အမေရိကန် Fed အတိုးနှုန်း နှင့် လက်ရှိဘဏ္ဍာရေးစျေးကွက် ဂယောက်ဂယက်

 

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ထွက်ရှိခဲ့တဲ့ အမေရိကန်ရဲ့ စားသုံးသူ စျေးဆညွှန်းကိန်း (Consumer Price Index) ဒေတာဟာ နှစ်အလိုက် အခြေခံနှုန်းမှာ 8.6% ၌ရှိခဲ့ပြီး နှစ်ပေါင်း 40 ကျော် အတွင်း (1981 ခုနှစ်နောက်ပိုင်း) အမြင့်ဆုံးနှုန်းလည်း ဖြစ်ပါသည်။ စွမ်းအင်နှင့် စားသောက်ကုန် စျေးနှုန်းများကို ထည့်မတွက်သည့် Core CPI ကတော့ 6% ၌ရှိခဲ့ပါသည်။

အမေရိကန် ရဲ့ Inflation နှုန်းဟာ နှစ်ပေါင်း 40 ကျော်အတွင်း အမြင့်ဆုံး အနေအထား၌ ရှိနေတာဖြစ်သောကြောင့် ငွေကြေးဖောင်းပွမှု နှုန်းကို ထိန်းဖို့ ရန် အမေရိကန် Fed ဗဟိုဘဏ် ရဲ့ အတိုးနှုန်းကိုဆက်တိုက် တိုးသွားမယ့် အလားအလာကို ပိုပြီးတော့ မြင့်တက်သွားစေ နိုင်ပါသည်။ Fed ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့ မတ်လထဲမှာ အတိုးနှုန်းကို အခြေခံပွိုင့် 25 ပွိုင့် ဖြင့် တကြိမ် ၊ မေလထဲမှာ အခြေခံပွိုင့် 50 ပွိုင့်ဖြင့် တကြိမ် အတိုးနှုန်း တိုးခဲ့ပြီး ငွေကြေးပေါ်လစီ တင်းကြပ်ရေးပေါ်လစီကို ကျင့်သုံးနေတာလည်း ဖြစ်ပါသည်။

လက်ရှိအချိန်မှာ CME fedwatch tool အရ လာမယ့် ဗုဒ္ဓဟူးနေ့ FOMC အစည်းအဝေးမှာ Fed ဗဟိုဘဏ်က အတိုးနှုန်းကို အခြေခံပွိုင့် 125 ပွိုင့်မှ 150 ပွိုင့် အထိ (1.25% - 1.50%) တိုးနိုင်ခြေ အလားအလာ ရာခိုင်နှုန်း 80.7% အထိ ရှိနေပါသည်။ အတိုးနှုန်းကို အရှိန်တိုးမြှင့်ပြီး တိုးနိုင်ခြေ အလားအလာကြောင့် စျေးကွက်ထဲမှာ Trader တွေဟာ ဒေါ်လာကို အဝယ်တိုးမှုတွေ ရှိနေကြပါသည်။

ဒီကနေ့မှာ ဒေါ်လာညွှန်းကိန်းဟာ 104.95 အထိ တက်ထားပြီး မေလတုန်းကရောက်ခဲ့သည့် နှစ်ပေါင်း 20 အတွင်းအမြင့်ဆုံး Level ဖြစ်တဲ့ 105.05 နားကို ပြန်ချဉ်းကပ် လာနေခြင်းလည်း ဖြစ်ပါသည်။

Fedဗဟိုဘဏ်ရဲ့ အတိုးနှုန်းတိုးခြင်းဟာ စတော့ရှယ်ယာ တို့၊ ခရစ်တိုငွေကြေးတို့လို risk နှုန်းမြင့် ကြသော အက်ဆက်တွေမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ရန် အတွက် စ်ိတ်ဝင်စားမှုနှုန်းကို လျော့ကျ စေနိုင်သည်။ ထို့ကြောင့် စျေးကွက် ထဲမှာ investor တွေဟာ စတော့ရှယ်ယာများနှင့် ခရစ်တိုငွေကြေးများကို လက်ရှောင်ပြီးတော့ ရောင်းထုတ် ငွေဖော်မှုတွေကို လုပ်လာခဲ့ကြပါသည်။

ယခု ညပိုင်း Global စတော့စျေးကွက်မှာ အကျဆိုးဝါးစွာ ရှိနေပြီး အမေရိကန်က အဓိက စတော့ညွှန်းကိန်းကြီးတွေ ဖြစ်ကြတဲ့ Dow Jones က အကျနှုန်း -2.19% ၊ S&P 500 က အကျနှုန်း -3.12% နှင့် NASDAQ က -3.8% စသဖြင့် အကျများစွာ ရှိနေကြသည်။

ခရစ်တိုငွေကြေးစျေးကွက်ဘက်ကို ကြည့်မည်ဆိုရင်လည်း Bitcoin ကတော့ $ 22,570 အထိ ဆင်းထားပြီး Ethereum ကတော့ $1,165 အထိ ဆိုးဝါးစွာ ကျဆင်းမှု ရှိထားပါသည်။ ခရစ်တိုငွေကြေး စျေးကွက် တခွင်မှာ 24 နာရီအတွင်း ငွေဖော်မှု တန်ဖိုး စုစုပေါင်း ဒေါ်လာ 965 သန်း ကျော် အထိ ရှိခဲ့ပါသည်။ ခရစ်တိုငွေကြေးများ အကျရှိနေမှုကြောင့် ခရစ်တိုငွေကြေး စျေးကွက်ကြီး တခုလုံးရဲ့ စျေးကွက်တန်ဖိုးသည်လည်း ဒေါ်လာ 1 ထရီလီယံ အောက်ကို ပြန်ဆင်းပြီး ဒေါ်လာ 959 ဘီလီယံ ကျော် သာ ရှိတော့သည်။ ပြီးခဲ့တဲ့ 2021 ခုနှစ် နိုဝင်ဘာလတုန်းက တော့ ခရစ်တိုငွေကြေးစျေးကွက် အရင်းပြုတန်ဖိုးဟာ သက်တမ်းတလျှောက် အမြင့်ဆုံး တန်ဖိုး ဒေါ်လာ 3.08 ထရီလီယံ အထိ ရောက်ရှိခဲ့ဖူးပါသည်။

ဘွန်းစျေးကွက်ဘက်ကို ကြည့်မည်ဆိုရင်လည်း Fed အတိုးနှုန်း အရှိန်တိုးမြှင့်နိုင်ခြေ အလားအလာကြောင့် အမေရိကန် ငွေတိုက်စာချုပ်တွေကို လက်ခါမှုတွေ ရှိနေပြီး 10 နှစ်သက်တမ်း Treasury Yield ဆိုရင် ဒီနေ့တရက်တည်းအတွင်းမှာ အတက်နှုန်း +4.55% အတက်ရှိထားပါသည်။ 2 နှစ်သက်တမ်း Treasury Yield ကတော့ အတက်နှုန်း +5.68% အထိ ရှိထားပါသည်။

Fed အတိုးနှုန်းတိုးခဲ့ပါက အကျဘက်ကိုသွားဖို့ရန်အားသန်လေ့ရှိတတ်သည့် ကမ္ဘာ့ ရွှေ စျေးနှုန်း သည်လည်း ဒီကနေ့တရက်တည်းအတွင်း အကျနှုန်း -2% ကျော် ရှိထားပြီး $1823 အထိ ထိုးဆင်းခဲ့ပြီးလည်းဖြစ်ပါသည်။

လာမည့် ဗုဒ္ဓဟူးနေ့ FOMC အစည်းအဝေးကို ကမ္ဘာအရပ်ရပ်မှ စျေးကွက်တွင်းပါဝင် ပတ်သက်ကြသူ investor များ၊ trader များတို့က စောင့်ကြည့်အနေအထား ရှိနေကြသလို speculator များကလည်း လောင်းကြေးထပ် အရောင်းအဝယ် လုပ်မှုတွေ ရှိနေကြသောကြောင့် ကျွန်မတို့၊ မိတ်ဆွေတို့ လို retail trader လေးများ အနေဖြင့် စျေးကွက် ထဲ အဝင်အထွက်လုပ်တာတွေ အထူးဂရုစိုက်သင့်ပါကြောင်း သတိထားနိုင်ရန် ရေးသားမျှဝေ ပေးလိုက်ပါသည်။

NangKhamThiriOo
13. 6. 2022