
အမေရိကန် Fed ဗဟိုဘဏ်ကြီးဟာ ဇူလိုင်လ FOMC အစည်းအဝေး၌ အတိုးနှုန်းကို အခြေခံပွိုင့် 50 မှ 75 (0.50%-0.75%) အထိ တိုးနိုင်ခြေ အလားအလာ 90% အထိ မြင့်တက်နေပါသည်။ အတိုးနှုန်းကို များစွာ တိုးမြှင့်မှုလုပ်နိုင်သည့် လားရာ အနေအထားကြောင့် ဒီကနေ့မှာ ဒေါ်လာညွှန်းကိန်းဟာ 105.88 အထိ ထိုးတက်မှု ရှိခဲ့ပါသည်။ ၎င်း အမြင့်မှတ် ဟာ နှစ်ပေါင်း 20 အတွင်းမှာ အမြင့်ဆုံး အမှတ်အဖြစ် စံချိန်သစ် ထပ်တင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။ ဒေါ်လာအတက်ကြောင့် ကမ္ဘာ့ ရွှေဈေးကတော့ $1800 စျေးတန်းအထိ ကျဆင်းမှု ရှိထားသည်။
ပြီးခဲ့တဲ့ လကတည်းက ဗဟိုဘဏ်တွေ အတိုးနှုန်းတိုးမြှင့်ပြီး၊ငွေကြေးပေါ်လစီတင်းကြပ်မှုတွေ လုပ်ဆောင်ကြသည့် လုပ်ဆောင်ချက်တွေကြောင့် ကမ္ဘာ့ရွှေစျေးနှုန်း အပေါ် အကျဖိအားတွေ ရှိစေခဲ့ပါသည်။ ဗဟိုဘဏ်အတိုးနှုန်း တိုးမြှင့်ထားသည့် ကာလများ၌ ရွှေလို အတိုးထွက်နှုန်း မရှိသည့် Non- yielding asset မျိုးကို ရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်မှု လျော့နည်းစေနိုင်သောကြောင့် ကမ္ဘာ့ ရွှေစျေးနှုန်းဟာ 4 လဆက်တိုက် အကျလားရာမှာ ရှိနေဆဲ ဖြစ်ပါသည်။
ဖေဖော်ဝါရီလကုန်ပိုင်းတုန်းကတော့ ယူကရိန်း - ရုရှားစစ် စတင်ခဲ့သည့်အချိန်မှာ ရွှေက ဒေါ်လာ 2000 စျေးတန်း အထက်ကို တက်ခဲ့သော်လည်း လက်ရှိမှာတော့ 1800 ဝန်းကျင် အနိမ့်စျေးတန်းမှာပဲ တဝဲလည်လည် ရှိနေဆဲ ဖြစ်ပါသည်။
မနေ့ကတော့ အမေရိကန် လွတ်လပ်ရေးနေ့ စျေးကွက် ပိတ်သောကြောင့် ငွေကြေးစျေးကွက် ထဲမှာရော၊ ကမ္ဘာ့ ရွှေစျေးကွက် ထဲမှာရော အရောင်းအဝယ် ခပ်ပါးပါးသာ ရှိခဲ့ရာကနေ ဒီကနေ့မှာတော့ trader တွေ စျေးကွက်ထဲပြန်ဝင်လာကြပြီ ဖြစ်သည်။ ဇူလိုင်လ Fed အတိုးနှုန်း တိုးမြှင့်သည့် အလားအလာပေါ် လောင်းကြေးထပ်ပြီး ဒေါ်လာကို အဝယ်လိုက်မှုတွေ ရုတ်တရက် တိုးများလာခဲ့ကြလို့ ဒေါ်လာညွှန်းကိန်းဟာ တဟုန်ထိုး တက်လာခဲ့ခြင်းလည်း ဖြစ်ပါသည်။
လာမည့် ဗုဒ္ဓဟူးနေ့၌ ပြီးခဲ့တဲ့ လ FOMC အစည်းအဝေး ရဲ့ မှတ်တမ်းထုတ်ပြန်ဖို့ ရှိနေပြီး သောကြာနေ့မှာတော့ အမေရိကန် Non farm payrolls ဒေတာ ထွက်ဖို့ ရှိနေသောကြောင့် ကမ္ဘာ့ ရွှေစျေးကွက်ထဲ အရောင်းအဝယ် လုပ်သူတွေ အတွက် ဒီတပတ်ထဲမှာ အရောင်းအဝယ်တွေကို အထူးသတိထားပြီး လုပ်သင့်ပါကြောင်း စေတနာရှေ့ထား မျှဝေလိုက်ပါသည်။
NangKhamThiriOo
5. 7. 2022