ့ပါသည်။ တရုတ်ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားခဲ့တဲ့ Global investor တွေဟာ အခြားသော နိုင်ငံတွေမှာ return များနိုင်တဲ့ အခွင့်အရေးတွေ ရှာဖို့ တရုတ်ပြည်တွင်းကနေ ထွက်ခွာသွားခဲ့ကြသည်။ အကျိုးဆက်အနေနဲ့ တရုတ်ယွမ် ငွေကြေးတန်ဖိုးကို များစွာ ကျဆင်းစေခဲ့သည်။ တရုတ်အစိုးရက ယွမ် တန်ဖိုး ဆိုးဝါးစွာ ကျဆင်းသည့် risk မျိုးကို ကာကွယ်သည့်အနေဖြင့် Exchange rate တည်ငြိမ်အောင်ထိန်းနိုင်ဖို့ လိုအပ်တာကြောင့် US Treasury တွေ ထုတ်ရောင်းရသည့် သဘော ရှိနေသည်။
 
- တရုတ် နှင့်အမေရိကန် နှစ်နိုင်ငံ အကြားမှာ ကုန်သွယ်စစ် ပြင်းထန်နေဆဲ ကာလဖြစ်သောကြောင့် အမေရိကန် ရဲ့ အရပ်ရပ်သော အတိုးနှုန်းတွေ အပေါ် ဖိအားဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် တရုတ်က အမေရိကန် Treasury တွေကို ရောင်းထုတ်လက်ခါ နေခြင်းလည်း ဖြစ်သည်။ အမေရိကန်နိုင်ငံအတွင်း၌ အရပ်ရပ်သော အတိုးနှုန်းတွေ မြင့်တက်လာမည်ဆိုလျှင် အမေရိကန် စီးပွားရေး အဆောက်အအုံကြီး တခုလုံး နှင့် ဘဏ္ဍာရေး စျေးကွက်အပေါ် များစွာ ထိခိုက်မှု ရှိစေနိုင်သည့် အလားအလာကို ဖြစ်ပေါ်စေနိုင်ပါသည်။
 
- ကုန်သွယ်ရေးမှာ ယွမ်ကို ပွဲထုတ်နိုင်ဖို့အတွက် တရုတ်နိုင်ငံရဲ့ Reserve တန်ဖိုး ပိုမိုခိုင်မာတောင့်တင်းစေရန် ရွှေ Reserve ထားရှိမှုကို တစိုက်မတ်မတ် တိုးမြှင့်နေခဲ့သည်။ တရုတ်က အမေရိကန် Treasury တွေ ထုတ်ရောင်းနေသလို တဖက်မှာလည်း ရွှေကို ပြီးခဲ့တဲ့ 11 လဆက်တိုက် အဝယ်တိုးမြှင့်မှု ရှိခဲ့ပါသည်။
တရုတ် က အမေရိကန် Treasury တွေ လက်ခါတာ ကျုပ်တို့နဲ့ ဘာဆိုင်လဲ လို့ အတွန့်တက်စရာ ရှိလာနိုင်သည်။
 
တရုတ်ဟာ အမေရိကန် Treasury တွေ အများဆုံး ကိုင်ဆောင်ထားရှိတဲ့ နိုင်ငံ ဖြစ်တာကြောင့် သူတို့ရဲ့ ရောင်းချမှုဟာ ကမ္ဘာ့နိုင်ငံ အရပ်ရပ်တွေမှာ အရပ်ရပ်သော အတိုးနှုန်းတွေ၊ နိုင်ငံခြားငွေ ဖလှယ်နှုန်းတွေ နှင့် နိုင်ငံအရပ်ရပ်တို့က ဘဏ္ဍာရေးစျေးကွက် တို့အပေါ် ဂယက်ရိုက်မှု အနည်းနဲ့ အများ ရှိစေနိုင်ပါသည်။
 
ကမ္ဘာ့ရွှေစျေးကွက် နှင့် Currency Trading လုပ်နေသူများအတွက်လည်း တိုက်ရိုက်သက်ရောက်မှု ရှိသည်။ လက်ရှိမှာဆိုရင် အမေရိကန် Treasury တွေ အရောင်းရှိမှုတွေကြောင့် Treasury Yield တွေ အလွန်အကျွံ ထိုးတက်မှုကြောင့် ဒေါ်လာညွှန်းကိန်းဟာ တနှစ်တာနီးပါးအတွင်း အမြင့်ဆုံး level 107.35 အထိရောက်ထားသလို ကမ္ဘာ့ရွှေစျေးနှုန်း တအောင်စကို $1815 အထိ ကျဆင်းမှု ဖိအားရှိ ထားပါသည်။
 
5. 10. 2023
Category: