Fed ဗဟိုဘဏ် နှစ်ပတ်လည် အစည်းအဝေး မတိုင်ခင် ဘဏ္ဍာရေးစျေးကွက်တခွင် ဂယက်ရိုက်မှုရှိနေ

Powell
 
     လာမည့် သောကြာနေ့၌ အမေရိကန် Fed ဗဟိုဘဏ်ကြီးရဲ့ Jackson Hole နှစ်ပတ်လည် ညီလာခံ ရှိနေပါသည်။ ပြီးခဲ့တဲ့လ အစည်းအဝေးမှာတုန်းက Fed ဗဟိုဘဏ် အတိုးနှုန်း 75 bps (0.75%) ကို နှစ်ကြိမ်မြောက် စံချိန်တင်တိုးခဲ့ပြီး လာမည့် စက်တင်ဘာလ အစည်းအဝေးမှာလည်း အတိုးနှုန်း 75 bps တိုးနိုင်ခြေ 52.5% အထိ ထင်ကြေးပေးမှု မြင့်တက်နေပါသည်။
 
     Fed ဗဟိုဘဏ်ရဲ့ ငွေကြေးပေါ်လစီ တင်းကြပ်ရေးကို အရှိန်ဆက်လက်တိုးမြင့်နိုင်ခြေ အလားအလာကြောင့် ဒီကနေ့ အမေရိကန် ဝေါစထရိစတော့စျေးကွက် အဖွင့်မှာ Dow Jones စတော့ညွှန်းကိန်းက အကျနှုန်း -1.5% ၊ S&P 500 စတော့ညွှန်းကိန်းက အကျနှုန်း -1.7% နှင့် NASDAQ စတော့ညွှန်းကိန်းက အကျနှုန်းက -2% ကျော် အကျအသီးသီး ရှိထားကြပါသည်။
 
     ဒေါ်လာကိုတော့ အဝယ်လိုက်မှုတွေ မြင့်တက်နေတာကြောင့် ဒေါ်လာညွှန်းကိန်းဟာ 108.71 အထိ အတက်ရှိထားပြီးတော့ နှစ်ပေါင်း 20 အတွင်း စံချိန်တင် အမြင့်ဆုံးအမှတ် 109.13 နားသို့ ချဉ်းကပ်နေသည်ကို တွေ့ရပါသည်။ ယူရို ငွေကြေးတန်ဖိုး တောက်လျှောက် ကျနေပြီး 1 ယူရို = 1 ဒေါ်လာအောက် ပြန်ဆင်းထားကာ 1 ယူရိုကို 0.9958 ဒေါ်လာ အထိ အကျရှိနေပါသည်။ တလအတွင်း 1ယူရို= 1ဒေါ်လာအောက် အထိ ကျဆင်းမှုဟာ 2ကြိမ်အထိ ရှိနေပြီလည်းဖြစ်သည်။
 
     ဒေါ်လာအတက်ကြောင့် ကမ္ဘာ့ရွှေစျေးကတော့ $1727.70 အထိ ဆင်းထားပြီး ၎င်းစျေးဟာ တလအတွင်း အနိမ့်ဆုံးစျေးလည်း ဖြစ်ပါသည်။ ရေနံစျေးကွက်ထဲမှာတော့ WTI နှင့် Brent ရေနံနှစ်မျိုးစလုံးတို့က ဒီကနေ့တနေ့တာ အတွင်း အကျနှုန်း -3% ထက်မနည်း ကျနေပါသည်။
 
     Bitcoin ကတော့ တနေ့တာ -1% အကျဖြင့် $21,250 ဝန်းကျင် စျေးငြိမ်နေပြီး Ethereum ကတော့ -3% အကျရှိထားပါသည်။
 
     စျေးကွက် ကသောင်းကနင်း ဖြစ်မှုကို တိုင်းတာသည့် ညွှန်းကိန်း VIX က +14% တောင် အတက်ရှိထားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ဘဏ္ဍာရေးစျေးကွက်တခွင် အက်ဆက်များတို့ရဲ့ စျေးနှုန်းများ အတက်အကျ ကသောင်းကနင်း ဖြစ်မှု လွန်စွာ မြင့်တက်နေကြောင်း သိသာပါသည်။
 
22. 8. 2022