
ဘဏ္ဍာရေးစျေးကွက်နယ်ပယ်၊ နည်းပညာနယ်ပယ်၊ စီးပွားရေးနယ်ပယ် စသဖြင့် နယ်ပယ် အသီးသီးတို့မှာ အောင်မြင်ကျော်ကြားပြီး ဘီလျီနာကြီးတွေ ဖြစ်ကြတဲ့ Ray Dalio ၊ Bill Gate နှင့် Jack Dorsey တို့ဟာ အသက် 15 နှစ် မပြည့်ခင်ကတည်းက စိတ်ပါဝင်စားရာ လုပ်ငန်းတို့ကို စတင် လုပ်ကိုင်ခဲ့သူများ ဖြစ်ကြပါသည်။
သာမန် ဆယ်ကျော်သက် အရွယ်ကလေးတွေဆိုရင် အားလပ်ရက်တွေမှာ ဗွီဒီယိုဂိမ်းကစားတာတွေ စက်ဘီးစီးပြီး လျှောက်လည်တာတွေလုပ်ကြပေမယ့် ၎င်း ဘီလျံနာကြီး သုံးဦးတို့ကတော့ အားလပ်ချိန်မှာ စိတ်ဝင်စားသည့် ပညာရပ်နှင့် လုပ်ငန်းသဘောတရားတွေကို လေ့လာမှုတွေ လုပ်ခဲ့ကြပါသည်။ အောင်မြင်မှုဆိုတာဟာ မတော်တဆ ဖြစ်ပေါ်လာတဲ့ အရာ၊ တိုက်ဆိုင်ပြီး ဖြစ်ပေါ်လာတဲ့ အရာမျိုး မဟုတ်ပေ။ အချိန်များစွာ ကြိုးစား အားထုတ်မှုတွေကြောင့်သာ ရရှိသော အရာ ဖြစ်သည်။
Ray Dalio ဆိုရင် အသက် 12 နှစ် အရွယ်ကတည်းကနေ စတော့စျေးကွက် ရင်းနှီးမြှုပ်နှံမှု ပညာရပ်များကို စတင်လေ့လာမှု ရှိခဲ့ကြောင်း မကြာသေးမီက podcast တခုမှာ ပြောထားပါသည်။ Ray Dalio အသက် 28 နှစ်ရောက်သည့် အခါမှာတော့ Bridgewater အမည်ဖြင့် Hedge fund ကြီးကို တည်ထောင်နိုင်ခဲ့သည်။
စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံမှု လောကမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်နေကြသော ဘီလျံနာကြီးများ အနက် Ray Dalio သည်လည်း ထိပ်တန်းမှာ ရှိနေသည့် Investor ကြီးလည်း ဖြစ်ပါသည်။ 2017 ခုနှစ်မှာ Ray Dalio တယောက် Bridgewater ရဲ့ CEO အဖြစ်မှ အနားယူခဲ့ပြီး လက်ရှိအချိန်မှာ အသက် 72 နှစ် ရှိနေပြီး ဖြစ်ပါသည်။ CEO အဖြစ်မှ အနားမယူခင်မှာ Bridgewater ကို ကမ္ဘာ့တန်ဖိုး အကြီးဆုံး Hedge Fund ကြီး တခုအဖြစ် စွမ်းဆောင်ပေးနိုင်ခဲ့ပါသည်။
Microsoft ရဲ့ ဖခင်ကြီး Bill Gates ကတော့ အသက် 13 နှစ် အရွယ် 8 တန်းကျောင်းသား ဘဝကတည်းက စပြီး ဆော့ဖ်ဝဲလ် ပရိုဂရမ်တွေကို စတင်လေ့လာခဲ့ပါသည်။ အသက် 20 အရွယ်နဲ့တင် Microsoft ကို စျေးကွက် မိတ်ဆက်မှု လုပ်နိုင်ခဲ့သည်။ Bill Gates ဟာ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့ပြီး သူ၏ Microsoft ကုမ္ပဏီကတော့ လက်ရှိအချိန်မှာ စျေးကွက် အရင်းပြုတန်ဖိုး $1.852 ထရီလီယံ အထိ ရှိကာ ကမ္ဘာ့ တတိယ တန်ဖိုးအကြီးဆုံး ကုမ္ပဏီ အဖြစ်လည်း ရှိနေပါသည်။
Twitter CEO ဟောင်းဖြစ်သူ Jack Dorsey ကတော့ သူ၏ ဖခင်ဟာ အင်ဂျင်နီယာ တဦးဖြစ်ပြီး circuit boards တွေ အိမ်သို့ သယ်လာကာ အလုပ်လုပ်လေ့ ရှိသောကြောင့် ငယ်စဉ် ကတည်းက ဖခင်ရဲ့ အလုပ်တွေကြားထဲမှာ ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ Jack ဟာ ငယ်ကတည်းက တက္ကဆီကား ဝန်ဆောင်မှု၊ ဧည့်လမ်းညွှန် ဝန်ဆောင်မှု နှင့် အရေးပေါ်ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများတို့မှာ ရှိတတ်ကြသည့် ပြဿနာအခက်အခဲများကို ဖြေရှင်းပေးနိုင်သည့် နည်းပညာမျိုးကို အလွန်စိတ်ဝင်စားခဲ့သည်။ Jack Dorsey အသက် 30 အရွယ်မှာတင် တွစ်တာရဲ့ co-founder နှင့် CEO ဖြစ်လာခဲ့သည်။ တွစ်တာသည်လည်း ဆိုရှယ်မီဒီယာ လောကမှာ အောင်မြင်မှု ကြီးကြီးမားမား ရရှိထားသော နည်းပညာ ကုမ္ပဏီကြီး အဖြစ် ရှိလာခဲ့ပါသည်။ လက်ရှိမှာတော့ တွစ်တာကနေ အနားယူခဲ့ပြီးနောက် Square ကုမ္ပဏီ ရဲ့ CEO အဖြစ်ရပ်တည်နေပါသည်။
အသက် ငယ်ရွယ်စဉ်အချိန်မှာ ကတည်းက ကျောင်းစာအပြင် အသက်မွေးဝမ်းကျောင်းပညာ၊ စီးပွားရေး ပညာ၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု ပညာ၊ ငွေရေးကြေးရေး ပညာ တို့ကို သင်ယူလေ့လာထားခဲ့ပြီး ကြိုးစားအားထုတ်မှု ရှိခဲ့ပါက လူငယ်၊ လူရွယ် အသက်အရွယ်ပိုင်းမှာတင် စောစီးစွာ အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ကြောင်း အထက်ပါ ဘီလျံနာကြီးများက ရှေ့ဆောင်လမ်းပြအဖြစ် ရှိနေပြီးသားလည်း ဖြစ်ပါသည်။ ငယ်ရွယ်စဉ်မှာ မှတ်သားဉာဏ် ကောင်းသည့် အရွယ်မှာ ဘဝအတွက်အကျိုးရှိစေနိုင်မည့် ပညာရပ်များကို စတင် လေ့လာသင်ယူ သင့်ပါကြောင်း စေတနာရှေ့ထား ရေးသားမျှဝေပေးလိုက်ပါသည်။
NangKhamThiriOo
18. 6. 2022